backup og meta

အချိုကြောင့် ကလေးတွေကိုထိခိုက်စေနိုင်တဲ့ ကြောက်စရာအချက် (၃)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချိုကြောင့် ကလေးတွေကိုထိခိုက်စေနိုင်တဲ့ ကြောက်စရာအချက် (၃)ချက်

    အချို ပါတဲ့ စားစရာမုန့်မှန်သမျှ ကလေးအများစု ကြိုက်နှစ်သက်ကြပေမယ့် ဒီအစားအစာတွေက သူတို့လေးတွေရဲ့ ကျန်းမာရေးအတွက်တော့ တကယ့်အန္တရာယ်ပါပဲ။ မိဘေတွအနေနဲ့ ကလေးကြိုက်ရင်ပြီးရောဆိုပြီး စားချင်တာစား လွှတ်ပေးလိုက်တဲ့အခါမှာ ကလေးတွေရဲ့ ကျန်းမာရေးမှာ ဘယ်လိုထိခိုက်လာနိုင်တယ်ဆိုတာ သိထားဖို့တော့ လိုတယ်နော်။

    အချိုကြောင့် ကလေးတွေကိုထိခိုက်စေနိုင်တဲ့ ကြောက်စရာအချက် (၃)ချက်

    အချိုကြောင့် ကလေးတွေမှာ ဒါတွေဖြစ်လာနိုင်တယ်။

    ၁။ ချွဲကျပ်၊ ချောင်းဆိုးမယ်။

    အချိုစားပြီး ခဏနေရင် ချောင်းတဟွတ်ဟွတ်ဆိုးတာ၊ ချွဲတွေကျပ်ပြီး ကလေးက အသံတွေဝင်လာတာကို တွေ့ဖူးကြတယ်မလား။ ဒါတွေက မိဘတွေ သတိလက်လွတ်ဖြစ်တတ်ကြတဲ့ သကြားဓါတ်က အရင်ဆုံး ဒုက္ခပေးတဲ့အရာတွေပါ။ ချောင်းဆိုး၊ ရင်ကျပ်တာ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဝေဒနာခံစားရတဲ့ ကလေးလည်း နေရခက်ပြီး မောပန်းနေမယ်။ ကိုယ်ခံအားကလည်း နည်းလာမယ်။ ဘေးနားက လူတွေလည်း ဒီချောင်းသံကြောင့် စိတ်ကသိကအောက်ဖြစ်ရတာပေါ့။

    ၂။ ပြီးရင် အဝလွန်လာမယ်။

    အချိုများတဲ့ မုန့်တွေမှာ လိုတာထက်ပိုပြီး သကြားတွေအများကြီးထည့်တာ သတိထားမိရဲ့လား။ ကလေးက နဂိုကတည်းက အချိုကြိုက်တဲ့သဘာဝဆိုတော့ သူတို့အတွက် နည်းနည်းစားကြည့်လေ၊ ဒီမုန့်ကို အရမ်းကြိုက်ပြီး ပိုပိုစားလေ ဖြစ်တော့မှာပါ။ အဲ့တော့ အချိုတွေစားတာများပြီး အဝလွန်လာမယ်။ အဝလွန်တာနဲ့ မပြီးသွားပါဘူး။ နောက်ဆက်တွဲ သွေးတွင်းသကြားဓာတ်များပြီး ဆီးချိုရောဂါတွေ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်လာမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ထက်ကို ပိုများနေပြီး ခန္ဓာကိုယ်က အဆီပိုတွေ များနေမှာပါ။

    ၃။ ငယ်ငယ်လေးတွေနဲ့ သွားတွေ ပျက်စီးနိုင်တယ်နော်။

    သွားနဲ့ခံတွင်းကျန်းမာရေးကို ဒုက္ခပေးတဲ့အရာတွေထဲမှာ သကြားဓာတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အချိုများတဲ့ မုန့်တွေ၊ ပြုပြင်ထားတဲ့ သကြားတွေနဲ့ လုပ်ထားတဲ့ အအေးတွေ၊ သကြားလုံးတွေက တခြားအစားအစာတွေထက် ကလေးတွေရဲ့ သွားကြားတွေထဲကို ဝင်နိုင်ပါတယ်။ ဒီသကြားဓာတ်တွေက အပေါ်ယံကြွေလွှာကို ပျက်စီးစေတယ်၊ သွားပိုးပေါက်တွေ ဖြစ်စေပြီး သွားပိုးစားစေတယ်။ သွားကြားထဲမှာ ကပ်ငြိနေတော့ ဘက်တီးရီးယားပိုးတွေ ပေါက်ဖို့လည်း ပိုလွယ်လာတဲ့အတွက် ကလေးက ငယ်ငယ်လေးနဲ့ သွားတွေဆွေးမြေ့သွားနိုင်တယ်နော်။

    အချိုအရမ်းစွဲလမ်းတဲ့အခါမှာ ဒီပြဿနာတွေဖြစ်လာနိုင်တယ်။

    စားချင်စိတ်ကနေ စွဲလမ်းစိတ်တွေ ဖြစ်သွားတဲ့အခါ လူကြီးမသိအောင် မုန့်တွေ ခိုးစားတတ်လာမယ်။ အဆိုးဆုံးကဘာလဲဆိုတော့ ဒါတွေကလွဲပြီး တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ ကျွေးလို့မရတော့လောက်အောင် ဖြစ်သွားမယ်။ အချိုမုန့်တွေမှာ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် ဘယ်လိုအာဟာရဓါတ်တွေမှ မပေးနိုင်တဲ့အပြင် မှတ်ဉာဏ်ထိခိုက်တာ၊ အတန်းထဲမှာ စာကောင်းကောင်းမလိုက်နိုင်တာ၊ စိတ်ခံစားချက်အပြောင်းအလဲ မြန်တာ၊ သက်လုံမကောင်းတော့တာ၊ ဘာမှမလုပ်ရသေးဘူး မောနေသလို ခံစားရတာတွေအပြင် အာဟာရချို့တဲ့ခြင်း လက္ခဏာတွေပါ ဖြစ်လာနိုင်ပါတယ်။

    အချိုစွဲနေပြီဆိုတာကို ဒီလက္ခဏာတွေကနေတဆင့်သိနိုင်ပါတယ်။

    • အချိုမစားရမနေနိုင်ဖြစ်ပြီး တစ်ချိန်လုံးစားချင်နေမယ်။
    • ဂဏာမငြိမ်ဖြစ်ပြီး စိတ်အပြောင်းအလဲမြန်မယ်။ စိတ်တို ဝမ်းနည်းလွယ်မယ်။
    • အရမ်းကြီးလှုပ်ရှားနေတာ ဒါမှမဟုတ် ငြိမ်နေတာမျိုးဖြစ်မယ်။
    • အာရုံစူးစိုက်မှုအားနည်းမယ်။

    အဲဒီအမူအရာတွေကိုတွေ့ရင် ကိုယ့်ကလေးမှာ အချိုစွဲလမ်းမှုပြဿနာဖြစ်နေပြီဆိုတာကိုသိနိုင်ပါတယ်။

    ကလေးတွေ အချိုလျှော့စားအောင် မိဘတွေအနေနဲ့ ဘယ်လိုလုပ်ပေးလို့ရမလဲ။

    စိတ်မကောင်းစွာနဲ့ဘဲ ကလေးကို အချိုလုံးဝဖြတ်လိုက်လို့တော့ မရပါဘူး။ တန်ဆေး၊ လွန်ဘေးဆိုသလို ကိုယ့်ကလေးကို နည်းနည်းစီကျွေးရင်းနဲ့ပဲ လိုတာထက်ပိုမစားမိအောင် ထိန်းတာက အကောင်းဆုံးပါပဲ။ မိဘတွေအနေနဲ့ လုပ်ပေးလို့ရတဲ့ နည်းလမ်းတွေကတော့

    ၁။ အိမ်မှာ အချိုများတဲ့ မုန့်တွေ၊ သကြားလုံးတွေ၊ အအေးတွေ မဆောင်ထားပါနဲ့။

    ၂။ ကလေးမြင်လောက်တဲ့နေရာမှာ အချိုများတဲ့အစားအစာတွေ မထားပါနဲ့။ အဲ့ဒီအစား သစ်သီးတွေကို သေချာပြင်ဆင်ပြီး ထားထားပေးပါ။

    ၃။ အိမ်စည်းကမ်းအရ ထမင်းစားရမယ့်အချိန်ကို သေချာကန့်သတ်ထားပါ။ ထမင်းစားနေတဲ့အချိန် တခြားဘာကိုမှ ယူမစားဖို့ စည်းကမ်းလုပ်ထားပါ။

    ၄။ ကလေးက မုန့်ပဲသရေစာ စားတတ်တဲ့အကျင့်ရှိရင် သစ်သီးတွေကို သေချာလှီးစိတ်ပြီး ကျွေးပါ။

    ၅။ မိဘတွေကိုယ်တိုင်လည်း ကလေးတွေရှေ့မှာ အချိုတွေ မစားဖို့ ဆင်ခြင်ပါ။

    မိဘတွေလည်း ဒီနည်းလမ်းတွေကို သေချာလိုက်နာပေးမယ်ဆိုရင် ကိုယ်သိပ်ချစ်ရတဲ့ ရင်သွေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်မှာ အသေအချာပဲနော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement