backup og meta

ကလေးလေးတွေ မိခင်ဗိုက်ထဲမှာဘယ်လိုအသက်ရှူလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးလေးတွေ မိခင်ဗိုက်ထဲမှာဘယ်လိုအသက်ရှူလဲ

    ကလေးလေးတွေ မိခင်ဗိုက်ထဲမှာဘယ်လိုအသက်ရှူလဲ ။ ကိုယ်တွေလိုပဲ အဆုတ်တွေနဲ့ အသက်ရှူသလား။ ဘယ်လို အသက်ရှူကြတာလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ကလေးလေးတွေ မိခင်ဗိုက်ထဲမှာဘယ်လိုအသက်ရှူလဲ

    ဘေဘီလေးတွေက မေမေ့ဗိုက်ထဲမှာရှိစဉ်မှာ ပါးစပ်ကရော နှာခေါင်းကနေပါ အသက်မရှူကြပါဘူး။ ပထမဆုံးအကြိမ် အသက်ရှူခြင်းကို မွေးဖွားပြီးမှသာ ပြုလုပ်ကြပါတယ်။ ဗိုက်ထဲမှာ ရှိစဉ်က ကလေးဟာ ရေမြွှာရည် ပတ်လည်ဝိုင်းပြီး ကြီးပြင်းလာခဲ့တာပါ။

    ကျွန်ုပ်တို့ အသက်ရှူနေချိန် ကားလိုက်၊ ပြန်ကျုံ့လိုက် ဖြစ်နေတတ်တဲ့ ကျွန်ုပ်တို့ရဲ့ အဆုတ်လို မဟုတ်ဘဲ ဗိုက်ထဲက သန္ဓေသားလေးရဲ့ အဆုတ်ဟာ ကောင်းစွာ မဖွံ့ဖြိုးသေးဘဲ ရေမြွှာရည်တွေနဲ့ ပြည့်နေပြီး၊ ပြန့်ကားနိုင်ခြင်းလည်း မရှိသေးပါဘူး။ ထိုသန္ဓေသားလေးတွေက အောက်စီဂျင် ရယူခြင်း အပါအဝင် အသက်ရှူခြင်းရဲ့ကောင်းကျိုးတွေကို မိခင် အကူအညီနဲ့ရရှိကြပါတယ်။

    ပုံမှန်အသက်ရှူခြင်းအကြောင်း

    သွေးစီးကြောင်းက ဆက်သွယ်ပေးထားတဲ့ သင့်အဆုတ်နဲ့ သွေးလှည့်အဖွဲ့အစည်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရတွေကို သယ်ပေးပြီး မလိုအပ်တဲ့ အညစ်အကြေးတွေကို စွန့်ပစ်ပေးပါတယ်။ ပုံမှန် ဝင်သက်ထွက်သက်ဟာ အဆုတ်ကတဆင့် အောက်ဆီဂျင်ပါတဲ့ လေတွေကို သွေးကြောနံရံတွေကို ဖြတ်ပြီး သွေးတွေဆီ ရောက်အောင် ပို့ပေးပါတယ်။ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ဖယ်ခြင်း၊ ခန္ဓာကိုယ်သို့ အာဟာရများ ပို့ဆောင်ခြင်းကိုလည်း ထိုကဲ့သို့သော စနစ်ကပဲ လုပ်ဆောင်ပါတယ်။

    ဗိုက်ထဲမှာ ရှိနေစဉ်မှာ သင့်ကလေးရဲ့ သွေးလှည့်အဖွဲ့အစည်းက ဖွံ့ဖြိုးဆဲ ဖြစ်တာကြောင့် ပုံမှန် အဆုတ်က လုပ်ဆောင်တဲ့ အလုပ်တွေကို မိခင်နဲ့ ကလေးကို တွယ်ဆက်ပေးထားတဲ့ အချင်းနဲ့ ချက်ကြိုးကသာ လုပ်ဆောင်ရပါတယ်။

    ကိုယ်စားအသက်ရှူပေးသူ

    ဗိုက်ထဲက ကလေးငယ်လေးတွေဟာ မိခင်နဲ့ အချင်းနဲ့ ချက်ကြိုး ကနေတဆင့် အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် အပေးအယူ အလဲအလှယ် လုပ်ကြတယ်။ ကလေးကို တွယ်ထားတဲ့ချက်ကြိုးဟာ အချင်းနဲ့ တစ်ဆက်တည်း ရှိနေပြီး အချင်းက မိခင်ရဲ့သားအိမ်နံရံကိုတွယ်ကပ်ထားပါတယ်။ တနည်းအားဖြင့် မိခင်ဟာကလေးအတွက်ပါ အသက်ရှူပေးနေတာပေါ့။

    မိခင်ဟာ အောက်စီဂျင်ပါတဲ့ လေတွေကိုရှူသွင်းလိုက်ပြီး ထိုလေတွေက သူတို့သွေးစီးကြောင်းကတဆင့် အချင်းနဲ့ချက်ကြိုးကို ဖြတ်သန်းကာ ကလေးဆီကို ရောက်ပါတယ်။ ထိုနည်းအတိုင်းပဲ ကလေးဆီမှ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက ချက်ကြိုးနဲ့အချင်းကနေတဆင့် မိခင်သွေးလမ်းကြောင်းထဲ ပြန်ရောက်ပြီး မိခင်ကရှူထုတ်လိုက်ပါတယ်။ ကလေးခန္ဓာကိုယ်မှအညစ်အကြေးစွန့်ပစ်ပစ္စည်းများကိုလည်း ထိုနည်းအတိုင်းပဲစွန့်ထုတ်ပါတယ်။

    အသက်ရှူလေ့ကျင့်ခြင်းနဲ့ အသက်ရှူရန် အဆုတ်က လိုသည့် ဆာဖက်တန့်ပစ္စည်း (surfactant)

    မမွေးဖွားသေးတဲ့ ကလေးငယ်တွေဟာ တကယ်အသက်မရှူကြသေးပေမယ့် သင့်ဗိုက်ထဲမှာရှိနေစဉ် အသက်ရှူလေ့ကျင့်ခန်းကိုတော့ ပြုလုပ်ကြပါတယ်။ ကိုယ်ဝန်ကိုးပတ်လောက်ရောက်လာပြီဆိုရင် သန္ဓေသားဟာ အသက်ရှူတာနဲ့ဆင်တူတဲ့ လှုပ်ရှားမှုလေးတွေ လုပ်တတ်လာတယ်။

    ကိုယ်ဝန်ဆောင်ကာလဆုံးခါနီးတဲ့အခါ အသက်ရှူလေ့ကျင့်ခန်းပိုလုပ်လာပြီး ရေမြွှာရည်တွေကို ရှူသွင်း ရှူထုတ်လုပ်တတ်ပါတယ်။ သူတို့ရဲ့ အသက်ရှူတဲ့လေ့ကျင့်မှုတွေက သူတို့မွေးဖွားလာပြီးနောက်မှာ အသက်ကို မြန်မြန်နဲ့မှန်မှန်ရှူတတ်ဖို့ ကူညီပေးပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကြာလာတာနဲ့အမျှ မိခင်ရဲ့ ရေမြွှာရည်ထဲမှာ ကလေးအဆုတ်အတွက် လိုအပ်တဲ့ ဆာဖက်တန့် ပစ္စည်း (surfactant) တစ်မျိုးထွက်လာပြီး ထိုပစ္စည်းဟာ ကလေးရဲ့ အဆုတ်အတွင်းနံရံကိုအုပ်ပေးကာ အဆုတ်ထဲက လေအိတ်လေးတွေပွင့်နေဖို့နဲ့ အဆုတ်မပြားသွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်မျိုး ဖြစ်ပါတယ်။

    ပထမဆုံးအသက်ရှူခြင်း

    ကလေးငယ်တွေဟာ သူတို့မွေးဖွားလာပြီး ပထမဆုံးငိုလိုက်တဲ့အချိန်မှာပဲ ပထမဆုံးအသက်စရှူကြပါတယ်။ တချို့ကလေးက အလိုအလျောက်ငိုသော်လည်း တချို့ကတော့ ဆရာဝန်တွေ သူနာပြုတွေက နည်းနည်းကူညီပေးရတတ်တယ်။ ကလေးတွေဟာ လူ့လောကထဲဝင်ဝင်ချင်းမှာ ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကြောင့် ရုတ်တရတ်ရှိုက်လိုက်ရင်း ငိုကြွေးကာ ထိုအချိန်မှာ အသက်စရှူကြပါတယ်။

    မွေးဖွားပြီးနောက် ချက်ကြိုးဖြတ်လိုက်ပြီးတာနဲ့ မွေးကင်းစကလေးဟာ သူတို့အဆုတ်ကို စတင်အသုံးပြုရပါပြီ။ အဆုတ်ထဲမှ ရေမြွှာရည်တွေ စုပ်ထုတ်လိုက်ပြီး အဆုတ်ကားလာနဲ့တပြိုင်နက် ခုဆို ကလေးငယ်ဟာ ဝင်သက်ထွက်သွက် စတင်ရှူရှိုက်ကြပါပြီ။ အဆုတ်နဲ့ သွေးကြောတွေမှာ သွေးလှည့်လည်မှုတွေကောင်းလာကာ သူတို့ခန္ဓာကိုယ်ကိုအောက်စီဂျင်ပို့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စတင်ဖယ်ထုတ်ကြပါတော့တယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement