brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း

ကိုယ်ဝန်ဆောင်ချိန် အထူးသဖြင့် ကိုယ်ဝန် နောက်ဆုံး ၃ လပတ်မှာ ကိုယ်ဝန်ဆောင် အများစုဟာ တင်ပါးဆုံ နာကျင်မှုကို ခံစားရတတ်ကြပါတယ်။ ဒီလို ခံစားရတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန် လရင့်လာလို့ ဖြစ်နိုင်သလို ရောဂါ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း အကြောင်းကို ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း

ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း

ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို လေ့လာလိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်စဉ် ဘယ်အရာ တင်ပါးဆုံကို နာကျင်စေရသလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ထဲက ကလေး နေရတာ သက်သောင့်သက်သာဖြစ်ဖို့ တင်ပါးဆုံထဲက ကြွက်သားတွေ၊ အရွတ်တွေက ပြန့်ကားလာရပါတယ်။ ဒီလို ပြန့်ကားစေဖို့ အတွက်လည်း သဘာဝတရားက ဟော်မုန်း အပြောင်းအလဲတွေ လုပ်ပြီး ထိန်းညှိပေးပါတယ်။

ဒါကြောင့် တင်ပါးဆုံကွင်းထဲမှာရှိတဲ့ အဆစ်နဲ့ အရွတ်တွေ စတင် ပြေလျော့လာပြီး ပြောင်းလွယ်ပြင်လွယ် ဖြစ်လာပါတယ်။ ဒီလိုနဲ့ ကျောအောက်ပိုင်း နာကျင်တာ၊ ကိုယ်နေကိုယ်ထား ပြောင်းလဲလာတာ၊ သားအိမ် ပိုမို လေးလံလာတာတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် သားဦးကိုယ်ဝန်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ပထမဆုံး အနေနဲ့ တင်ပဆုံကွင်းက ကြွက်သားနဲ့ အရွတ်တွေ ပြန့်ကား ပျော့ပျောင်းလာလို့ပါ။

ဒီလိုမျိုး တင်ပဆုံ ကြွက်သားတွေ ပျော့ပျောင်းလာတာကြောင့်ရော၊ ကလေးက မွေးလမ်းကြောင်းထဲကို ဆင်းလာတာကြောင့်ရော ကလေးရဲ့ ဝိတ်က တင်ခံ အာရုံကြောကို သွားဖိမိပြီး တင်ပခွက်ကနေ ခြေထောက် တောက်လျှောက် နာတာ၊ ကျင်တာတွေ ခံစားရတတ်ပါတယ်။

ဒါက ပုံမှန်ပဲ ဖြစ်ပြီး ကလေးမွေးပြီးသွားရင် ပြန်ကောင်းသွားပါတယ်။

ပုံမှန် မဟုတ်တဲ့ တခြား အကြောင်းရင်းတွေ ဖြစ်တဲ့

  • သားအိမ် ကျုံ့ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
  • သားအိမ် အသားလုံးတည်ခြင်း
  • အူအတက် ရောင်ခြင်းစတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

အခြားလက္ခဏာများ

တင်ပဆုံပိုင်း နာကျင်မှုတွေက ရုတ်တရက် ကိုယ်နေဟန်ထား ပြောင်းတဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ လှေကား အတက်အဆင်း လုပ်တဲ့အခါ ပိုသိသာပါတယ်။ တင်ခံအာရုံကိုပါ ဖိမိမယ်ဆိုရင် ခြေထောက် တောက်လျှောက် နာတာ၊ ကျင်တာ၊ လေးတာတွေ ခံစားရမှာပါ။ ကလေးက အောက်ကို တိုးလာတာကြောင့်လည်း မိန်းမကိုယ်ဝ နဲ့ ဆီးစပ်မှာ ခပ်လေးလေး ခံစားရမှာပါ။

ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း သက်သာအောင် ဘယ်လို လုပ်မလဲ။

တင်ပါးဆုံ နာကျင်တာ သက်သာစေဖို့

  • အပေါ့စား လေ့ကျင့်ခန်းတွေ၊ အကြောလျှော့တာတွေ လုပ်ပေးပါ။
  • ကိုက်တဲ့နေရာကို အသာအယာ နှိပ်ပေးပါ။
  • ရေနွေးအိတ်လေး ကပ်ပေးပါ။
  • ရေခပ်နွေးနွေးနဲ့ ရေချိုးပါ။
  • အိပ်တဲ့အခါ ဒူးကွေးပြီး ဘေးစောင်းအိပ်ပါ။ ခြေထောက်ကြားမှာ ဖက်လုံး ဒါမှမဟုတ် စောင်ခေါက်လေး ခံထားပါ။
  • ဝမ်းဗိုက်အောက်ပိုင်းကို ပင့်ထားပေးတဲ့ ခါးပတ်တွေလည်း ပတ်နိုင်ပါတယ်။
  • အလေးအပင် မတာ၊ ခပ်မြန်မြန် လှုပ်ရှားတာ၊ လှေကား အတက်အဆင်းများတာ၊ ဆောင့်ကြောင့်ထိုင်တာတွေ ရှောင်ပါ။
  • ဖိနပ်အပါးပဲ စီးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ။

  • တင်ပါးဆုံ နာကျင်တာက ပိုပြီး ပြင်းထန်လာတာ
  • ဝမ်းဗိုက် အောက်ပိုင်းမှာ ကြွက်တက်သလို နာကျင်တာ
  • သားအိမ် ခဏခဏ ကျုံ့တာ
  • မိန်းမကိုယ်ကနေ ပုံမှန် မဟုတ်တဲ့ အဖြူတွေ ဆင်းတယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/01/2023 ဖြစ်ပါသည်။