backup og meta

ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှုတွေက အော်တစ်ဇင်ဖြစ်ဖို့ ဦးတည်စေသလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှုတွေက အော်တစ်ဇင်ဖြစ်ဖို့ ဦးတည်စေသလား။

    ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှု များပြားခြင်းဟာ အော်တစ်ဇင်အပါအဝင် တခြား မကောင်းတဲ့ အခြေအနေတွေဆီကို ဦးတည်စေပါတယ်။University of Missouri School of Medicine တက္ကသိုလ်မှာရှိတဲ့ ပညာရှင်တွေဟာ stress-sensitive gene လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို တုန့်ပြန်တဲ့ gene တွေပြုမူပုံ နဲ့ ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှု အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့ အော်တစ်ဇင်ကလေးတွေရဲ့ မိခင်တွေကို အုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ကြပါတယ်။

    အော်တစ်ဇင်ဟာ မျိုးဗီဇကြောင့်အဓိကဖြစ်တဲ့ ရောဂါတခုလို့ သတ်မှတ်ထားခဲ့ကြပေမယ့် စိတ်ဖိစီးမှုလိုမျိုး ပတ်ဝန်းကျင် အခြေအနေတွေကလည်း အော်တစ်ဇင်ဝေဒနာခံစားရစေဖို့ တထောင့်တနေရာကနေ ပါဝင်နေပြန်တာကို နောက်ပိုင်းလေ့လာမှုတွေအရ သိရှိရပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ စိတ်ဖိစီးမှုဒါဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ တချို့မိခင်တွေကမွေးတဲ့ ကလေးတွေမှာ အော်တစ်ဇင် ရောဂါမရှိသလို တချို့မိခင်တွေကျပြန်တော့လည်း အော်တစ်ဇင်ဝေဒနာရှင်ကလေးတွေကို မွေးဖွားကြရပြန်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတဲ့ အဖြေကို သိရဖို့အတွက် ပညာရှင်တွေအနေနဲ့ စိတ်ဖိစီးမှုနဲ့ ဆိုင်တဲ့ gene တွေကို လေ့လာခဲ့ကြပြီး အဆိုပါ gene တွေနဲ့ စိတ်ဖိစီးမှုကြောင့် အော်တစ်ဇင်ဖြစ်လာရခြင်းတို့ အကြားမှာ ဆက်စပ်မှုတွေရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။ မိခင်တွေကို သူတို့ ကိုယ်ဝန်ဆောင်စဉ်ကာလ တလျှောက်လုံးမှာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ ဖိစီးမှုတွေ (ဥပမာ။ ။ အလုပ်ပြုတ်တာ၊ကွာရှင်းတာ စတာတွေပေါ့)ကို မေးမြန်းပါတယ်။ ပြီးတော့ သူတို့သွေးထဲမှာ 5-HTTLPR လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို တုန့်ပြန်တဲ့ gene ရဲ့ ပြုမူပုံ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို လေ့လာပါတယ်။5-HTTLPR ဆိုတာ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းမှာ serotonin လို့ခေါ်တဲ့ အရေးပါတဲ့ ဓါတ်ပစ္စည်းလေးတမျိုး ကို ထိန်းချုပ်ပေးတဲ့ gene လေးတခုဖြစ်ပါတယ်။gene ရဲ့ ပြုမူပုံပြောင်းလဲတဲ့အခါ သွေးထဲမှာရှိတဲ့ serotonin ပမာဏပါလိုက်ပြောင်းလဲပြီး စိတ်ဖိစီးမှုကို တုန့်ပြန်နိုင်စွမ်း ပိုလာပါတယ်။

    အုပ်စုနှစ်ခုလုံးက gene ပြုမူပုံပြောင်းလဲတဲ့ အော်တစ်ဇင်ကလေးမိခင်တွေရဲ့ ကိုယ်ဝန်၂၇ပတ် အနီးတဝိုက်မှာ စိတ်ဖိစီးမှုကို တုန့်ပြန်ပုံ အနေအထားကို gene ပြုမူပုံမပြောင်းလဲတဲ့ အော်တစ်ဇင်ကလေးမိခင်တွေရဲ့ တုန့်ပြန်ပုံအနေအထားနဲ့ နှိုင်းယှဉ်လေ့လာပါတယ်။ ဒီစမ်းသပ်ချက်ဟာ ကနဦးအဆင့်ပဲရှိသေးပြီး နောက်ထပ်လေ့လာစူးစမ်းမှုတွေ အများကြီးထပ်လုပ်ရဦးမှာ မှန်ပေမယ့် နောင်တချိန်မှာ ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှု ခံစားရတဲ့ မိခင်တယောက်အနေနဲ့ အော်တစ်ဇင်ဝေဒနာရှင် ကလေးမွေးဖွားနိုင်ချေ ရှိမရှိကို အတပ်ပြောနိုင်တဲ့ အခြေအနေကို ရောက်လာမှာပါ။gene နဲ့ စိတ်ဖိစီးမှုဟာ အော်တစ်ဇင်နဲ့ ဘယ်ပုံဘယ်နည်းဆက်နွယ်နေတယ်ဆိုတာ သိရဖို့ စမ်းသပ်သုတေသနပြုမှုတွေ အများကြီးလုပ်ရဦးမှာ ဖြစ်ပေမယ့် အောင်မြင်ခဲ့ရင် အချို့ကလေးတွေမှာ အော်တစ်ဇင်ဝေဒနာ ခံစားရခြင်းကို ရှောင်ကျဉ်နိုင်မှာ အမှန်ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်ကာလမှာ ခံစားရတဲ့ တချို့စိတ်ဖိစီးမှုတွေဟာ တခြားအချိန်တွေမှာလည်း ခံစားရနိုင်တဲ့ ပုံမှန်ဖိစီးမှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖိစီးမှုတွေက ပိုဆိုးလာပြီး တချိန်လုံး တောက်လျှောက် ဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်အပေါ် ဒီဖိစီးမှုတွေရဲ့ အကျိုးသက်ရောက်မှုဟာလည်း ကြာရှည်လာမှာဖြစ်ပါတယ်။ သင်ဖိစီးမှု တခုခုကို ခံစားရတဲ့အချိန်မှာ သင့်ခန္ဓါကိုယ်ဟာ အသင့်အနေအထားတခုကို ပြောင်းလဲပေးထားပြီး ကော်တီဆော အပါအဝင် တခြား ဖိစီးမှုကို တုန့်ပြန်တဲ့ ဟော်မုန်းတွေ အများကြီး ထုတ်ပေးပါတော့တယ်။ သင်အန္တရာယ်ကျရောက်တဲ့အခါမျိုးမှာ ခန္ဓါကိုယ်က ထုတ်ပေးတာ အဲ့ဒီဟော်မုန်းတွေပေါ့။ သူတို့က ဘာလုပ်ပေးလဲဆိုတော့ ခြေလက်ကြွက်သားတွေဆီကို သွေးတွေ၊လောင်စာတွေ အများကြီး ပို့ပေးသလို နှလုံးကိုလည်း ပုံမှန်ထက်အတော်လေး ပိုခုန်အောင်လုပ်ပေးတယ်။ ဒါမှ သင်အန္တရာယ်ကနေ ဝေးရာကို ထွက်ပြေးနိုင်မှာလေ။ ဒါက ပုံမှန်အခြေအနေပါ။

    စိတ်ဖိစီးမှုက တောက်လျှောက် ဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်ရဲ့ ဖိစီးမှုကို တုန့်ပြန်တဲ့ ပုံစံပြောင်းသွားပြီး လိုတာထက် အလွန်အကျွံ တုန့်ပြန်တဲ့ အနေနဲ့ inflammation လို့ခေါ်တဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ တုန့်ပြန်မှုတွေကိုပါ ပေးလာမှာပါ။ အဲဒီ inflammation ဆိုတဲ့ တုန့်ပြန်မှုဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုပါ နှောင့်ယှက်ပါတော့တယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စိတ်ဖိစီးမှုတွေနဲ့ ကာလကြာရှည် ရင်ဆိုင်လာရပြီဆိုရင် မပေါ့သင့်ပါဖူး။ စိတ်ဖိစီးမှုခံစားရတာကို အပြစ်ကြီးတခုလို စိုးရွံ့မနေဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ရပါမယ်။ ဒါမှသာ မိခင်အတွက်ရော ကလေးအတွက်ပါ ဆိုးရွားတဲ့ ထိခိုက်မှုတွေကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement