backup og meta

ကလေးအသေ မွေးခြင်း အကြောင်းရင်းများက ဘာတွေလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအသေ မွေးခြင်း အကြောင်းရင်းများက ဘာတွေလဲ။

    ကလေးအသေ မွေးခြင်း ဆိုတာက ကိုယ်ဝန် ၂၄ပတ်နောက်ပိုင်းမှာ ဗိုက်ထဲက ကလေးဆုံးပါးသွားတာကို ဆိုလိုတာပါ။ ၂၄ပတ်မတိုင်ခင် ဆိုရင်တော့ ဒါကို ပျက်ကျတယ်လို့ ခေါ်ပါတယ်။ ကလေး အဖတ်မတင်တာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တချို့ကိုယ်ဝန်တွေမှာဆိုရင် အကြောင်းအရင်းမရှိဘဲနဲ့ကို ကလေးအသေလေး မွေးလာတတ်ပါတယ်။ ကလေးအသေ မွေးခြင်း အကြောင်းရင်းများက ဘာတွေလဲဆိုတာကို သတိထားနိုင်စေဖို့ ပြောပြပေးလိုက်ပါတယ်။

    ကလေးအသေ မွေးခြင်း အကြောင်းရင်းများက ဘာတွေလဲ။

    ကလေးအသေ မွေးခြင်း အကြောင်းရင်းများက တိတိကျကျ ပြောဖို့တော့ ခက်ပါတယ်။ တချို့တွေမှာဆို ဘာကြောင့်ဒီလို ဖြစ်တယ်ဆိုတာကို မပြောနိုင်သေးပါဘူး။ သိထားပြီးသား အကြောင်းရင်းတွေကတော့

    • အချင်းပြဿနာများ

    အချင်းဆိုတာက သန္ဓေသားနဲ့ မိခင်ရဲ့ သားအိမ်ကို ဆက်ထားပေးတဲ့ အချိတ်အဆက်ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကနေ ကလေးငယ်အတွက် အသက်ရှင်နိုင်မယ့် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ပို့ပေးပြီး ကလေးဆီက အညစ်အကြေးတွေကိုလည်း မိခင်ဆီ ပြန်ပို့သန့်စင်ပေးပါတယ်။ ဒါကြောင့် အချင်းရဲ့လုပ်ဆောင်မှုတွေနဲ့ ဖွံ့ဖြိုးမှုတွေ မူမမှန်ဘူးဆိုရင် ကလေးမှာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

    အထူးသဖြင့် အချင်းစောကွာတာပါ။ ကလေးမမွေးသေးခင် အချင်းစောကွာတဲ့အခါ ကလေးဆီကို အာဟာရနဲ့ အောက်ဆီဂျင်တွေ မရောက်ဘဲ အန္တရာယ်ဖြစ်တတ်ပါတယ်။ အချင်းစောကွာတဲ့အခါ မိခင်မှာ သွေးဆင်းတာ၊ ဗိုက်အောင့်တာတွေ ခံစားရတတ်ပါတယ်။

    • မိခင်သွေးဆင်းခြင်း

    ကလေးမမွေးခင် ဒါမှမဟုတ် မွေးနေချိန်မှာ သွေးထွက်များပြီး မွေးချိန်ကြာနေမယ်ဆိုရင် ကလေးအဖတ်မတင်တာမျိုး ဖြစ်တတ်ပါတယ်။

    • ကိုယ်ဝန်ဆိပ်တက်ခြင်း

    ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာက ကိုယ်ဝန်ဆောင်အမေမှာ ထိန်းမရအောင် သွေးတိုးနေတာ ဖြစ်ပါတယ်။ ဒါကလည်း အချင်းမှာ ရှိတဲ့ သွေးကြောတွေရဲ့ ပြဿနာကြောင့်လို့ ဆိုကြပါတယ်။

  • သားအိမ်ခေါင်း ပုံစံမမှန်ခြင်း
  • သားအိမ်ခေါင်းဆိုတာက သားအိမ်ထိပ်ဝမှာ ရှိတဲ့ ပြွန်ပုံစံလေး ဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ကလေး ဗိုက်ထဲမှာ ရှိနေချိန်မှာ သားအိမ်ခေါင်းက မပွင့်ဘဲ စေ့နေရပါမယ်။ သားအိမ်ခေါင်းမလုံတဲ့ သူတွေမှာ သားအိမ်ခေါင်းရှိ တစ်သျူးများ အားနည်းတာကြောင့် ပွင့်ကျပြီး ကလေးပျက်ကျခြင်း၊ အသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်းများ ဖြစ်တတ်ပါတယ်။

    • ချက်ကြိုးပြဿနာများ

    ချက်ကြိုးဆိုတာက အချင်းနဲ့ ကလေးကြားမှာ ဆက်ထားတဲ့ သွေးကြောလို ကြိုးလေးပါ။ ချက်ကြိုးဖြတ်ပြီးရင်  ကလေးမှာ ချက်အနေနဲ့ ကျန်ခဲ့ပါတယ်။ ကလေးမမွေးခင် ချက်ကြိုးက မွေးလမ်းကြောင်းထဲကို ကျွံကျနေမယ်ဆိုရင် ကလေးနဲ့ပိပြီး သွေးကြောပိတ်သလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကလေးဆီကို လိုအပ်တဲ့ အာဟာရနဲ့ အောက်ဆီဂျင်တွေ မရောက်တော့လို့ အန္တရာယ်ရှိပါတယ်။

    နောက်တစ်မျိုးက ကလေးမှာ ချက်ကြိုးပတ်နေတာပါ။ ကလေးရဲ့ လည်ပင်းမှာ ချက်ကြိုးပတ်နေမယ်ဆိုရင်လည်း လည်ပင်းအစ်ပြီး ကလေးအသေ မွေးခြင်း ဖြစ်တတ်ပါတယ်။

    • Intrahepatic cholestasis လို့ခေါ်တဲ့ အသည်းရောဂါရှိနေတာ

    ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ အသည်းရောဂါပါ။ သွေးထဲမှာ သည်းခြေဆားတွေ များလာတဲ့အတွက် ကိုယ်ဝန်ဆောင်အမေမှာ အသားယားတာတွေ ဖြစ်တတ်ပါတယ်။ အဲ့တာထက် ပိုဆိုးတာက ကလေး အသေ မွေးခြင်း ဖြစ်တတ်တာပါ။

    • ကလေးမှာ မွေးရာပါ ချို့ယွင်းချက် ရှိနေတာ

    မွေးရာပါ ချို့ယွင်းချက်ကြောင့် ကလေးက အသက်ဆက်ရှင်ဖို့ မဖြစ်နိုင်တော့ဘဲ ဗိုက်ထဲမှာတင် ဆုံးသွားတာဖြစ်ပါတယ်။

  • ကိုယ်ဝန်ဆောင်ဆီးချို ရှိနေတာ
  • ကိုယ်ဝန်ဆောင်ဆီးချိုရှိတိုင်းတော့ ကလေး အသေ မမွေးပါဘူး။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်တွေ ထိန်းမရအောင် တက်နေရင်တော့ ကလေးကို ထိခိုက်တတ်ပါတယ်။

    • ကူးစက်ရောဂါများ ဝင်ခြင်း

    များသောအားဖြင့်တော့ မိခင်ရဲ့ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တဲ့အခါ သားအိမ်ထိရောက်ပြီး ကလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံး ပိုးဝင်ခြင်းတွေကတော့  group B streptococcus၊ အီကိုလိုင်၊ Klebsiella၊ Enterococcus၊ Haemophilus influenza၊ ကလိုင်မိုင်ဒီးယား၊ Mycoplasma၊ Ureaplasma စတဲ့ပိုးတွေကြောင့် အဖြစ်များပါတယ်။

    အဲ့ဒီထဲမှာမှ ကလိုင်မိုင်ဒီးယား၊ Mycoplasmaနဲ့ Ureaplasmaက လိင်ကနေတဆင့် ကူးစက်တတ်တဲ့ ပိုးတွေ ဖြစ်ပါတယ်။ အတူနေတဲ့အခါ ကွန်ဒုံးသုံးပြီး ကာကွယ်လို့ ရပါတယ်။

    ဒါတွေအပြင် ကလေး အသေ မွေးခြင်း ကို ဖြစ်စေတဲ့ တခြားကူးစက်ရောဂါပိုးတွေကတော့

    • ဂျိုက်သိုး (ဂျာမန်ဝက်သက်)
    • ရာသီတုပ်ကွေး− ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။
    • ပါဗိုဗိုင်ရပ်စ် B19 − ကလေးတွေမှာ ဖြစ်ပေမယ့် သူတို့ကနေ ကိုယ်ဝန်ဆောင်ကို ကူးပြီး ဗိုက်ထဲက ကလေးကို ဒုက္ခဖြစ်စေတတ်ပါတယ်။
    • Coxsackie ဗိုင်းရပ်စ် − ကလေးတွေမှာ ခြေလက်ပါးစပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပါ။
    • Cytomegalovirus – ခန္ဓာကိုယ်ကထွက်တဲ့ ဆီး၊ တံတွေးတွေကနေ ကူးစက်တတ်ပါတယ်။
    • ရေယုန် − လိင်အင်္ဂါရေယုန်ရော  နှုတ်ခမ်းရေယုန်ရော ပါပါတယ်။
    • လစ်စတီးယားပိုး − အဲ့ဒီ ဘက်တီးရီးယားပါတဲ့ အစားအစာတွေကို စားမိရာကနေ ကူးစက်တာပါ။
    • Toxoplasmosis – ကြောင်ချေးကနေ ကူးတဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။
    • လိုင်းမ် ရောဂါ − Ticksလို့ခေါ်တဲ့ အကောင်ငယ်လေးတွေကနေ ကူးစက်တာ ဖြစ်ပါတယ်။
    • Q fever – ဆိတ်၊ သိုး၊ နွားတွေကနေတဆင့် ကူးစက်တာ ဖြစ်ပါတယ်။
    • Leptospirosis − ကြွက်တွေကနေ  ကူးစက်တာ ဖြစ်ပါတယ်။
    • ငှက်ဖျားရောဂါ

    ကလေးအသေ မွေးနိုင်ခြေ များသူများ

    အပေါ်ကအချက်တွေအပြင် ဒီလိုကိုယ်ဝန်ဆောင်တွေကလည်း ကလေးအဖတ်မတင်ဖို့ အခွင့်အလမ်းများပါတယ်တဲ့။

    • အမြွာကိုယ်ဝန်
    • ကြီးသင့်သလောက် မကြီးထွားတဲ့ သန္ဓေသားကို ကိုယ်ဝန်ဆောင်ထားတဲ့အခါ
    • အသက် ၃၅နှစ်နဲ့အထက်
    • ကိုယ်ဝန်ဆောင်ချိန်မှာ အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးသုံးတဲ့အခါ
    • အဝလွန်တဲ့ ကိုယ်ဝန်ဆောင် (အထူးသဖြင့် BMI ၃၀နဲ့အထက်)
    • အတက်ရောဂါလိုမျိုး ရောဂါအခံတစ်ခုခု ရှိတဲ့ မိခင်တွေပဲဖြစ်ပါတယ်။

    ကလေးအသေ မွေးခြင်း က တစ်ခါတလေမှာ အကြောင်းရင်းမရှိဘဲ ဖြစ်တတ်ပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေကို တတ်နိုင်သမျှ မဖြစ်အောင် ကာကွယ်ထားပါ။ ဒါ့ပြင် ကိုယ်ဝန်ရက်ချိန်း ပုံမှန်ပြပါ။ ဒါမှ ကလေးမှာ တစ်ခုခု ဖြစ်တဲ့အခါ ကြိုတင်သိရှိနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement