backup og meta

ကလေးတွေ ဦးနှောက်နှင့် ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးအောင် ဘာတွေစားသင့်သလဲ


Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ ဦးနှောက်နှင့် ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးအောင် ဘာတွေစားသင့်သလဲ

    ၂၁ ရာစုမှာ မိဘတော်တော် များများကလည်း မိမိရဲ့ ကလေးတွေ ဉာဏ်ကောင်းဖို့အတွက်နဲ့ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးအောင် အဖက်ဖက်က လုံးပန်းလာကြပါတယ်။ အစားအသောက် နဲ့ တစ်မျိုး အားဆေးနဲ့ တဖုံ နည်းမျိုးမျိုးနဲ့ကို ဆောင်ရွက်လာပါတယ်။

    အရေးကြီးတာကတော့ ကလေးတွေ ကို အာဟာရ ပြည့်အောင် ကျွေးမယ်ဆိုရင် ဉာဏ်ကောင်းရုံသာမက ခန္ဓါကိုယ်ကိုလည်း ကျန်းကျန်းမာမာ နှင့် ကြီးထွားဖွံဖြိုးစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွေးတဲ့နေရာ မှာ စနစ်တကျ နဲ့တကယ် အာဟာရဖြစ်မယ့်ဟာကိုရွေးကျွေးသင့်ပါတယ်။ ဘာတွေကို သေချာကျွေးမွေးရမလဲ ကြည့်လိုက်ရအောင်။

    ၁။ ပရိုတင် (ခေါ်) အသားဓါတ် – ကျွန်တော်တို့ မြန်မာလူမျိုး အများစု ဟာ အသားစားတာ အရမ်းနည်းပါတယ်။ တကယ်တော့ အသားဓါတ် ပြည့်ပြည့်ဝဝ စားမှသာ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးကာ မှတ်ဉာဏ်စွမ်းအားကို တက်စေပါတယ်။ အသားဓါတ် ကို အသား၊ငါး၊ ဥအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်း နှင့် ပဲအမျိုးမျိုး တို့မှရရှိနိုင်ပါတယ်။

    ၂။ Choline (ကိုလင်းဓါတ်) – မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေပါတယ်။ ကိုလင်းဓါတ်ကိုတော့ ကြက်ဥအနှစ်မှာ အဓိက တွေ့ရပါတယ်။ အသား၊ ငါး၊ ပင်လယ်စာ၊ အစေ့အဆန်၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်း အမျိုးမျိုး နှင့် ပါင်းနုနွယ် တို့မှာလည်း တွေ့ရပါတယ်။

    ၃။ Zinc (ဇင့်ဓါတ်) – ခန္ဓါကိုယ် ဇီဝကမ္မဖြစ်စဉ်တော်တော်များများ မှာ zinc က အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ်။ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှု အတွက်ရော ဦးနှောက်ဖွံဖြိုးမှု အတွက်ပါ လိုအပ်တဲ့ ဇင့်ဓါတ် ကိုလည်း ပြည့်ဝအောင် စားပေးဖို့လိုပါတယ်။ ဇင့်ဓါတ် ကတော့ ဆန်၊ ဂျုံ၊ ပြောင်း၊ အသား၊ ငါး စတာတွေ မှာပါဝင်ပါတယ်။

    ၄။ Iron (သံဓါတ်) – မြန်မာနိုင်ငံက ကလေးတော်တော်များများမှာ သံဓါတ်ချို့တဲ့နေတာတွေ့ရပါတယ်။ ဒါကြောင့်လည်း လူကောင်သေးနေတာပါ။ ဒီအပြင် သံဓါတ်ချို့တဲ့ပြီးသွေးအားနည်းကာ ဦးနှောက်ကို သွေးထောက်ပံ့မှု နည်းပြီး ဦးနှောက်ဖွံဖြိုးမှုကို နှောင့်နှေးစေကာ မှတ်ဉာဏ်စွမ်းအားကိုပါ လျော့ကျစေနိုင်ပါတယ်။ သံဓါတ် ကတော့ အနီရောင်အသား၊ ကြက်အသည်း၊ ဝက်အသည်း၊ အမဲအသည်း၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ သံဓါတ် ထပ်ထည့်ထားတဲ့ အစားအစာများ (Fortified Food) တွေ စားပေးဖို့လိုပါတယ်။ တစ်ခု သတိထားရမှာ ကတော့ သံဓါတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားတဲ့ နေရာမှာ ဗီတာမင် စီ ကြွယ်ဝတဲ့ အစာအစားတွေ ဖြစ်တဲ့ သံပရာသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွအနီ စတာတွေ နဲ့ တွဲစားပေးရင် သံဓါတ် ကို ခန္ဓါကိုယ်က ပိုစုပ်ယူနိုင်တဲ့ အတွက်ကြောင့် အာနိသင် ပိုကောင်းစေပါတယ်။ သံဓါတ် ကြွယ်ဝတဲ့ အစားအစာ တွေ စားပြီးရင် ရေနွေးကြမ်း၊ လက်ဖက်သုပ်၊ လက်ဖက်ရည် မသောက်သင့်ပါ။ သံဓါတ်စုပ်ယူမှုကို ပိတ်ပင်တဲ့ အတွက်ကြောင့်ပါ။

    ၅။ Omega 3 fatty acid (အိုမီဂါ သရီး) – ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်ပါတယ်။ မှတ်ဉာဏ်စွမ်းအားကိုပါ ပိုမိုကောင်းမွန်စေပါတယ်။ အိုမီဂါ သရီး ကြွယ်ဝသည့် အစားအစာများ တွေကတော့ ဆော်လမွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ နှမ်းကြတ်စေ့၊ အစေ့အဆန်များ၊ ပဲပုပ်စေ့ စတာတွေ ဖြစ်ပါတယ်။ အိုမီဂါသရီး ကြွယ်ဝသည့် အစားအစာ များကို တပတ် နှစ်ကြိမ် လောက် အနည်းဆုံးစားပေးသင့်ပါတယ်။

    ၆။ Calcium (ထုံးဓါတ်) – ကယ်စီယမ်ဓါတ် က ကလေးတွေအတွက် ကြွက်သား ကြီးထွားဖွံ့ဖြိုးစေပြီး အရိုးအဆစ်တွေပါ သန်မာစေတဲ့အတွက် အရေးကြီးတဲ့ အာဟာရဓါတ် တစ်မျိုး ဖြစ်ပါတယ်။ ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အရိုးပါစားလို့ရတဲ့ ငါးသေးသေးလေးများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ စတာတွေ ဖြစ်ပါတယ်။

    ၇။ Vitamin D – ကတော့ ကလေးတွေ အရိုးအဆစ် နှင့် ကြွက်သားတွေ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ် တစ်မျိုးပါ။ ဗီတာမင် ဒီ ကိုနေရောင်ခြည်က ရရှိနိုင်ပါတယ်။ ခုနောက်ပိုင်း အစားအစာတွေ မှာလည်း ဗီတာမင် ဒီ ထပ်ထည့်လာတာတွေလည်း တွေ့ရပါတယ်။

    ၈။ Vitamin A – ကြွယ်ဝတဲ့ အစားအစာများ ကန်စွန်းဥ အဝါ၊ မုန်လာဥနီ၊ ရွှေဖရုံသီး။

    အာဟာရပြည့်အောင်ကျွေးတယ် ဆိုပေမယ့် အိမ်သုံးဆား (Table Salt) ထပ်ထည့်ထားတဲ့ အစားအစာများ ကို အသက် နှစ်နှစ်အောက် ကလေးများကို မကျွေးသင့်ပါ။

    လေးစားစွာဖြင့်

    ဒေါက်တာ ညီညီကျော်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement