backup og meta

၂ နှစ်သား ကလေးကို ဘယ်လို ကျွေးမွေးပြုစုသင့်သလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ၂ နှစ်သား ကလေးကို ဘယ်လို ကျွေးမွေးပြုစုသင့်သလဲ

    အသက်၂နှစ်ရောက်တဲ့အခါ သင့်ကလေးရဲ့စားသောက်မှုပုံစံက ပြောင်းလဲလာပါပြီ။ သူတို့လေးတွေ ကျန်းမာရေးနဲ့သင့်တော်မျှတတဲ့ စားသောက်မှုပုံစံကို အသားကျပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကို ရရှိလာစေဖို့အတွက် သူတို့စားတဲ့အစားအသောက်တွေ၊ ဗီတာမင်တွေကို သင့်အနေနဲ့ထိန်းညှိပေးဖို့လိုလာပါတယ်။

    အသက်၂နှစ်အရွယ် သင့်ရင်သွေးလေးဟာ လူကြီးတွေစားသလို တစ်နေ့ကိုသုံးကြိမ်စားသင့်ပါပြီ။ ကြားထဲမှာလည်း အဆာပြေသရေစာလေးတစ်ကြိမ်နှစ်ကြိမ်စားပေါ့။ ဒါပေမယ့် သင့်ကလေးကို ဗီတာမင်နဲ့သတ္တုဓါတ်တွေလုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မယ့် သစ်သီးအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေနဲ့ပရိုတင်းဓါတ်တွေကို ရွေးချယ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အာဟာရမပြည့်ဝခြင်း၊ ဗီတာမင်ဓါတ်ချို့တဲ့ခြင်းတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

    အခုဆိုရင် သင့်ကလေးဟာ ဇွန်းနဲ့စားတတ်လာပါပြီ။ ရေခွက်ကို လက်တဖက်တည်းနဲ့ကိုင်ပြီးသောက်တတ်လာပါပြီ။ ပြီးတော့ အစားအမျိုးမျိုးလည်း စားတတ်လာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ကလေးဟာ ငယ်ရွယ်သေးတာမို့တချို့အစားအစာတွေစားတဲ့အခါ ကစားချင်ဇောနဲ့အလျင်စလိုစားတဲ့အခါ ဒါမှမဟုတ် တခြားကိုအာရုံရောက်သွားတဲ့အခါမျိုးမှာ အစာနင်တာ၊ သီးတာတွေ ဖြစ်နိုင်သေးတဲ့အတွက် သူတို့လေးတွေ အစာစားချိန်ဆိုရင် ဘေးကနေစောင့်ကြည့်ပေးဖို့လိုအပ်တုန်းပဲ ဖြစ်ပါတယ်။

    ကလေးတွေဟာ သူတို့စားနေကျ၊ သူတို့ကြိုက်တဲ့အစားအစာတွေကိုသာ တောင့်တလေ့ရှိကြတာမို့အစားအစာအသစ်တခုစားဖို့ဆိုရင် ငြင်းဆန်တတ်ကြတာ၊ ထွက်ပြေးတတ်ကြတာဟာသဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်အစားအစာတွေကို ကလေးတွေကြိုက်တတ်တဲ့ ပုံစံလေးတွေ၊ အရုပ်လေးတွေ ပုံဖော်တာ၊ အရောင်အသွေးစုံလင်အောင်လုပ်ပေးတာ၊ ဆန်းသစ်အောင်တီထွင်တာစသဖြင့် ပြုလုပ်ပေးပြီး ကလေးတွေကိုအစာစားချင်လာအောင် ဆွဲဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကလေးတွေဟာ အစားအစာပေါ်ကို ပိုစိတ်ဝင်စားအာရုံရောက်လာပြီး အသစ်သစ်သောအစားအစာတွေကို မငြင်းဆန်ဘဲစားလာမှာ ဖြစ်ပါတယ်။ လူကြီးမိဘတွေဟာ ဟင်းသီးဟင်းရွက်တွေနဲ့တခြားအစားအစာတွေကို ကလေးတွေသတိမထားမိအောင် အချဉ်ရည်စတာတွေနဲ့ဖုံးဖိပြီး ညာကျွေးနိုင်ပေမယ့် ကလေးတွေအနေနဲ့ အစားအစာအသစ်အဆန်းတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို သူတို့ပန်းကန်ထဲမှာနေ့စဉ်မြင်တွေ့ပြီး နောက်ဆုံးမှာ သူတို့ကိုယ်တိုင်လိုလိုလားလားနဲ့စားလာဖို့ကအရေးကြီးဆုံးပဲ ဖြစ်ပါတယ်။

    ဖြည့်စွက်စာတွေ

    အစားအသောက်ကို အစုံစားတဲ့ကလေးတွေအဖို့ ဗီတာမင် ဖြည့်စွက်အားဆေးတွေ တိုက်စရာမလိုပါဘူး။ ဒါပေမယ့် အသားစားတာနည်းတဲ့ကလေးတွေ၊ သံဓါတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေအစားနည်းတဲ့ ကလေးတွေအတွက်တော့ သံဓါတ်အားဆေးတွေ

    တိုက်ဖို့လိုပါလိမ့်မယ်။

    တကယ်လို့ သင့်ကလေးအနေနဲ့ တစ်နေ့ကို နွားနို့၃၂အောင်စ (၉၆၀စီစီလောက်)ထက် ပိုပြီးသောက်တယ်ဆိုရင် နွားနို့ဟာ သံဓါတ်ကို ခန္ဓါကိုယ်ကစုပ်ယူမှုကိုတားဆီးနှောင့်ယှက်နိုင်တာကြောင့် သူလေးအနေနဲ့သံဓါတ်ချို့တဲ့မှု ခံစားရနိုင်ချေပိုပြီးများပါတယ်။ အဆီနည်းတဲ့/အဆီမပါတဲ့နွားနို့ကို တစ်နေ့၁၆အောင်စ (၄၈၀စီစီလောက်) သောက်တာ အသင့်တော်ဆုံးပမာဏဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ အသက်၂နှစ်အရွယ် ကလေးတစ်ယောက်အတွက် သင့်တော်မျှတတဲ့အာဟာရဓါတ်ကိုပေးမှာဖြစ်သလို သံဓါတ်စုပ်ယူမှုကိုလည်း အနှောင့်အယှက်မပေးတဲ့ ပမာဏဖြစ်ပါတယ်။

    ဓါတ်မတည့်မှာကို သတိထားပါ။

    သင့်ကလေး အသက်၂နှစ်အရွယ်ရောက်တဲ့အခါ အမျိုးမျိုးသော အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို စတင်မိတ်ဆက်စားသောက်ဖို့အားပေးရမယ်ဆိုပေမယ့် ဒီလိုစားနေကျမဟုတ်တဲ့ အစားအစာအသစ်တွေကပေးလာနိုင်တဲ့ ဓါတ်မတည့်မှုတွေကိုလည်း သတိထားပြီး စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ သင့်မိသားစုအရင်းအခြာတစ်ယောက်မှာ ဒါမှမဟုတ် တယောက်ထက်ပိုပြီး ဓါတ်မတည့်တတ်တဲ့အခြေအနေမျိုး ရှိမယ် ဒါမှမဟုတ် ဓါတ်မတည့်တာကြောင့် ဖြစ်တတ်တဲ့ရောဂါတွေ (ပန်းနာရင်ကျပ်၊ နှင်းခူ၊ အစားအသောက်ဓါတ်မတည့်တာ စသဖြင့်ပေါ့) ရှိနေမယ်ဆိုရင် သင့်ရင်သွေးလေးမှာ ဓါတ်မတည့်တာ ဖြစ်နိုင်ချေပိုပြီးများပါလိမ့်မယ်။

    သကြားလုံး၊ ပြောင်းဖူးပေါက်ပေါက်၊ အခွံမာသီးတွေ၊ စပျစ်ခြောက်စတဲ့ နင်တတ်တဲ့အစားအစာတွေ စားတဲ့အခါမှာ ပိုပြီး သတိထားစောင့်ကြည့်ရပါမယ်။ ပုံမှန်အစားအစာတွေ စားနေချိန်မှာလည်း အနီးကပ်စောင့်ကြည့်ပေးပါ။

    တကယ်လို့သင့်ရဲ့အသက်၂နှစ်အရွယ်ရင်သွေးလေးကို ပြုစုစောင့်ရှောက်ရတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြဿနာတစ်ခုရှိမယ်ဆိုရင် နှောင့်နှေးတုံ့ဆိုင်းမနေဘဲ မိသားစုဆရာဝန် ဒါမှမဟုတ် ကလေးဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးအကြံဉာဏ်တောင်းခံရမှာပဲ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement