backup og meta

အစားအသောက်ပြင်ဆင် ပေးမယ့် ဖေဖေမေမေတို့ သိထားသင့်တဲ့အချက်များ


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအသောက်ပြင်ဆင် ပေးမယ့် ဖေဖေမေမေတို့ သိထားသင့်တဲ့အချက်များ

    အစားအစာတွေထဲ အနံ့ရော အရသာပါပြောင်းလဲထူးခြားတာမျိုးမဖြစ်စေဘဲ ဘက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်နေနိုင်တယ်ဆိုတာကို သိပါရဲ့လား။ အနံ့ပြောင်းနေရင်ဖြစ်ဖြစ် အရသာပြောင်းနေရင်ဖြစ်ဖြစ် မစားသင့်ဘူးဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။ အစားအစာက ခန္ဓာကိုယ်အတွက် မဖြစ်မနေမှီဝဲအားထားရတဲ့အရာပါ။ ဒီတော့ အစားအစာဘေးကင်းမှ ကျန်းမာဖွံ့ဖြိုးမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒီလိုအရေးကြီးတဲ့ အစာအာဟာရကိုဘေးကင်းအောင်ပြင်ဆင်ဖို့က မဖြစ်မနေသတိထားသင့်တဲ့အချက်ပါ။ ဒီတော့ သားသားမီးမီးလေးတွေကို အစားအသောက်ပြင်ဆင် ကျွေးမွေးမယ့် မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေကို ကျန်းမာဖွံ့ဖြိုးမှုမထိခိုက်စေဖို့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။

    အစားအစာတွေကို ဘေးကင်းကင်းနဲ့ အာဟာရပြည့်ဝစေဖို့ ပြင်ဆင်မယ်

    အစားအစာတွေ မသန့်ရှင်းတာကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အခြေခံအကျဆုံးဖြစ်တဲ့ သန့်ရှင်းရေးကို ဂရုစိုက်တာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကစလို့ ပြင်ဆင်အသုံးပြုတဲ့ ပစ္စည်းတွေအဆုံး အကုန်လုံးကို သန့်ရှင်းသပ်ရပ်အောင် ဂရုစိုက်ရပါမယ်။

    အစားအသောက်ပြင်ဆင် မယ့်သူတွေ လိုက်နာရမယ့် အခြေခံအချက်များ

    သားသားမီးမီးလေးတွေ အပါအဝင် တစ်မိသားစုကျန်းမာပြီး အာဟာရပြည့်တဲ့အစားအစာတွေ စားသုံးခွင့်ရစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပြီး ပြင်ဆင်ပေးဖို့လိုပါမယ်။

    သန့်ရှင်းရေး ဂရုစိုက်လက်တွေကို သန့်စင်အောင်ဆေး၊ အစားအသောက်ပြင်ဆင်ရာမှာ အသုံးပြုတဲ့ အသုံးအဆောင်တွေကို သန့်စင်အောင်ဆေးပါ။

    သီးသန့်ခွဲထားအသားတွေ၊ ငါးတွေနဲ့ အသီးအရွက်တွေ၊ အခြောက်အခြမ်း စားစရာတွေကို သပ်သပ်စီခွဲထားပါ။

    ကျက်အောင်ချက် – အစားအစာချက်တိုင်း အပူချိန် လုံလောက်အောင်ပေးပြီး သေချာကျက်အောင် ချက်ပါ။

    ရေခဲသေတ္တာကို အအေးမျှတအောင်ထားရေခဲသေတ္တာထဲမှာ စားသောက်စရာတွေ သိမ်းဆည်းရတာဖြစ်တဲ့အတွက် အအေးကိုမျှတအောင်ထားပေးပါ။

    ဈေးဝယ်ထွက်တဲ့အခါ

    အစားအစာတွေ ချက်ပြုတ်တော့မယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက ဈေးဝယ်တာပေါ့။ ဒီတော့ ဈေးဝယ်ပြီဆိုရင် ဒါတွေဂရုစိုက်ပါ။

    • ဈေးဝယ်တဲ့အခါ အာလူးကြော်၊ Cereals၊ ပေါင်မုန့်တို့လိုမျိုး အစားအစာတွေကို အရင်ဝယ်ယူပြီးမှ နို့၊ အသား၊ ငါးနဲ့ အခြားသော အေးခဲထားတဲ့ အစားအစာတွေကို ဝယ်ပါ။
    • အသားငါးတွေ ဝယ်တဲ့အခါ သေချာထုပ်ပိုးထား၊ မထား စစ်ဆေးပါ။ ထုတ်ပိုးမှု ပုံပျက်နေတာတွေကို မရွေးချယ်ပါနဲ့။
    • ထုတ်လုပ်ရက်နဲ့ ကုန်ဆုံးရက်ကို စစ်ဆေးပါ။
    • အမြင်အရ မလတ်ဆတ်ဘူးလို့ ထင်ရတဲ့ အသား၊ ငါးတွေ၊ အနံ့အသက် သိပ်မကောင်းတော့တဲ့ အသား၊ ငါးတွေကို မရွေးချယ်ပါနဲ့။ မျက်လုံးနဲ့ နှာခေါင်းအနံ့ခံအာရုံတို့ရဲ့  ညွှန်ကြားချက်ကို လိုက်နာပါ။
    • အအေးခံထားတဲ့ အစားအသောက်တွေနဲ့ အခြားသော အစားအစာတွေနဲ့ ခွဲခြားထားပါ။ အသား၊ ငါးတွေနဲ့ အခြာက်အခြမ်း စားစရာတွေ၊ ချက်ပြုတ်စရာ မလိုဘဲ စားသောက်နိုင်တဲ့ အစားအစာတွေကို ရောမထားပါနဲ့။ ခြင်းထဲမှာ တစ်ဖက်စီခွဲထားပါ။
    • ကြက်ဥ၊ ဘဲဥတွေ မဝယ်ခင် အခွံ အက်နေလား၊ ကွဲနေလားဆိုတာကို စစ်ဆေးပါ။ ကွဲနေ၊ အက်နေရင် မဝယ်ပါနဲ့။
    • သစ်သီးတွေကိုလည်း နွမ်းနေတာ၊ အနာအဆာပါတာမျိုး မဝယ်ပါနဲ့။ လတ်ဆတ်တဲ့ သစ်သီးတွေကိုပဲရွေးချယ်ပေးပါ။

    အစားအသောက်ပြင်ဆင် ပေးမယ့် ဖေဖေမေမေတို့ သိထားသင့်တဲ့ အချက်များ

    အစားအသောက်ပြင်ဆင် ချက်ပြုတ်တဲ့အခါ

    အစားအသောက်ပြင်ဆင် ချက်ပြုတ်တော့မယ်ဆိုရင် –

    • အရင်ဆုံး လက်ဆေးပါ။ ရေခပ်နွေးနွေးလေးနဲ့ ဆပ်ပြာကို သုံးပြီး ဆေးကြောပေးပါ။
    • အသားစိမ်း ငါးစိမ်းတွေကို ဟင်းသီးဟင်းရွက်တွေနဲ့ ရောမထားပါနဲ့။
    • အသားတွေ ငါးတွေ လှီးပြီးတိုင်း စဉ်းတီတုံးကို ဆေးကြောပါ။ ဆပ်ပြာရည်သုံးပြီး ဆေးကြောပေးတာက ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ရေနွေးနဲ့ဆေးကြောပေးလည်း ရပါတယ်။
    • အသီးအရွက်တွေ မလှီးခင်မှာ စဉ်းတီတုံးကို သေချာဆေးကြော ပေးပါ။
    • အသားတွေ၊ငါးတွေကို သေချာကျက်အောင် ချက်ပြုတ်ပါ။
    • အသားစိမ်၊ ငါးစိမ်းတွေ နယ်ထားတဲ့ ပန်းကန်ထဲကို ချက်ပြီးသားတွေ ထည့်လိုက်တာမျိုး မလုပ်ပါနဲ့။
    • အိုးခွက်ပန်းကန်တွေကို သန့်ရှင်းအောင်ထားပေးပါ။
    • အသားစိမ်း၊ ငါးစိမ်းတွေကို မီးဖိုခန်းထဲမှာ အလွယ်တကူ ဆေးကြောလိုက်တာမျိုးမလုပ်ပါနဲ့။
    • ဟင်းသီးဟင်းရွက်တွေ ဆေးတဲ့အခါ ရေထဲကို ဆားနည်းနည်းထည့်ပြီး ဆေးကြောပေးပါ။

    အစားအသောက်ပြင်ဆင် ပေးမယ့် ဖေဖေမေမေတို့ သိထားသင့်တဲ့ အချက်များ

    • အသားစိမ်း၊ ငါးစိမ်းတွေ လှီးထားတဲ့ ဓားကို သေချာဆေးကြောပြီးမှ အခြားသောအရာတွေကို လှီးပါ။
    • လက်သုတ်ဝတ်တွေကို ဆပ်ပြာမှုန့်ရေနွေးတို့ကို အသုံးပြုပြီး ပုံမှန်လျှော်ဖွတ်ပေးပါ။
    • ပန်းကန်စင်နဲ့ မီးဖိုစင်ကိုလည်းသေချာသန့်စင်ဆေးကြောပါ။
    • ဘေစင်ကို သေချာဆေးကြောဖို့ မမေ့သင့်သလို မီးဖိုခန်းကိုလည်း သေချာသန့်ရှင်းအောင်ထားပါ။
    • ပန်းကန်ဆေးရာမှာ အသုံးပြုတဲ့ အိုးတိုက်စကို ပုံမှန်လဲလှယ်ပေးပါ။

    ဒီအချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ရင်း သားသားမီးမီးတို့ကို ဘေးကင်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ပြင်ဆင်ပေးလိုက်ပါ ဖေဖေမေမေတို့ရေ ….

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement