backup og meta

ကိုယ်ဝန်ဆောင်ချိန်မနက်ခင်းပျို့အန်ခြင်း ကောင်းသလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မနက်ခင်းပျို့အန်ခြင်း ကောင်းသလား

    သင့်မှာကိုယ်ဝန်ရှိနေပြီဆိုရင်ပျို့အန်တာတွေကိုခံစားရမှာပါ။ ဒီလိုပျို့အန်တာကိုကိုယ်ဝန်ဆောင်ကာလမှာမနက်စောစောပျို့အန်ခြင်း (Morning sickness) လို့ခေါ်ပါတယ်။ ဒီလက္ခဏာတွေဟာသင့်ကိုနေရထိုင်ရအဆင်မပြေဖြစ်စေပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ကာလမှာပျို့အန်တာကောင်းလားလို့မေးရင်ကောင်းလည်းကောင်းတယ်၊မကောင်းလည်းမကောင်းဖူးလို့ဖြေရမှာပါ။ ရှုပ်သွားပြီလား။ ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။

    ကိုယ်ဝန်ဆောင်စဉ်ပျို့အန်တာကောင်းလား။

    ဒီမေးခွန်းကအတော်ဖြေရခက်တဲ့မေးခွန်းပါ။ တယောက်ရဲ့အဖြနဲ့နောက်တယောက်ကလည်းတူချင်မှတူပါလိမ့်မယ်(ခံစားရတာမှမတူတာကိုး)။ မနက်စောစောပျို့အန်ခြင်းဟာကိုယ်ဝန်ရှိခြင်းရဲ့အတွေ့ရများတဲ့လက္ခဏာတခုဖြစ်ပါတယ်။ ကိုယ်ဝန်၆ပတ်လောက်မှာစဖြစ်ပြီး၁၂ပတ်လောက်မှာပျောက်သွားလေ့ရှိပါတယ်။Morning sickness မနက်စောစောပျို့အန်ခြင်းလို့ခေါ်ပေမယ့်တနေ့တာလုံးမှာ ဖြစ်ချင်တဲ့အချိန်ထဖြစ်နိုင်ပါတယ်။ ဒါပေမယ့်မနက်ပိုင်းမှာအဆိုးဆုံးဖြစ်ပြီးတဖြည်းဖြည်းနဲ့သက်သာသွားလေ့ရှိပါတယ်။

    .လေ့လာချက်များအရကိုယ်ဝန်ဆောင်ကာလမှာပျို့အန်ခြင်းဟာကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ခန္ဓါကိုယ်ထဲမှာဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်တာကြောင့်လို့သိရပါတယ်။ ကိုယ်ဝန်ရှိလာတဲ့အခါခန္ဓါကိုယ်ကနေ human chorionic gonadotropin (HCG) ဟော်မုန်းကိုထုတ်ပေးပါတယ်။ ဒီဟော်မုန်းနဲ့ပျို့အန်ခြင်းတို့ဟာဆက်နွယ်နေပါတယ်။ ကလေးတယောက်ထက်ပိုလွယ်ထားရတဲ့ကိုယ်ဝန်ဆောင်တွေမှာ HCG ထွက်ရှိမှုပုံမှန်ထက်ပိုများတာမို့ပျို့အန်တာကိုပိုပြီးခံစားရပါလိမ့်မယ်။ သူတင်ပဲလားဆိုတော့မဟုတ်ပါဖူး။ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်တဲ့ estrogen ဟာလည်းဒီကိစ္စမှာတနည်းတဖုံပါဝင်ပတ်သက်နေပါသတဲ့။

    ပျို့အန်တာမျိုးမရှိတဲ့ကိုယ်ဝန်ဟာပုံမှန်မဟုတ်ဖူး၊ပြဿနာရှိတယ်လို့ဆိုလိုတာတော့လည်းမဟုတ်ပြန်ပါဖူး။ အပြင်းအထန်ပျို့အန်တာကလည်းအာဟာရချို့တဲ့မှုတွေ electrolyte မညီမျှမှုတွေကိုဦးတည်စေပြီးမိခင်ရောကလေးကိုပါထိခိုက်စေတဲ့အတွက်ဒါဟာမကောင်းဖူးလို့လည်းတချို့ကဆိုကြပြန်ပါတယ်။ ကားမူး၊လေယာဉ်မူးတာပဲဖြစ်ဖြစ်တခြားအနံ့အသက်တခုကြောင့်ပဲ ဖြစ်ဖြစ်နေရထိုင်ရမကောင်းတဲ့အချိန်မှာ morning sickness ရရင်တော့တော်တော်ကိုစိတ်ပျက်ဖို့ကောင်းမှာအမှန်ပါပဲ။

    ဒီလက္ခဏာတွေကိုသက်သာအောင်ဘာလုပ်ရမလဲ။

    ကိုယ်ဝန်ဆောင်တယောက်အတွက်ပျို့အန်တာပုံမှန်ပဲဆိုပေမယ့်နေလို့ထိုင်လို့မကောင်းတာမျိုးဖြစ်စေတဲ့အပြင်ပျို့အန်တာလူကိုပင်ပန်းနွမ်းနယ်စေပါသေးတယ်။ အောက်မှာပြောပြမယ့်အချက်လေးတွေကိုလိုက်လုပ်ကြည့်မယ်ဆိုရင်ခံစားနေရတာလေးတွေအနည်းအကျဉ်းပဲ ဖြစ်ဖြစ်သက်သာသွားမယ်လို့မျှော်လင့်ပါတယ်။

    • အစာကိုနည်းနည်းနဲ့ခဏခဏစားပါ။ ပရိုတင်းဓါတ်နဲ့ကာဗိုဟိုက်ဒရိတ်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေဟာအားအင်ပိုဖြစ်စေတာမို့သူတို့ကိုများများစားပါ။
    • ခန္ဓါကိုယ်ကနေအစာတွေကိုပိုပြီးကောင်းကောင်းစုပ်ယူနိုင်စေဖို့အတွက်အစာစားရင် ဖြည်းဖြည်းချင်းကြေညက်အောင်ဝါးစားပါ။ ဒါမှဗိုက်ထဲမှာအစာတွေအချိန်ပိုကြာကြာခံမှာပါ။
    • အစာမစားခင်နဲ့စားပြီးတိုင်းအရည်တွေသောက်ပေးပါ။
    • သင်ကြိုက်တတ်တဲ့သွားရည်စာလေးတွေဥပမာဘီစကစ်တို့၊ကွတ်ကီးတို့၊ဒိန်ချဉ်တို့၊သစ်သီးတို့ကိုစားချင်တဲ့အချိန်အလွယ်တကူယူစားလို့ရအောင်အနီးနားမှာထားပါ။ သူတို့ဟာအားဖြစ်စေသလိုဗိုက်လည်းဝပါတယ်။ ဒါမျိုးလေးတွေဟာပျို့အန်တာကိုလည်းသက်သာစေပါတယ်။
    • စားချင်စိတ်ပေါက်တိုင်းဘယ်အချိန်မဆိုစားသာစားပါ။
    • ရဓါတ်လုံလုံလောက်လောက်ရရှိနိုင်ဖို့အတွက်ရေ၊နွားနို့ဒါမှမဟုတ်သစ်သီးဖျော်ရည်တွေကိုများများသောက်ပေးပါ။
    • ပူတဲ့အစားအစာတွေဟာပျို့အန်မအီမသာဖြစ်တာကိုပိုဆိုးစေတဲ့အတွက်အေးတဲ့အစာအစာတွေကိုပဲတတ်နိုင်သမျှစားပေးပါ။
    • ခံတွင်းနံ့မနံစေဖို့အစာမစားခင်နဲ့အစာစားပြီးတိုင်းအာလုပ်ကျင်းပါ။
    • လမ်းလျှောက်တာ၊စက်ဘီးစီးတာ၊ရေကူးတာစတဲ့သိပ်မပြင်းထန်တဲ့အားကစားတွေလုပ်ပေးပါ။
    • လကောင်းလေသန့်ရဖို့ ပြူတင်းပေါက်ကိုဖွင့်ထားပါ။
    • ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာပျို့အန်တာပိုဖြစ်နိုင်တာမို့အခွင့်အရေးရတာနဲ့အနားယူပါ။ စိတ်လက်ဖြေလျှော့ပါ။ တရေးတမောအိပ်စက်ပါ။
    • ချင်းဟာအလွယ်တကူဝယ်ယူရရှိနိုင်ပြီးအစာအိမ်အတွက်လည်းကောင်းတာမို့ဂျင်းပါတဲ့သောက်စရာတွေကိုစမ်းသောက်ကြည့်ပါ။

    ဘာတွေကိုရှောင်ရှားသင့်လဲ။

    • ပျို့အန်တာကိုပိုဖြစ်စေမယ့်အစားအသောက်ဒါမှမဟုတ်တခြားအရာတွေ(ဥပမာ။။ အလုံပိတ်အိုက်လှောင်နေတဲ့အခန်း၊ရေမွှေးနံ့စူးစူးဒါမှမဟုတ်ကားစီးတာစသဖြင့်)ကိုတတ်နိုင်သမျှရှောင်ပါ။
    • အဆီအဆိမ့်များတဲ့အစာတွေကိုရှောင်ပါ။ စပ်တာတွေ၊ဆီကြော်တွေနဲ့ချဉ်တဲ့အစားအစာတွေကိုလည်းရှောင်သင့်ပါတယ်။ ဒီအစားအစာတွေဟာသင့်အစာခြေလမ်းကြောင်းကိုဒုက္ခပေးနိုင်လို့ပါ။
    • အစာစားနေတုန်းအရည်တွေကိုမသောက်ပါနဲ့။ တခါတည်းနဲ့လည်းအများကြီးသောက်မချပါနဲ့။ အရည်တွေနဲ့ဗိုက်အရမ်းတင်းသွားရင်အစာများများမစားနိုင်တော့မှာစိုးလို့ပါ။
    • မနက်နိုးနိုးချင်းအိပ်ယာထဲကဆတ်ခနဲချက်ချင်းမထပါနဲ့။
    • အစာစားပြီးပြီးချင်းလှဲမအိပ်နေပါနဲ့။ အပေါ့စားလှုပ်ရှားမှုလေးတွေကိုလုပ်ပါ။
    • ပျို့အန်မအီမသာဖြစ်လို့အစာမစားချင်သည့်တိုင်ထမင်းချိန်တွေကိုအလွတ်မခံပါနဲ့။ ဝင်သလောက်စားပါ။

    ပျို့အန်တယ်ဆိုတာကိုယ်ဝန်ရှိခြင်းရဲ့ကနဦးလက္ခဏာပါ။ ဒါပေမယ့်ပျို့အန်တာတရားလွန်ဖြစ်လာရင်တော့အာဟာရချို့တဲ့တာမျိုးအပါအဝင်တခြားပြဿနာတွေကို ဖြစ်စေနိုင်တဲ့အတွက်ကလေးကိုပါထိခိုက်နိုင်ပါတယ်။ ဒါကြောင့်အပေါ်မှာဖော်ပြခဲ့တဲ့အချက်လေးတွေကိုလိုက်နာမယ်ဆိုရင်အကျိုးရှိမှာ ဖြစ်သလိုလိုအပ်လာပြီဆိုရင်လည်းဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြသဖို့လိုပါကြောင်း။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement