backup og meta

မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

    မိုး လို့ ဆိုလိုက်ရင် ကလေးတွေကတော့ ပျော်တာပဲ။ ကျောင်းသွား ကျောင်းပြန် မိုးရေထဲ သွားရတာ ပျော်တယ်၊ ဆော့ရတာပျော်တယ်။ မိုးရေချိုး ချင်ကြတယ်။ တချို့ကလေးတွေကျ အိပ်ရာထဲ ကွေးနေချင်တာ သဘာဝပါပဲ။

    ဒီလိုရာသီ ကလေးတို့ ရဲ့ ကျန်းမာရေးအတွက် မိဘတွေမှာ တာဝန်ကြီးတာပေါ့။ မိုး နဲ့အတူ ပါလာနိုင်တဲ့ ရောဂါတွေက နည်းမှ မနည်းဘဲလေ။ ဥပမာ မိုးရာသီ မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ရောဂါပိုး အပါအဝင် ဒီအချိန် ဖြစ်တတ်တဲ့ ရောဂါ တွေအတွက် ကြိုတင်ကာကွယ်ပေးရပါလိမ့်မယ်။

    မိုး ရာသီမှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအသောက် (၇) မျိုး

    မိုးရာသီမှာ ကလေးအာဟာရနဲ့ ပတ်သက်ပြီး အရေးကြီးဆုံး သတိထားရမှာက သန့်ရှင်းမှုနဲ့ လတ်ဆတ်မှု ပါ။ သန့်ရှင်းမှု အားနည်းတဲ့အခါ ဝမ်းပျက်ဝမ်းလျှော ကိုဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေ ကပ်ငြိပါသွားနိုင်တယ်။ မလတ်ဆတ်တဲ့ အစားအသောက်တွေ ဆိုရင် အစာအဆိပ်သင့်စေတဲ့ ပိုးတွေ ၊ အစာအိမ်အနာဖြစ်စေနိုင်တဲ့ ပိုးတွေ ပါလာနိုင်ပါတယ်။

    အဖြစ်များတဲ့ ရာသီတုပ်ကွေးနဲ့ မိုးရာသီ အဖြစ်များတဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ ကလေးရဲ့ ကိုယ်ခံအားအတွက် အရေးပါတဲ့ အစာခြေစနစ်ကို ဂရုစိုက်စောင့်ရှောက်ပေးရမှာပါ။ အစာခြေစနစ် ကျန်းမာဖို့ ဒီရာသီမှာ ရှောင်သင့် သို့မဟုတ် ကန့်သတ်စားသုံးသင့်တာတွေက –

    (၁) အဆီများတဲ့ ၊ ဆီကြော် အစားအစာ

    မိုး ရာသီမှာ အစာမကြေ ဖြစ်လွယ်ပါတယ်။ ဒီအချိန်မှာ ကိုယ်ခံအားစနစ် ကျန်းမာဖို့ ကလေးရဲ့ အစာခြေစနစ်ကို ဂရုစိုက် ထိန်းသိမ်းပေးရမှာပါ။ ဆီကြော် အစားအစာတွေနဲ့ အဆီများတဲ့ စားစရာတွေက အစာမကြေ ဖြစ်တတ်ပါတယ်။

    (၂) လက်သုပ်စုံ

    ကလေးကို အပြင်စာတွေ ၊ အထူးသဖြင့် အသုပ်တွေ ဝယ်မကျွေးတာ ကောင်းပါတယ်။ တကယ်လို့ ကလေးက စားချင်တယ်ဆို ကိုယ်တိုင် သန့်သန့်ရှင်းရှင်း လုပ်ကျွေးပါ။ ဒီရာသီမှာ ဝမ်းနူးစေနိုင်တဲ့ အသုပ်တွေကို ဖြစ်နိုင်ရင် တော့ ကလေးကို မကျွေးတာ ကောင်းပါတယ်။

    (၃) အငန်များတဲ့ အစားအစာ

    အငန်များတာတွေ စားရင် ခန္ဓာကိုယ်မှာ အရည်ဓာတ်စုခြင်း (ဖောရောင်ခြင်း) ဖြစ်လာနိုင်ခြေ များပါတယ်။ ကလေးတွေမှာ အငန်တွေစား၊ ရေတွေပိုသောက်၊ အရည်တွေစုလာရင် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ကလေးအာဟာရမှာ အငန်မများစေဖို့ ဂရုစိုက်ပေးပါ။

    (၄) နို့ထွက်ပစ္စည်း

    မိုးရာသီမှာ လတ်ဆတ်တဲ့ နွားနို့ သောက်တာ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေရဲ့ သဘောသဘာဝအရ ဒီရာသီမှာ မြန်မြန်ဆန်ဆန် ဓာတ်ပျက်လွယ်ပါတယ်။ ဓာတ်ပျက်တယ်ဆိုတာ နို့ထွက်ပစ္စည်း မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးပြီး အနံ့အရသာ ပြောင်းလဲ ပျက်စီးသွားတာပါ။

    ဒိန်ချဉ် က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလတ်ဆတ်ဆုံး စားတာပဲ အကောင်းဆုံးပါ။ ဒိန်ချဉ် မဖြစ်၊ နို့မဖြစ် ဓာတ်ပျက်သွားတဲ့ အနေအထားတွေဆို အခန့်မသင့်ရင် အစာအဆိပ်သင့်တာ အထိ ဖြစ်စေနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေ ရက်လွန်တာ၊ အသွင်သဏ္ဍာန်ပြောင်းလဲတာတွေက ဝမ်းပျက်စေနိုင်တဲ့ လက္ခဏာတွေပါ။

    (၅) ဟင်းသီးဟင်းရွက် အစိမ်း

    ကလေးကို အသီးအရွက် ကျွေးပါ ဆိုပေမယ့် ဒီရာသီမှာ အစိမ်း မကျွေးတာ ကောင်းပါမယ်နော်။ ပူပူနွေးနွေး ဟင်းအဖြစ်ပဲ ချက်ကျွေးပါ။

    မိုးတွင်းဆို ဟင်းသီးဟင်းရွက် တွေဟာ စိုက်ခင်းကနေ၊ စျေး၊ မီးဖိုချောင် စတဲ့ အဆင့်ဆင့် ဖြတ်ကျော်ခဲ့တဲ့ နေရာတွေမှာ ရောဂါပိုးတွေ ကပ်ငြိလာနိုင်ခြေ ပိုများပါတယ်။ အစာခြေစနစ် ဖွံ့ဖြိုးဆဲအရွယ် ဖြစ်တဲ့ ကလေးတွေ အတွက် အရဲစွန့်ပြီး အသီးအရွက်အစိမ်း မကျွေးပါနဲ့လို့ အကြံပြုချင်ပါတယ်။

    (၆) လှီးဖြတ်ပြီးသား အသီးအနှံ

    ဆိုလိုတာက အပြင်မှာရောင်းတဲ့ လှီးဖြတ်ပြီးသား၊ ခွဲပြီးသား အသီးအနှံ တွေပါ။ အခွံမနွှာရသေး၊ မလှီးဖြတ်ရသေးတဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေကို ဝယ်ပြီးမှ အိမ်မှာ ကိုယ်တိုင် ခွဲကျွေးပါ။ ဆိုင်က လှီးဖြတ်ပေးတဲ့ အသီးအနှံတွေက သန့်ရှင်းအောင် ဆေးကြောပါ့မလား၊ လက် သေချာဆေးပြီးမှ ကိုင်တွယ်တာ ဟုတ်ရဲ့လား မသေချာနိုင်ပါဘူး။

    (၇) ရက်ကျန် အစားအစာ

    အပေါ်မှာ ပြောခဲ့သလိုပဲ ကလေးကို ကျွေးမယ့် အစားအသောက်တွေက လတ်ဆတ်ဖို့ အရေးကြီးပါတယ်။ မနက်စာ၊ ညစာ ချန်ထားတဲ့ အစားအစာတွေ (ဥပမာ ကလေးက ကြိုက်လို့ ဆိုပြီး ကြက်ကြော်တို့၊ ဘဲကင်တို့ ခွဲသိမ်းထားတာမျိုး) ၊ မနွှေးထားတဲ့ ဟင်းတွေ၊ ပထမရက်က ဟင်းလျာတွေ၊ ‌ရေခဲသေတ္တာ ထဲက ထည့်ထားတာ ကြာတဲ့ အစားအသောက်တွေ မကျွေးပါနဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement