backup og meta

မေမေ့ဗိုက်ထဲက ဘေဘီလေး အကောင်းဆုံးဖွံ့ဖြိုးစေဖို့


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေ့ဗိုက်ထဲက ဘေဘီလေး အကောင်းဆုံးဖွံ့ဖြိုးစေဖို့

    ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေရဲ့ အစားတစ်လုတ်တိုင်းက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် အများကြီးသက်ရောက်နေပါတယ်။ ဘေဘီလေးကို ပေါင်ချိန်ပြည့်မီစွာနဲ့ကျန်းမာစွာဖွံ့ဖြိုးစေချင်တယ်ဆိုရင်တော့ မေမေတို့အနေနဲ့ အခုပြောပြမယ့် အာဟာရလေးတွေကို စုံစုံလင်လင်စားသုံးပေးဖို့လိုပါမယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပြည့်ဝနေသင့်တဲ့ဓာတ်တွေက ဘာတွေများလဲ….

    ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ဒီအာဟာရဓာတ်တွေပြည့်ဝဖို့လိုပါမယ်။

    • ကယ်လ်ဆီယမ် – ဘေဘီလေးရဲ့ အရိုးနဲ့သွားတွေ ကြံ့ခိုင်သန်မာစေဖို့ပါ။
    • ဖောလစ်အက်ဆစ် – ကိုယ်ဝန်ဆောင်ကာလမှာ လိုအပ်တဲ့ သွေးပမာဏပြည့်မီစေဖို့နဲ့ ဘေဘီလေးရဲ့ဦးနှောက်နဲ့အာရုံကြောစနစ်ဖွံ့ဖြိုးစေဖို့ပါ။
    • သံဓာတ် – သွေးအားနည်းခြင်းကင်းပြီး ကိုယ်ခံအားကောင်းစေဖို့ပါ။
    • ဗီတာမင် A – ဘေဘီလေးမှာ မွေးရာပါချို့ယွင်းမှုကင်းစေဖို့ပါ။
    • ဗီတာမင် D – ဘေဘီလေးရဲ့ သွားနဲ့အရိုးတွေသန်မာဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို အကောင်းဆုံးစုပ်ယူနိုင်စေဖို့ပါ။
    • DHA – ဘေဘီလေးရဲ့ ဦးနှောက် နဲ့ အမြင်အာရုံဖွံ့ဖြိုးစေဖို့ပါ။
    • ပရိုတင်း( အသားဓာတ်) – ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ။

    ဗိုက်ထဲက ဘေဘီလေးကြီးထွားဖွံ့ဖြိုးစေဖို့ မေမေတို့ဘာတွေစားကြမလဲ………..

    ဗိုက်ထဲက ဘေဘီလေးကြီးထွားဖွံ့ဖြိုးစေဖို့ ဘေဘီလေးကသူ့အာဟာရအတွက် လုံးဝမှီခိုထားတဲ့ မေမေက ဒါတွေကိုစားပေးဖို့လိုပါမယ်။

    ကန်စွန်းဥ

    ကန်စွန်းဥမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C၊ ဗီတာမင် B6၊ သံဓါတ်၊ ကော့ပါး နဲ့ ဘီတာကယ်လ်ရိုတင်းတို့ပါဝင်နေပါတယ်။ ဒါ့အပြင် ဘေဘီလေးရဲ့ အရေပြား၊ အရိုး နဲ့ မျက်လုံးဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေပါတယ်။ ကန်စွန်းဥက ကိုယ်တွင်း သံဓာတ်ပမာဏကိုလည်း တိုးစေနိုင်ပါတယ်။

    ပဲနီလေး

    ပဲနီလေးမှာ သံဓာတ် နဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေသလို အမျှင်ဓာတ်၊ ဖောလိတ် နဲ့ ကယ်လ်ဆီယမ်တို့လည်းကြွယ်ဝစွာပါဝင်နေပြီး ဇင့်ဓာတ်လည်းပါဝင်နေမှုကြောင့် ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။

    လိမ္မော်ရည်

    ဗီတာမင် C၊ ဖောလိတ်၊ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေမှုက မေမေ့ကိုကျန်းမာစေနိုင်သလို ဘေဘီလေးမှာလည်း မွေးရာပါချို့ယွင်းချက်ပါမလာအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    ဒိန်ချဉ်

    ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် B၊ ဇင့် နဲ့ အခြားသော အရိုးသန်မာစေတဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မျာ လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏကို အကောင်းဆုံးဖြည့်ပေးနိုင်ပြီး လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

    ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်တို့မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေပါဝင်နေပါတယ်။ မေမေကျန်းမာစေဖို့ရော ဘေဘီလေး ကောင်းမွန်စွာဖွံ့ဖြိုးစေဖို့ပါအကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ကယ်လ်ဆီယမ်၊ ဗီတာမင် A၊ ပိုတက်ဆီယမ်၊ ဖောလိတ် နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။

    ဆယ်လ်မွန်ငါး

    Omega-3 fatty acids နဲ့ ပရိုတင်း (အသားဓါတ်) ကြွယ်ဝစွာပါဝင်နေတဲ့ စားစရာတစ်ခုပါ။ ဘေဘီလေးကြီးထွားစေဖို့ အကောင်းဆုံးထောက်ပံ့ပေးသလို ဘေဘီလေးရဲ့ ဦးနှောက် နဲ့ အမြင်အာရုံဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ မာကျူရီပါဝင်မှုကိုတော့ သတိပြုဖို့လိုပါမယ်။

    ဥအမျိုးမျိုး

    ပရိုတင်း (အသားဓာတ်)၊ ဗီတာမင် A၊ ဗီတာမင် D တို့လိုမျိုး ဘေဘီလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ဖောလစ်အက်ဆစ်နဲ့သံဓာတ်ပါဝင်နေတာကြောင့် ရေမြွှာအိတ်အမြှေးပါးကိုသန်မာစေပြီး ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပေါင်မပြည့်ဘဲမွေးဖွားတာမျိုးမဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးပါတယ်။

    နို့

    ဗိုက်ထဲက ဘေဘီလေးရဲ့ ကိုယ်အလေးချိန်ကိုတိုးစေနိုင်ပါတယ်။ ပရိုတင်းနဲ့ကယ်လ်ဆီယမ်ကြွယ်ဝမှုက ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေသလို သွားနဲ့အရိုးတွေကို သန်မာဖွံ့ဖြိုးစေမှာပါ။

    ကြက်သား

    ပရိုတင်း (အသားဓာတ်) ပါဝင်မှုကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေနဲ့ကြွက်သားတွေကို ဖွံ့ဖြိုးစေပါတယ်။ ဘေဘီလေးကြီးထွားဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝစွာပါဝင်နေမှုကလည်း မေမေရောဘေဘီလေးကိုပါ သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
    မွေးလာမယ့် ဘေဘီလေးပေါင်ပြည့် ကျန်းမာစေဖို့ မေမေတို့အနေနဲ့ အခုပြောခဲ့တာလေးတွေကို သတိထားစားသုံးပေးဖို့ တိုက်တွန်းလိုက်ပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement