backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Fetal Macrosomia (ကြီးမားသောသန္ဓေသား)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Fetal Macrosomia (ကြီးမားသောသန္ဓေသား) ကဘာလဲ။

ကြီးမားသောသန္ဓေသားကို “fetal macrosomia” လို့လည်းခေါ်ပြီး ပုံမှန်ထက် သိသိသာသာ ကြီးလွန်းနေသောကလေးကို ဆိုလိုပါသည်။

ကြီးမားသောသန္ဓေသားဆိုသည်မှာ ကိုယ်ဝန်သက်ကိုထည့်မတွက်ပဲ ၈ ပေါင် ၁၃ အောင်စ (၄၀၀၀ ဂရမ်) နှင့်အထက်ကလေးကို ဆိုလိုပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာရ မွေးဖွားနေသော ကလေးအားလုံး၏ ၉ % သည် ၈ ပေါင် ၁၃ အောင်စထက် ပိုနေသော ကလေးများ ဖြစ်သည်။

သို့သော် ကြီးမားသောသန္ဓေသားနှင့် ဆက်စပ်နေသည့် အန္တရာယ်များမှာ ၉ ပေါင် ၁၅ အောင်စ အထက် (၄၅၀၀ ဂရမ်) ကျော်လေလေ ပိုများလေလေပင်။

ကြီးမားသောသန္ဓေသားမှာ မိန်းမကိုယ်မှမီးဖွားခြင်းကို ပြဿနာများစေနိုင်ပြီး မွေးဖွားစဉ်ကလေးဒဏ်ရာရခြင်း ဖြစ်စေနိုင်ပါသည်။ မွေးပြီးနောက်လည်း ကလေးတွင် ကျန်းမာရေးပြဿနာများ များစွာဖြစ်လာနိုင်သည့် အန္တရာယ်မျိုး ရှိနိုင်ပါသည်။

Fetal Macrosomia (ကြီးမားသောသန္ဓေသား) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Fetal Macrosomia (ကြီးမားသောသန္ဓေသား) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကြီးမားသောသန္ဓေသား ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • သားအိမ်ခုံးအမြင့်ကြီးခြင်း – ဗိုက်ပြသွားချိန်များတွင် စောင့်ရှောက်မှုပေးသူသည် သားအိမ်ထိပ်မှ ဆီးခုံရိုးထိ (သားအိမ်ခုံးအမြင့်) ကို တိုင်းတာပါလိမ်မည်။ မျှော်လင့်ထားသည့်ထက် ပိုနေသောသားအိမ်ခုံးအမြင့်မှာ ကြီးမားသောသန္ဓေသား၏ လက္ခဏာဖြစ်နိုင်ပါသည်။
  • ရေမွှာရေအလွန်များခြင်း (polyhydramnios) သားအိမ်ထဲတွင် ကလေးကို အကာအကွယ်ပေးနေသည့် ရေမွှာအရည်များ အလွန်များပြားနေခြင်းသည် သာမန်ထက်ကြီးသောသန္ဓေသား၏ လက္ခဏာဖြစ်ပါသည်။

ရေမွှာရေပမာဏမှာ ကလေးမှထွက်သောဆီးနှင်း တိုက်ရိုက်အချိုးကျ၏။ ကလေးကြီးလေလေ ဆီးများလေလေဖြစ်သည်။ ကလေးအရွယ်ကို ကြီးမားစေသော တစ်ချို့အခြေအနေများက ဆီးကိုလည်း များစေတတ်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

အကြောင်းရင်းများ

Fetal Macrosomia (ကြီးမားသောသန္ဓေသား) ကိုဘာတွေကဖြစ်စေသလဲ

ကြီးမားသောသန္ဓေသားမှာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို အဝလွန်ခြင်း သို့မဟုတ် ဆီးချိုကဲ့သို့ မိခင်၏အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါသည်။ ရှားပါးစွာဖြင့် ကလေးတွင် အကြီးမြန်နေသည့် အခြေအနေတစ်ခု ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးသည်။ တစ်ချို့ဖြစ်ရပ်များတွင် ကလေးကြီးနေခြင်းကို ရှင်းမပြနိုင်တာမျိုးလဲ ရှိပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Fetal Macrosomia (ကြီးမားသောသန္ဓေသား) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကြီးမားသောသန္ဓေသား ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • မိခင်တွင်ဆီးချိုရှိခြင်း – ကိုယ်ဝန်မဆောင်ခင် သင့်၌ဆီးချိုရှိနေခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်လာခြင်းက ကြီးမားသောသန္ဓေသားကိုဖြစ်စေနိုင်ပါသည်။ ဆီးချိုကို ကောင်းကောင်းမထိန်းနိုင်ပါက ကလေးတွင် ပုခုံးပိုကြီးလာနိုင်ပြီး အဆီပမာဏ ပိုများလာနိုင်ပါသည်။
  • ကြီးမားသောသန္ဓေသားမွေးဖူးခြင်း – ထိုသို့မွေးဖူးထားလျှင် နောက်ကလေးများတွင်လည်း ကြီးနိုင်ချေ မြင့်မားပါသည်။ ထို့အတူ သင်ကိုယ်တိုင်လည်း မွေးစက ၈ ပေါင် ၁၃ အောင်စထက်ပိုခဲ့ပါက ကလေးကြီးမွေးလာဖို့ ပိုဖြစ်နိုင်ပါသည်။
  • မိခင်မှာ ဝနေခြင်း – သင့်တွင်ဝနေလျှင် ကလေးလဲ ကြီးနေနိုင်ပါသည်။
  • ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တိုးလာခြင်း – ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်အလွန်တိုးလာခြင်းက ကြီးမားသောသန္ဓေသားကို ဖြစ်စေနိုင်ပါသည်။
  • ယခင်ကိုယ်ဝန်ဆောင်ဖူးခြင်း – ကိုယ်ဝန်တစ်ခါဆောင်တိုင်း ကလေးကြီးနိုင်ချေ ပိုပိုများလာတတ်ပါသည်။ ၅ ကြိမ်မြောက်ကိုယ်ဝန်အထိ တစ်ကြိမ်လျှင် ၄ အောင်စစီ တိုးလာနိုင်၏။
  • ယောက်ျားလေးကိုယ်ဝန်ဆိုလျှင် – မိန်းကလေးထက် ယောက်ျားလေး သန္ဓေသားက အလေးချိန်အနည်းငယ် ပိုတတ်ပါသည်။ ၉ ပေါင် ၁၅ အောင်စထက် ပိုသောကလေးအများစုမှာ ယောက်ျားလေးများဖြစ်ကြသည်။
  • ဒိတ်လွန်သော ကိုယ်ဝန် – မွေးရမည့်ရက်ထက် ၂ ပတ်လောက်ကျော်နေသောကိုယ်ဝန်မှာ ကြီးမားသောသန္ဓေသားဖြစ်နိုင်ချေ များပါသည်။
  • မိခင်၏အသက် – ၃၅ နှစ်အထက် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ပါက ကြီးမားသောသန္ဓေသားမွေးလာနိုင်ပါသည်။

ကြီးမားသောသန္ဓေသားမှာ မိခင်၏ ဆီးချို၊ အဝလွန်ခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တိုးလာခြင်းများက တခြားအကြောင်းရင်းများထက် ပိုဖြစ်နိုင်သော အကြောင်းရင်းများဖြစ်ပါသည်။ ထိုအချက်အလက်များ ရှိမနေပါပဲ ကြီးမားသောသန္ဓေသားကို သံသယရှိနေလျှင်တော့ ကလေးကြီးထွားမှုကို ထိခိုက်နေသော ရှားပါးအခြေအနေတစ်ခု ဖြစ်နေနိုင်ပါသည်။

မမွေးခင်စစ်ဆေးမှုများကို လုပ်ရန်နှင့် ရလဒ်အပေါ်မူတည်ပြီး မျိုးရိုးဗီဇရောဂါ နှစ်သိမ့်ဆွေးနွေးခြင်းများပြုလုပ်ရန် အကြံပြုနိုင်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Fetal Macrosomia (ကြီးမားသောသန္ဓေသား) ကို ဘယ်လိုအတည်ပြုပါသလဲ

ဗိုက်ထဲရှိနေသောကလေး၏အလေးချိန်ကို တိတိကျကျ တိုင်းတာရန်မှာ ခက်ခဲပါသည်။ သို့သော် ကလေး၏အရွယ်အစားကို ညွှန်ပြနေနိုင်သည့် နည်းလမ်းများတော့ရှိ၏။ ပထမဆုံးအနေဖြင့် သားအိမ်ခုံးအမြင့်ကို စစ်နိုင်ပါသည်။ မျှော်လင့်သည်ထက် သားအိမ်ခုံးအမြင့်ပိုနေလျှင် ကလေးကြီးကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။ သင့်ကို စမ်းသပ်ပေးသူမှာ သန္ဓေသား၏အရွယ်ကို ဗိုက်ကိုစမ်းခြင်းဖြင့် ခန့်မှန်းနိုင်ပါသည်။ (ကိုယ့်အတွက် ကသိကအောက်နိုင်သော်လည်း ကလေးအတွက် ဘာအန္တရာယ်မှမရှိပါ) ကလေးအလေးချိန်ကို သိနိုင်သည့် နောက်တစ်နည်းမှာ ပုံမှန်ရိုက်ရသော တီဗီဓါတ်မှန်များဖြစ်သည်။ ဓါတ်မှန်မှကလေး၏ အလေးချိန်နှင့် ရေမွှာပမာဏကို အကြမ်းဖျင်းသိနိုင်ပါသည်။ ကလေးအရွယ်အစားသိဖို့ ရေမွှာပမာဏကို ဘာကြောင့်တိုင်းတာရသလဲဆိုလျှင် Polyhydramnios ဟုခေါ်သည့် ရေမွှာရေများခြင်းက ကြီးမားသောသန္ဓေသားနှင့် ဆက်စပ်မှုရှိသောကြောင့် ဖြစ်သည်။ (ကလေးကြီးလေလေ ဆီးထုတ်နိုင်မှု များလေလေဖြစ်ပြီး ဆီးများလျှင် ရေမွှာရေများမည်ဖြစ်သည်။) ထိုသို့ တိုင်းတာမှုများကို သင့်ရောဂါရာဇဝင်နှင့် ပေါင်းစပ်ကြည့်လိုက်ပါက ကြီးမားနေခြင်းရှိမရှိ ခန့်မှန်းနိုင်ပါလိမ့်မည်။ အတိအကျ ရောဂါအတည်ပြုခြင်းကိုတော့ မွေးပြီးနောက် ကလေးကိုအလေးချိန်ချိန်ကြည့်မှသာ လုပ်နိုင်မည်ဖြစ်သည်။

Fetal Macrosomia (ကြီးမားသောသန္ဓေသား) ကို ဘယ်လိုကုသပါသလဲ

သင့်ကိုစောင့်ရှောက်မှုပေးနေသူမှ ကြီးမားသောသန္ဓေသားအား သံသယရှိကြောင်း အသိပေးသည့်အခါ မိန်းမကိုယ်မှ မွေးမရနိုင်တာမျိုးတော့မဟုတ်ပါ။ သို့သော် မွေးဖွားရန်အတွက် ဆေးရုံတက်ရပါမည်။ ညှပ်ဆွဲခြင်း လေစုပ်မွေးခြင်းမျီုး လိုလာနိုင်သလို ခွဲမွေးရန်လည်း လိုအပ်နိုင်ပါသည်။

မီးဖွားရန်ဆေးဖြင့်ဆွခြင်း (သူ့ဟာသူ ဗိုက်မနာလာခင် ဆွခြင်း) ကိုတော့ ပုံမှန်အားဖြင့် ခွင့်မပြုပါ။ လေ့လာမှုများအရ ဆေးဖြင့်ဆွမွေးခြင်းဖြင့် ကြီးမားသောသန္ဓေသားနှင့်ဆိုင်သည့် အန္တရာယ်များကို လျော့ချမပေးနိုင်ကြောင်းသိရသည့်အပြင် ခွဲမွေးရန် ပိုပြီးလိုအပ်နိုင်ချေကို မြင့်စေပါသည်။

အောက်ပါတို့ရှိလျှင်တော့ ခွဲမွေးရန် ဆရာဝန်မှ တိုက်တွန်းပါလိမ့်မည်။

  • ဆီးချိုရှိလျှင် – ကိုယ်ဝန်မဆောင်ခင်နှင့် ဆောင်စဉ်တွင် ဆီးချိုဖြစ်နေပါက ၉ ပေါင် ၁၅ အောင်စ (၄၅၀၀ ဂရမ်) အထက် ကလေးမွေးလာနိုင်ကြောင်း ကြိုမျှော်လင့်ထားရမည်ဖြစ်ပြီး ကလေးမွေးရန်အတွက် စိတ်အချရဆုံးနည်းမှာ ခွဲမွေးခြင်းသာဖြစ်သည်။
  • ကလေးက ၁၁ ပေါင်နှင့်အထက်ရှိနေပြီး သင့်တွင်ဆီးချိုရာဇဝင်မရှိလျှင် – ဆရာဝန်မှ သန္ဓေသားအလေးချိန်ကိုတွက်ထုတ်ရာတွင် ၁၁ ပေါင်နှင့်အထက်ရှိနေပြီဆိုပါက ခွဲမွေးရန် အသင့်တော်ဆုံးပင်။
  • ကလေးမွေးရာတွင် ကလေးပုခုံး ဆီးခုံးရိုးခွေနောက်၌ ညှပ်နေပြီး မွေးမရဖြစ်ခဲ့ဖူးလျှင် (Shoulder dystocia) – ထိုသို့ယခင်က ဖြစ်ခဲ့ဖူးလျှင် နောက်ကလေးတွင်လည်း ဖြစ်နိုင်ချေများပါသည်။ ထို့ကြောင့် Shoulder dystocia ၏ နောက်ဆက်တွဲပြဿနာဖြစ်သော ကလေးညှပ်ရိုးကျိုးခြင်းကို ရှောင်နိုင်ရန်အတွက် ခွဲမွေးခြင်းသည် အကောင်းဆုံးဖြစ်သည်။

ခွဲရက်ပေးပြီး ခွဲမွေးမည်ဆိုပါက အကျိုးအပြစ်များကို ဆရာဝန်နှင့်သေချာဆွေးနွေးပါ။

ကလေးမွေးပြီးနောက်လည်း ကလေးကို မွေးဒဏ်ရာများရှိမရှိ၊ သွေးတွင်းသကြားဓါတ်နည်းခြင်း၊ သွေးနီဥများသော Polycythemia ရောဂါရှိမရှိတို့ကို စစ်ဆေးရန် လိုအပ်နိုင်ပါသည်။ ကလေးကို မွေးကင်းစအထူးကြပ်မတ်ရုံတွင်ထားပြီး စောင့်ရှောက်ရန်လည်း လိုကောင်းလိုနိုင်ပါသည်။

ကလေးတွင် ကလေးဘ၀ အဝလွန်ခြင်း၊ အင်ဆူလင်ကို ခုခံနေခြင်း စသည်များဖြစ်လာနိုင်သောကြောင့် အမြဲတမ်း checkup လုပ်နေဖို့ လိုအပ်ပါလိမ့်မည်။

ထို့အတူ သင့်တွင်ဆီးချိုမရှိကြောင်း အတည်မပြုရသေးပါက ကလေးမွေးပြီးနောက် အခြေအနေများကို ဆရာဝန်မှ စစ်ဆေးပေးပါလိမ့်မည်။ နောက်ထပ်ဆောင်မည့်ကိုယ်ဝန်များတွင်တော့ ကိုယ်ဝန်ဆောင်ဆီးချိုလက္ခဏာများကို သေချာဂရုစိုက်နေရန်လိုအပ်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကြီးမားသောသန္ဓေသား ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကြီးမားသောသန္ဓေသား ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

  • ကျန်းမာရေးစောင့်ရှောက်သူမှ သင့်တွင် ကြီးမားသောသန္ဓေသားရှိကြောင်း သံသယဖြစ်လာပါက ကလေးကျန်းမာရေးနှင့် မီးဖွားရမည်ကို စိုးရိမ်းစိတ်ဖြစ်ပါလိမ့်မည်။ စိုးရိမ်စိတ်က ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးရန် ခက်ခဲမှုရှိလာနိုင်ပါသည်။
  • စိတ်ဖိစီးမှုကိုလျော့ကျစေရန်နှင့် ကလေးကျန်းမာရေးကောင်းစေရန်အတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ ကြီးမားသောသန္ဓေသားမွေးဖူးသော ကလေးအမေများနှင့် တွေ့ဆုံပြီး အကြံဉာဏ်ရယူခြင်းမျိုးများလည်း ပြုလုပ်နိုင်ပါသည်။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement