backup og meta

မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ

    ကိုယ်ဝန်စရှိလာတည်းက မေမေတို့ရဲ့ ကိုယ်ခံအားစနစ်က ပြောင်းလဲလာလေ့ ရှိပါတယ်။ ဒီလို ပြောင်းလဲလာတာကြောင့်ပဲ မေမေဗိုက်တို့မှာ အအေးမိ၊ ချောင်းဆိုးဝေဒနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေက အကြာကြီးတော့ မဟုတ်ပါဘူး။ နောက်ထပ်သတင်းကောင်း တစ်ခုက မေမေတို့ နေမကောင်းဖြစ်လို့ ပင်ပန်းနွမ်းလျနေရင်တောင် အအေးမိ၊ ချောင်းဆိုး လက္ခဏာတွေက ဗိုက်ထဲက ဘေဘီအတွက် အန္တရာယ် မရှိနိုင်ပါဘူးတဲ့။ ဆရာဝန်ပြပြီး ထိုက်သင့်တဲ့ ကုသစောင့်ရှောက်မှုကို ခံယူဖို့တော့ လိုတာပေါ့လေ။ ဒီတစ်ခေါက်တော့ မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိ၊ ချောင်းဆိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

    ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိတာ ဖျားနာ၊ ချောင်းဆိုးတာတွေ ဖြစ်လာရင် သူများတွေလို ဆေးအလွယ်သောက်လို့ မရတာ မမေ့ပါနဲ့နော်။ နောက်ပြန်သက်သာတယ်ပဲထား နေမကောင်းလိုက်တာနဲ့ လူကအားနည်းသွားပြီဆိုတော့ ကလေးအတွက် အာဟာရတွေ အလုံအလောက် ဘယ်ပေးနိုင်တော့မလဲ။ ကိုယ့်ဘေဘီလေးအတွက် စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပေးပါ။

    ဒါတွေကြိုတင်ကာကွယ်ဖို့ အကောင်းဆုံးနည်းက

  • ကျန်းမာတဲ့နေထိုင်မှုပုံစံကိုထိန်းသိမ်းဖို့ပါ။ ကိုယ်ကြိုက်တာ မကြိုက်တာထက် အာဟာရ ပြည့်ဖို့၊ အဓိက ထားပြီး စားပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ကိုယ်ခံအား ပြည့်ဖို့ ဂရုစိုက်ပါ။ ပုံမှန် လှုပ်ရှားမှုလေး လုပ်ပါ။ ဥပမာ  လမ်းလျှောက်တာမျိုး။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်ဆောင် အားဆေး တစ်ခုခု သောက်ရင် ပိုကောင်းပါတယ်။
    • လက်ဆေးတဲ့ အကျင့် လုပ်ပါ။သူများဆီက ရောဂါပိုးမွှားတွေ မကူးစက်အောင်လို့ လက်ဆေးတတ်တဲ့ အကျင့်ကို မွေးထားပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပါ။ နေမကောင်းတဲ့ သူတွေ အနားကို နီးနီးနေတာ၊ ထိတွေ့တာ ရှောင်ပါ။ ကိုယ့်အနားက လူတစ်ယောက်ယောက် အအေးမိ၊ ချောင်းဆိုးဖြစ်ရင် ပိုသတိထားပါ။

    မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ

    မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတော့

    • အနားယူပါ။ အိပ်နေရုံနဲ့ ဝေဒနာတွေ အကုန် သက်သာသွားမယ်လို့ မဆိုလိုပေမယ့် နေမကောင်းချိန်မှာ ခန္ဓာကိုယ်ကို အနားပေးဖို့လိုပါတယ်။ ကိုယ်ခံအားက ရောဂါကို တိုက်ထုတ်နိုင်ဖို့ အားမွေးလိုက်ပါ။
    • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ပါ။ အနားယူသင့်တယ်ဆိုတာ တချိန်လုံးအိပ်ရာထဲခွေနေဖို့မဟုတ်ပါဘူးနော်။ အဖျားတက်နေတာ၊ အရမ်းချောင်းဆိုးနေတာ မဟုတ်ဘူးဆိုရင် ကိုယ်ဝန်နဲ့ သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု လုပ်တာ၊ လမ်းလျှောက်တာလောက်က နေလို့ထိုင်လို့ ပိုကောင်းစေနိုင်ပါတယ်။
    • အစားမပျက်ပါနဲ့။ နေမကောင်းတော့ စားချင်စိတ် သိပ်မရှိတတ်တာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ကျန်းမာရေး၊ ဘေဘီလေးရဲ့ ကျန်းမာရေးအတွက် စဉ်းစားပြီး ဝင်အောင်စားပါ။ အားဖြစ်မယ့် အစားအစာတွေ ကြိုးစားပြီး စားပါ။ ကြက်စွပ်ပြုတ်လို အာဟာရဖြစ်မယ့် အစားအစာတွေက ကိုယ်ခံအားကို ပိုကောင်းစေပြီး အအေးမိဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
    • ဗီတာမင် စီ အစားအစာတွေကို ဦးစားပေးပါ။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ လိမ္မော်သီး၊ ဂရိတ်ဖရု၊ စတော်ဘယ်ရီ၊ ကီဝီ စတဲ့ အချဉ်သီးတွေ စားပေးပါ။
    • ရေများများသောက်ပါ။ အအေးမိဝေဒနာနဲ့ ချောင်းဆိုးချွဲကျပ်က မေမေနဲ့ ဘေဘီလေးအတွက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အရည်ဓာတ်တွေကို ဆုံးရှုံးရစေပါတယ်။ အရည် ပူပူနွေးနွေးတွေက သက်သာစေနိုင်လို့ ရေနွေးကြမ်း သောက်ပါ၊ စွပ်ပြုတ် ပူပူ သောက်ပါ။ ရေဓာတ် ပြည့်ဝအောင် နေပါ။
    • ခေါင်းအုံးမြှင့် အိပ်ပါ။ အိပ်တဲ့အခါ အသက်ရှူရ ပိုလွယ်စေဖို့ ခေါင်းအုံး မြှင့်အိပ်တာ ကောင်းပါတယ်။ ခေါင်းအုံးဆင့်လို့ အဆင်မပြေရင် စောင်ဖြစ်ဖြစ် ခုပြီး အိပ်ပါ။
    • ဆားရည်ငုံပါ။ လည်ချောင်းယားတာ၊ လည်ချောင်းနာတာ သက်သာစေဖို့ ဆားရည် နွေးနွေးလေး ငုံပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement