backup og meta

ကိုယ်ဝန်ဆောင်နှင့်အရေပြားလေးဖက်နာ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နှင့်အရေပြားလေးဖက်နာ

    အရေပြားလေးဖက်နာရောဂါရှိသူတွေကို ကလေးရော မိခင်အတွက်ပါ အန္တရာယ်တွေများတာကြောင့် ကိုယ်ဝန်မဆောင်ဖို့ဆရာဝန်တွေကအကြံပေးထားပါတယ်။ သို့သော်လည်း ရောဂါရှိသူအမျိုးသမီးအများစု ကိုယ်ဝန်ဆောင်ပြီး ကျန်းမာတဲ့ကလေးလေးတွေ မွေးဖွားနိုင်တာမျိုးတွေလည်းရှိပါတယ်။

    တကယ်လို့သင်ဟာ အရေပြားလေးဖက်နာရောဂါရှိပြီး ကလေးယူဖို့စဉ်းစားနေတယ်ဆိုရင်တော့ သင်သိထားရမယ့် ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေ၊ ပြဿနာတွေနဲ့ သင်နဲ့သင့်ကလေးအတွက် အကောင်းဆုံးဖြစ်ဖို့ ဆရာဝန်က ကူညီနိုင်မှာတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်အတွက်အသင့်ပြင်ထားပါ

    အန္တရာယ်ကင်းတဲ့ကိုယ်ဝန်နဲ့ ကျန်းမာတဲ့ကလေးအတွက် ပထမဆုံးခြေလှမ်းက သင်ကိုယ်ဝန်မယူခင်ကတည်းက စတင်ပါတယ်။ တကယ်လို့ သင်ဟာကလေးယူဖို့ ပြင်ဆင်နေတယ်ဆိုရင် ဒီအချက်တွေလိုအပ်မှာပါ:

    -သင့်ရောဂါအခြေအနေမဆိုးရွားအောင် ကုသထိန်းသိမ်းပါ။ ကိုယ်ဝန်ယူစဉ် သင်ကျန်းမာနေလေလေ၊ အဆင်ပြေချောမွေ့တဲ့ကိုယ်ဝန်နဲ့ကလေးလေးရဖို့ ဖြစ်နိုင်ချေအရှိဆုံးဖြစ်လေလေဖြစ်ပါတယ်။

    -ကိုယ်ဝန်ဆောင်ခြင်းဟာ ကျောက်ကပ်ပေါ်ဝန်ပိစေပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်ရောဂါရခြင်းဟာ ကိုယ်ဝန်ကိုဒုက္ခပေးနိုင်ပြီး ကလေးဆုံးရှုံးသည်ထိဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ပါက သင့်ရောဂါအခြေအနေ အနည်းဆုံး၆လလောက်ကြာအောင် သက်သာနေပြီဆိုကာမှ ကိုယ်ဝန်ဆောင်ဖို့အကြံပေးပါရစေ။ အထူးသဖြင့် သင့်ရောဂါက ကျောက်ကပ်ကိုထိခိုက်ထားတဲ့ အခြေအနေမျိုးမှာဆိုရင်ပေါ့။

    -ဆေးကုသမှုအတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။ တချို့ဆေးတွေကသင့်ကလေးကိုထိခိုက်နိုင်ပေမယ့် တချို့သောဆေးတွေက ကိုယ်ဝန်အတွက် အန္တရာယ်ကင်းပါတယ်။ ဒါကြောင့် သင်ကိုယ်ဝန်မယူခင်မှာ ကုသမှုကိုရပ်တန့်သင့်လား၊ ပြောင်းလဲသင့်လား သင့်ဆရာဝန်စဉ်းစားနိုင်ဖို့ပါ။ တချို့သော ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်တဲ့ဆေးတွေ (ဥပမာ – methotrexate, cyclophosphamide, mycophenolate mofetil, leflunomide, and warfarin) ကိုရပ်တန့်ဖို့လိုအပ်ပါတယ်။ အချို့ ဆေးများသည် ကလေးမယူခင် လအနည်းငယ်ကတည်းက ရပ်ပစ်ရပါမယ်။

    -အန္တရာယ်များတဲ့ကိုယ်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့အတွက် ကျွမ်းကျင်တဲ့ သားဖွားမီးယပ်ဆရာဝန်ထံမှာ ဗိုက်အပ်ထားသင့်ပါတယ်။ အရေပြားလေးဖက်နာရောဂါဟာ ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း၊ နေ့မစေ့လမစေ့မွေးဖွားခြင်းတို့ ဖြစ်စေနိုင်တာကြောင့် သင်ဟာ အန္တရာယ်များတဲ့ကိုယ်ဝန်သည်တွေကို ကောင်းကောင်းစောင့်ရှောက်နိုင်တဲ့ဆေးရုံမျိုးမှာ ထိုကဲ့သို့ကိုယ်ဝန်သည်တွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံများတဲ့ ဆရာဝန်မျိုးလိုအပ်ပါလိမ့်မယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်ဝန်မဆောင်ခင်ကတည်းက သားဖွားမီးယပ်ဆရာဝန်နဲ့ တွေ့ဆုံတိုင်ပင်သင့်ပါတယ်။

    ကိုယ်ဝန်ဆောင်ခြင်းရဲ့ပြနာတွေကိုစောင့်ကြည့်ကုသပါ

    ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွေ ၊ စမ်းသပ်စစ်ဆေးမှုတွေဟာ ကိုယ်ဝန်သည်အကုန်လုံးအတွက်လိုအပ်ပါတယ်။ အရေပြားလေးဖက်နာရောဂါသည် အမျိုးသမီးတွေအတွက် ပိုလို့တောင်အရေးကြီးပါတယ်။ ပြဿနာတစ်ခုခုစောစီးစွာတွေ့ထားရင် မရှောင်ရှားနိုင်ရင်တောင်မှ မြန်မြန်ဆန်ဆန်ကုသဖယ်ရှားနိုင်ပါတယ်။ ဒါတွေကတော့ သင်ကိုယ်ဝန်ဆောင်နေစဉ်မှာ တွေ့ကြုံရမယ့် ပြဿနာတချို့ဖြစ်ပါတယ် :

    အနီကွက်တေွ- တချို့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ရောဂါလက္ခဏာသက်သာတတ်ပါတယ်။ ရောဂါအခြေအနေ ဆိုးလာတတ်တာက မီးဖွားပြီးပထမလ အနည်းငယ်အတွင်းမှာပါ၊ သင့်ရောဂါအခြေအနေ အနည်းဆုံး ၆လလောက် ကောင်းကောင်းသက်သာလာမှ ကိုယ်ဝန်ယူတာဟာ ကိုယ်ဝန်ဆောင်ကာလမှာ အနီကွက်တွေဖြစ်တာတွေ သက်သာစေမှာပါ။ ဒါပေမယ့် ထိုအနီကွက်တွေဖြစ်ခြင်းက အရမ်းမပြင်းထန်တဲ့အတွက် ဆရာဝန်ထံမှ ဆေးပမာဏနည်းနည်းနဲ့ သက်သာသွားနိုင်ပါတယ်။

    သွေးတိုးခြင်း- အရေပြားလေးဖက်နာရှိတဲ့ ကိုယ်ဝန်သည်တွေမှာ သွေးတိုးခြင်းကဲ့သို့ ပြဿနာများလည်းရှိလာနိုင်ပါတယ်။ သွေးတိုးခြင်းကြောင့် ကိုယ်ဝန်ဆိပ်တက်ခြင်း ပဏာမအဆင့် ဖြစ်နိုင်ပြီး၊ သွေးဆောင့်တိုးခြင်းနှင့် ဆီးထဲတွင်အသားဓါတ် အများအပြားပါသွားခြင်း တို့ဖြစ်နိုင်တယ်။ ဒီပြဿနာတွေဟာ အရေပြားလေးဖက်နာရောဂါရှိသူ ကိုယ်ဝန်သည်ငါးယောက်မှာ တစ်ယောက်ဖြစ်နိုင်ချေရှိပြီး ထိုကိုယ်ဝန်ဆိပ်တက် ပဏာမအဆင့် ဟာ ချက်ခြင်းကုသရန်လိုအပ်ကာ တစ်ခါတရံမှာကလေး မွေးထုတ်လိုက်ရသည် အထိဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေဟာ ကျောကပ်ရောဂါရှိသောအမျိုးသမီး သို့မဟုတ် သွေးတိုးရောဂါရှိသောအမျိုးသမီးတွေနဲ့ ဆေးလိပ်သောက်တတ်သောအမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

    ကလေးပျက်ကျခြင်း-သွေးတိုးရောဂါ၊ အရေပြားလေးဖက်နာရောဂါ နဲ့ ကျောက်ကပ်ရောဂါရှိသော ကိုယ်ဝန်သည်တွေဟာ ကလေးပျက်ကျနိုင်ချေများပါတယ်။

    ကလေးပျက်ကျနိုင်ချေဟာ ခန္ဓါကိုယ်အတွင်း သွေးလွှတ်ကြော၊ သွေးပြန်ကြောများမှာ သွေးခဲများဖြစ်ပေါ်စေနိုင်တဲ့ ပဋိပစ္စည်းတစ်မျိုး (antiphospholipid antibodies) များခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ထိုပဋိပစ္စည်းတွေက အချင်းထဲရှိသွေးကြောများဆီရောက်ကာ သွေးများခဲစေသောကြောင့်ဖြစ်တယ်။ ဒါကြောင့်ပဋိပစ္စည်းများကိုစမ်းသပ်စစ်ဆေးထားဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ ထိုအချက်ဟာ ယခင်က ကိုယ်ဝန်ပျက်ကျမှုရှိဖူးသော အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ထိုပစ္စည်းများရှိနေပါက ဆရာဝန်မှ သွေးခဲခြင်းကိုသက်သာစေရန် သွေးကျဲဆေးညွှန်းပါလိမ့်မယ်။

    နေ့မစေ့လမစေ့ မီးဖွားခြင်း- ဒါဟာ ကိုယ်ဝန်ဆိပ်တက် တတ်သောကိုယ်ဝန်သည်၊ သွေးခဲစေသည့်ပဋိပစ္စည်းရှိသောကိုယ်ဝန်သည်နဲ့ အရေပြားလေးဖက်နာရှိသောကိုယ်ဝန်သည်တို့မှာ ဖြစ်တတ်ပါတယ် ။ နေ့မစေ့ လမစေ့မွေးဖွားနိုင်တဲ့ လက္ခဏာတွေကတော့ :

    • တင်ပါးဆုံမှာတွန်းအားတစ်ခုခံစားရခြင်း
    • မွေးလမ်းကြောင်းမှသွေးဆင်းခြင်း၊ အဖြူဆင်းခြင်း
    • ဝမ်းဗိုက်ကြွက်သားများတင်းခြင်း
    • ၁၀မိနစ်ခြားတစ်ခါ သို့မဟုတ် ၁၀မိနစ်နှင့်အထက်ခြားတစ်ခါ ဗိုက်နာခြင်း

    စသည်တို့တွေ့ကြုံလာရပါက ဆေးရုံသို့အမြန်သွားရောက်သင့်ပါတယ်။

    အရေပြားလေးဖက်နာရောဂါရှိတဲ့ ကိုယ်ဝန်သည်တွေဟာ ကိုယ်ဝန်ဆောင်ချိန်ပြဿနာတွေ တွေ့ကြုံရ နိုင်ချေများပါတယ်။ ဒါမှမဟုတ် တခြားအမျိုးသမီးများထက် မွေးရာပါရောဂါရှိသောကလေး သို့မဟုတ် စိတ်ကျန်းမာရေးချို့တဲ့သော ကလေးမွေးနိုင်ချေ ပိုများတတ်ပါတယ်။

    ကိုယ်ဝန်ဆောင်ကာလမှာဘယ်လိုဂရုစိုက်ရမလဲ

    ဆရာဝန်ထံမကြာခဏသွားပြကာ ဆေးကုသမှုသေချာခံယူခြင်းအပြင် နောက်ထပ်သင်လုပ်နိုင်တာတွေကတော့:

    • လုံလုံလောက်လောက်အနားယူပါ၊ ညဘက်ကောင်းကောင်းအိပ်ကာ နေ့အချိန်တွေမှာလည်း မကြာခဏအနားယူပေးပါ။
    • ကျန်းမာရေးနှင့်ညီညွတ်စွာစားပါ၊ ကိုယ်အလေးချိန် အလွန်အမင်းမတက်အောင် ထိန်းသိမ်းပါ၊ လိုအပ်ပါက အာဟာရပညာရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးပါ။
    • ဆေးလိပ်၊ အရက်လုံးဝရှောင်ကြဉ်ပါ။
    • အကယ်လို့ ပုံမှန်မဟုတ်သော လက္ခဏာများတွေ့ ကြုံရပါက ဆေးရုံသို့အလျင်အမြန်သွားပါ။

    မီးဖွားခြင်း

    ရိုးရိုးမွေးမလား၊ ခွဲမွေးမလားဆိုတာကို သင့်ဆရာဝန်က မွေးဖွားစဉ် သင်နဲ့သင့်ကလေးကျန်းမာရေးကို တွက်ချက်စဉ်းစားပြီးဆုံးဖြတ်ပေးပါလိမ့်မယ်။ ရောဂါသည်အမျိုးသမီးအတော်များများ ရိုးရိုးမွေးနိုင်ပါတယ်။ ဒါပေမယ့် အကယ်၍ ကလေး သို့မဟုတ် မိခင်မှာ ပြဿနာရှိလာပါက ခွဲမွေးခြင်းဟာအကောင်းဆုံးနဲ့ အမြန်ဆုံးနည်းပါ။ အကယ်လို့သင်ဟာ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ စတီးရွိုက်ဆေး ဆက်တိုက်မှီဝဲလာရပါက သင့်ဆရာဝန်က မွေးဖွားစဉ်နောက်ထပ်ပြဿနာများကို ရင်ဆိုင်နိုင်အောင် ဆေးပမာဏတိုးပေးပါလိမ့်မယ်။

    မွေးဖွားပြီးစဉ် အနီကွက်တွေပေါ်လာတာအပြင် အခြားသောပြဿနာတွေဖြစ်တဲ့:

    နို့တိုက်ရန်ခက်ခဲခြင်း- နေ့မစေ့လမစေ့မွေးလာပါက ကလေးငယ်တွေဟာ နို့စို့ဖို့အားနည်းနေတတ်ပါတယ်။ နေ့မစေ့လမစေ့ မွေးခဲ့တဲ့မိခင် ဒါမှမဟုတ် အချို့သောဆေးများမှီဝဲထားသောမိခင်တွေမှာ နို့ထွက်ဖို့ခက်ခဲတာမျိုးလည်းကြုံရတတ်ပါတယ်။ တချို့သော မိခင်တွေကတော့ နို့မှတဆင့်ကလေး ထံရောက်သွားနိုင်တဲ့ဆေးတွေ မှီဝဲရတာကြောင့် နို့မတိုက်ဘဲနေရတတ်ပါတယ်။ ဒါပေမယ့် ထိုကဲ့သို့သောကိစ္စများကတော့ ဖြေရှင်းလို့ရပါတယ်။ နို့တိုက်ရန် ပြဿနာကြုံနေရပါက ဆရာဝန်ကိုပြောပြအကြံတောင်းခံနိုင်ပါတယ်။

    မွေးကင်းစ အရေပြားလေးဖက်နာ-မွေးကင်းစကလေး အရေပြားလေးဖက်နာရောဂါဟာ မိခင်နဲ့မတူပါဘူး။ အနီကွက်များပေါ်ခြင်း၊ သွေးဖြူဥ သွေးနီဥအရေအတွက် ပုံမှန်မဟုတ်ခြင်းများဖြစ်တတ်ပါတယ်။ များသောအားဖြင့် ခဏတာ သာဖြစ်တတ်ပြီး ကလေး အသက် ၆လ၊၈လလောက်ရောက်တဲ့အခါ ကောင်းသွားနိုင်ပါတယ်။ ရှားရှားပါးပါး အခြေအနေတွေမှာတော့ ကလေး နှလုံးထိခိုက်သွားတတ်ပြီး နှလုံးခုန်နှုန်းမမှန်ဖြစ်ကာ နှလုံးစက်ထည့် ရန်လိုအပ်သည်ထိ ဖြစ်နိုင်ပါတယ်။

    မီးဖွားပြီးနောက်– မီးဖွားပြီးနောက်မှာ သင့်ခန္ဓါကိုယ်မှ အပြောင်းအလဲတွေ ကိုယ်ဝန်မဆောင်ခင်အခြေအနေသို့ ပုံမှန်ပြန်ရောက်ရန် ဆရာဝန်ထံမကြာခဏပြဖို့ အရေးကြီးပါတယ်။ ကလေးငယ်ကိုစောင့်ရှောက်ရန်ပဲ အာရုံထက်သန်နေတတ်တာမို့ သင့်ကိုယ်သင်လည်း ဂရုစိုက်ဖို့မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement