backup og meta

ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတဲ့မေမေ ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတဲ့မေမေ ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ

    မိခင်လောင်း တစ်ယောက် ဖြစ်လာချိန်မှာ ကိုယ့်ရင်သွေးလေးအတွက် အာဟာရ ဖြစ်အောင် တစ်မျိုး၊ ကလေးထွားဖို့ တစ်ဖုံ အမျိုးမျိုးကြိုးစားအားဖြည့်ဖို့ ဆန္ဒရှိကြမှာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ဆီးချို ဆိုတာကြီးဖြစ်လာခဲ့ရင် သိပ်စိတ်ညစ်ရမှာပဲနော်။ ဘာစားရမလဲ၊ ဘယ်လိုနေရမလဲ တွေးကြောက်ရင်း ဟိုရှောင်ဒီရှောင်နဲ့ လိုအပ်တဲ့ အာဟာရတွေ ချို့တဲ့သွားသူတွေ ရှိသလို မတွေးဘဲ မဆင်မခြင် စားသောက်နေထိုင်သူတွေမှာ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

    အချင်းကနေ ထွက်လာတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ကို ဆန့်ကျင်တဲ့အခါ ကိုယ်ဝန်ဆောင်ဆီးချို ဆိုတာ ဖြစ်လာတာပါ။ ကိုယ့်မှာ ဒီ ဆီးချိုရှိနေတာ သိလိုက်ရပြီ ဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင် ပမာဏက မလုံလောက်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

    ကိုယ်ဝန်ဆောင်ဆီးချိုရှိနေပြီဆို ဘာတွေဖြစ်လာမှာလဲ

    ဒီ ဆီးချိုကြောင့် ကလေးနဲ့ မေမေကို အောက်ပါ ပြဿနာတွေ ဖြစ်လာစေနိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ် အတက်အကျကို ထိန်းညှိဖို့ အရေးကြီးပါတယ် –

    • သွေးထဲမှာ သကြားဓာတ်တွေ ကျန်ရှိနေပြီး ကလေးဆီကို လိုတာထက်ပိုပြီး သကြားဓာတ်တွေ ပေးမိနေမယ်၊ အဆီအဖြစ် သိုလှောင်ထားလိမ့်မယ်။ ကလေးကို ကြီးထွားမှုလွန်ကဲစေတာ၊ မဖြစ်မနေ ခွဲမွေးရနိုင်တာ၊ မိခင်နဲ့ ကလေးအသက်ဆုံးရှုံးရနိုင်ခြေအနည်းငယ်ရှိတာ စတဲ့ ဆိုးကျိုးရလဒ်တွေရှိပါတယ်။
    • ကိုယ်ဝန်ဆောင်ဆီးချို နဲ့ မွေးဖွားလာတဲ့ ကလေးတွေကို မွေးပြီးနောက်ပိုင်းမှာလည်း စောင့်ကြည့်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ် ကျဆင်းမှုကြောင့် ကလေးမှာ တက်တာ လိုမျိုး ပြဿနာတွေ ဖြစ်လာနိုင်တယ်။

    ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတဲ့မေမေ ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ

    ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတဲ့မေမေ ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ ဆိုတော့ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်တာနဲ့ အငတ်ခံစရာ မလိုပါဘူး။ စိတ်ကြိုက်တော့ အဝအပြဲလျှောက်မစားနဲ့ပေါ့နော်။ အရာရာကို စနစ်တကျဆင်ခြင်စားသုံးဖို့ သတိထားမယ်ဆိုရင် ဘေးကင်းတဲ့ အာဟာရကို ရနိုင်မှာပါ။ အဓိက အရေးကြီးဆုံး ဒီသုံးချက်ကို မမေ့ပါနဲ့ –

    (၁)သွေးချိုပုံမှန်တိုင်းပါ

    မနက်ပိုင်း အစားမစားခင်တစ်ကြိမ်၊ ထမင်းစားပြီး ၂နာရီအကြာမှာတစ်ကြိမ်သွေးဖောက်စစ်ဆေးတာတော့ ပုံမှန်ပါ။ လိုအပ်သလို random စစ်လို့တော့ရပါတယ်။

    (၂) ကာဗိုဟိုက်ဒရိတ်စားသုံးမှု ကန့်သတ်ပါ

    ထမင်း၊ပေါင်မုန့်စတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပုံစံချ၊ အချိုးချပြီး စားပါ။ ကိုယ်စားမယ့်အစားအသောက်တွေထဲ ပါဝင်မယ့်သကြားဓာတ်ကို တွက်ချက်ပါ။

    (၃) ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

    မပေါ့မပါးနဲ့ဆိုပြီး မလှုပ်ရဲမရှားရဲတွေ မဖြစ်ပါနဲ့။ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှု၊ ဥပမာ လမ်းလျှောက်တာလောက်တော့ လုပ်သင့်ပါတယ်။ လှုပ်ရှားမှုကသာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းညှိနိုင်ဖို့ အမြန်ဆုံးနည်းပါ။ ဥပမာ အသီးလေးအနှံလေးစားလိုက်တယ်၊ အစားများသွားတယ်ဆိုရင် လှုပ်ရှားလိုက်မှ သွေးတွင်းသကြားက ကျသွားမှာပါ။ အစာမစားရသေးဘဲတော့ အလွန်အကျွံ မလှုပ်ရှားနဲ့ပေါ့။

    ဘယ်လိုကုရမလဲ

    လိုအပ်တဲ့ကုသမှုကို ဆရာဝန်က ညွှန်ကြားပေးမှာပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပြီး အင်ဆူလင်ထိုးဖို့ လိုအပ်ရင်လည်း လိုအပ်နိုင်ပါတယ်။ အင်ဆူလင်ဆေးကြောင့် ကလေးကို ထိခိုက်မှု မရှိစေနိုင်လို့ စိတ်မပူပါနဲ့။

    ဆရာဝန်က သောက်ဆေးပေးရင်ပေးနိုင်ပေမယ့် အခြေအနေကိုသုံးသပ်ပြီး လိုအပ်သလို ညွှန်ကြားပါလိမ့်မယ်။ ကိုယ်ကသေချာလိုက်နာပြီး စည်းစနစ်နဲ့နေထိုင်စားသောက်ရင် ကျန်းမာဘေးကင်းစွာနဲ့မွေးဖွားနိုင်မှာပါ။

    မွေးပြီးရင်ရော ဆီးချိုရှိနေဦးမှာလား

    ကိုယ်ဝန်ဆောင်ဆီးချို ရှိတဲ့ မေမေ အများစုကတော့ ဘေဘီလေးမွေးပြီးရင် ပုံမှန်ပြန်ဖြစ်သွားကြတာပါပဲ။ ဒါပေမယ့် ကလေးမွေးပြီး ၆ ပတ်ကနေ ၁၂ ပတ်အတွင်း အမျိုးအစား ၂ ဆီးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့ ဆရာဝန်က အကြံပေးပါလိမ့်မယ်။

    ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်ဆီးချိုဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များစေတဲ့ အကြောင်းရင်းအချက်တွေထဲ ပါဝင်နေလို့ပါ။ လူတိုင်းတော့ မဟုတ်ပေမယ့် နောက် ၁၀ နှစ်အတွင်းမှာ အမျိုးအစား၂ ဆီးချိုရောဂါ ဖြစ်လာတဲ့သူတွေ များပါတယ်။

    ဒါ့ကြောင့် အကောင်းဆုံးက ကိုယ်အလေးချိန်ထိန်းပါ၊ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီအောင် စားပါ၊ ပုံမှန်လှုပ်ရှားမှု လုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement