brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်ကာလ မှာ ဘာတွေရှောင်ရမလဲ

ကိုယ်ဝန်ဆောင်ကာလ မှာ ဘာတွေရှောင်ရမလဲ

ကိုယ်ဝန်ဆောင်ကာလ မှာ ဘာတွေရှောင်ရမလဲ

ကိုယ်ဝန်ဆောင်တာက အမျိုးသမီးတွေရဲ့ ဘဝတစ်လျှောက်မှာ စွန့်စားရတဲ့ကာလတစ်ခုပါ။ ဒီ ကိုယ်ဝန်ဆောင်ကာလ မှာ အစစအရာရာကို ဂရုစိုက်ရပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ကလေးရော၊ မိခင်ပါကျန်းမာစေဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေရှိနေပါတယ်။ ဒီအချက်တွေက အရမ်းမခက်ခဲသလို အရမ်းကြီးလွယ်လှတယ်တော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် မိခင်ရော ရင်သွေးလေးပါကျန်းမာချင်တယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။

ကိုယ်ဝန်ဆောင်ကာလ မှာ မေမေတွေ သတိထားရမယ့်အချက်လေးတွေက

ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဒါတွေမစားပါနဲ့

သင်ဟာကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ –

  • အသားစိမ်းတွေ
  • ဆာရှီမိတွေ
  • ကမာ၊ ခရုတို့လိုမျိုး အခွံမာရေသတ္တဝါတွေ
  • မကျက်တကျက်ချက်ထားတဲ့အသားတွေ
  • မာကျူရီပါဝင်မှုများနေတဲ့ ပင်လယ်ငါးတွေ
  • ပင်လယ်စာအကင်တွေ
  • ကြက်ဥ၊ ဘဲဥ၊ ငုံးဥ အစိမ်းတွေ
  • ပိုးသတ်သန့်စင်ထားတာမျိုးမရှိတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ
  • သေချာဆေးကြော မထားတဲ့ တို့စရာတွေ

ကိုယ်ဝန်ဆောင်ကာလ မှာ ဘာတွေရှောင်ရမလဲ

ဆေးမသုတ်ပါနဲ့

ကိုယ်ဝန်ဆောင်မေမေအနေနဲ့ မွေးလာမယ့်ရင်သွေးလေးအတွက် အကုန်လုံးကို ကိုယ့်လက်နဲ့ပဲ လုပ်ပေးချင်တာသိပေမယ့် အိမ်သုတ်ဆေးတွေက ဗိုက်ထဲက ကလေးလေးကို ထိခိုက်စေနိုင်တာကြောင့် အိမ်သုတ်ဆေးတွေနဲ့ ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့။

ဆေးတွေ မသောက်ပါနဲ့

အချို့သောဆေးတွေက ကြီးထွားနေတဲ့ သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်မယ်ဆိုရင် တတ်သိနားလည်တဲ့သူတွေနဲ့ သေချာတိုင်ပင်ပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေကို မသောက်ပါနဲ့။

ဖိနပ်မြင့်မြင့်တွေ မစီးပါနဲ့

ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဖိနပ်မြင့်မြင့်တွေက မသင့်တော်ပါဘူး။ မတော်တဆချော်လဲနိုင်ခြေပိုစေနိုင်တာကြောင့် ဒေါက်မြင့်ဖိနပ်လေးတွေ ကြိုက်တယ်ဆိုရင်တောင်မှာ ကိုယ်ဝန်ဆောင်ချိန်မှာ မစီးပါနဲ့။ ဖိနပ်ပါးပါးပဲ သက်သောင့်သက်သာစီးပေးပါ။

ကိုယ်ဝန်ဆောင်ကာလ မှာ ဘာတွေရှောင်ရမလဲ

အမှိုက်မသွန်ပါနဲ့

အမှိုက်ပုံးထဲမှာ စွန့်ပစ်ပစ္စည်းတွေက အမျိုးမျိုးပါဝင်နေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ အမှိုက်ပုံးသွန်တာ၊ အမှိုက်တွေသိမ်းတာမျိုးမလုပ်ပါနဲ့။ အထူးသဖြင့် ကြောင်ချေးကို သန့်ရှင်းရေးလုပ်တာပါ။ သူများကိုပဲ လုပ်ခိုင်းသင့်ပါတယ်။ ကူမယ့်သူ မရှိရင်တော့ လက်အိတ်ဝတ်ပြီးမှ ကိုင်ပါ။ ပြီးရင် လက်သေချာပြန်ဆေးပါ။

တဆင့်ခံဆေးလိပ်ငွေ့ ရှောင်ပါ

ဆေးလိပ်သောက်တာကရော တဆင့်ခံဆေးလိပ်ငွေ့ကပါ ကလေးကို ထိခိုက်စေနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့မှာဆိုရင် ဓာတုပစ္စည်းပေါင်း ၄၀၀၀ကျော်ပါဝင်နေပြီး ဒီပစ္စည်းတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တာကြောင့် မေမေတို့အနေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ဖို့လိုပါမယ်။ တဆင့်ခံဆေးလိပ်ငွေ့ကြောင့် ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားတာ၊ ကလေးရဲ့ သင်ယူမှုပိုင်းမှာ အားနည်းချက်ရှိတာ၊ မွေးကင်းစအရွယ်မှာ ရုတ်တရက်သေဆုံးတာမျိုးတွေဖြစ်နိုင်ပါတယ်။

အရက်မသောက်ပါနဲ့

ကိုယ်ဝန်ဆောင်နေချိန်မှာ ဝိုင်၊ ဘီယာအပါအဝင် အယ်လ်ကိုဟောပါဝင်နေတဲ့ သောက်စရာတွေကို မသောက်ပါနဲ့။ အယ်လ်ကိုဟောက သွေးကြောတွေကနေ အလျင်အမြန်စီးဆင်းသွားပြီး ချက်ကြိုးကနေတဆင့် သန္ဓေသားဆီရောက်ရှိသွားနိုင်ပါတယ်။ အယ်လ်ကိုက သန္ဓေသားရဲ့ ဦးနှောက်နဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

အကြာကြီးမထိုင်ပါနဲ့၊ အကြာကြီးမတ်တတ်မရပ်ပါနဲ့

ကိုယ်ဝန်ဆောင်နေချိန်မှာ အကြာကြီးထိုင်နေတာ၊ အကြာကြီးရပ်နေတာနဲ့ ကိုယ်ဟန်အနေအထားတစ်ခုမှာ အကြာကြီးနေနေတာမျိုးရှောင်ပါ။ ဒီလိုလုပ်တာက ခြေချင်းဝတ်တွေ ရောင်ရမ်းတာနဲ့ သွေးပြန်ကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ မထိတွေ့ပါနဲ့

အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေက ဓာတုပစ္စည်းတွေပါဝင်နေတာကြောင် ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ရှိနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ ကြွေချေးချွတ်ဆေး၊ ရေအိမ်သန့်စင်ဆေးရည်နဲ့ အခြားသော ဓာတုပစ္စည်းတွေပါဝင်နေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ မထိတွေ့ပါနဲ့။

အပျော်တမ်းစီးစရာယာဉ်တွေမစီးပါနဲ့

ကိုယ်ဝန်ဆောင်နေရချိန်မှာ ရိုလာကိုစတာလိုမျိုး အပျော်တမ်းစီးစရာယာဉ်တွေမစီးပါနဲ့။ ပြင်းထန်တဲ့ လှုပ်ရှားမှုကြောင့် မိခင်ရော ကလေးပါ ထိခိုက်နိုင်တာကြောင့်ပါ။

အလေးအပင်တွေ မမပါနဲ့

ကိုယ်ဝန်ဆောင်နေချိန်မျာ အလေးအပင်မတာက ကြွက်သားတွေကို ဆွဲဆန့်လိုက်သလို ဖြစ်တာကြောင့် ခါးနာတတ်ပါတယ်။ ဒါ့ပြင် တချို့ ကိုယ်ဝန်ဆောင်တွေမှာ အူကျွံတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားတာနဲ့ လမစေ့ဘဲကလေးမွေးဖွားတာမျိုးတွေ ဖြစ်နိုင်ခြေ များစေပါတယ်။ 

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/02/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။