backup og meta

ဆဲတတ်တဲ့ ကလေး ကို ဘယ်လို ဆုံးမမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆဲတတ်တဲ့ ကလေး ကို ဘယ်လို ဆုံးမမလဲ။

    ကလေးတွေ ဘာကြောင့် ဆဲတတ်တာလဲဆိုတာ ရှေ့ဆောင်းပါးမှာ ပြောပြီးပါပြီ။ ဒီမှာ ပြန်ဖတ်လို့ရပါတယ်။ ခုဆက်ပြောမှာက ကိုယ့်ကလေးက ဆဲတတ်နေရင် ဘာလုပ်ကြမလဲ။ ဒီတိုင်းထားလိုက်ပါ။ ကြီးရင် အလိုလို ပျောက်သွားမယ်လို့ ပြောလို့ ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဆဲနေရင်းနဲ့ ပိုယဉ်ပါးလာပြီး ထမင်းစား ရေသောက်ကိစ္စဖြစ်သွားဖို့ ပိုများပါတယ်။ လူကြားသူကြားထဲရောက်မှ ထထဆဲနေတာကလည်း ရှေ့တင်တာ ဘာမှမပြောတာ နောက်ကွယ်မှာ ရိုင်းလိုက်တဲ့ကလေး။ မိဘက မဆုံးမဘူးလား မသိပါဘူးဆိုပြီး ကဲ့ရဲ့ နေမှာပါ။

    ဆဲတတ်တဲ့ ကလေး ကို ဆုံးမတဲ့နေရာမှာ ရှေးရိုးနည်းတွေအတိုင်း ကလေးကို ရိုက်နှက်လို့ မဖြစ်ပါဘူး။ တစ်ခါ နှစ်ခါ အဆင်ပြေကောင်း ပြေနိုင်ပါတယ်။ ကြာလာရင်တော့ ကလေးကထုံသွားပြီး ကြောက်မှာ မဟုတ်တော့ပါဘူး။ အရင်လို ကလေးကို ‘နင် ဆဲစမ်း။ နောက်တစ်ခါ ထပ်ဆဲရင် ပါးစပ်ကို အပ်နဲ့ ချုပ်ပစ်မယ်တို့၊ ငရုတ်သီးနဲ့ ပွတ်ပစ်မယ်တို့’ကလည်း အသုံးမဝင်တော့ပါဘူး။ ခုခေတ်ကလေးတွေက ဉာဏ်ကောင်းပြီး လည်လည်ဝယ်ဝယ်ရှိကြပါတယ်။ အကျိုးသင့် အကြောင်းသင့် ပြောပြပြီး စိတ်ရှည်လက်ရှည်ပြောပြရင် သူတို့လေးတွေ လက်ခံပါတယ်။

    ဆဲတတ်တဲ့ ကလေး တွေကို ဆုံးမမယ်ဆိုရင်

    ဒီနေရာမှာ ၃ပိုင်းပိုင်းပြီး ပြောကြည့်ရအောင်။ မိဘတွေကိုယ်တိုင်လိုက်လုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ကြည့်ကြည့်ရအောင်။

    ပထမတစ်ခုက ဆဲတတ်တဲ့ ကလေး ကို တုံ့ပြန်တာပါ။

    • ဆဲတာနဲ့ ချက်ချင်းတုံ့ပြန်စရာ မလိုပါဘူး။

    ကလေးက ဆဲလိုက်တာနဲ့ မေမေက ရိုက်စရာ မလိုသေးပါဘူး။ သူဘာကြောင့် ဆဲတာလဲဆိုတာ အရင်လေ့လာပါ။ တချို့ကလေးတွေက ဆဲတာကို ဆဲမှန်းမသိပါဘူး။ လူကြီးတစ်ယောက်ယောက်က သူ့ရှေ့မှာ ဆဲတဲ့ စကားလုံးသုံးလိုက်လို့ သူက ပြောလိုက်တဲ့ သဘောပါ။ ဆဲတဲ့စကားဆိုတာတောင် မသိပါဘူး။ အထူးသဖြင့် ကျောင်းတက်စ အရွယ်လေးတွေပေါ့။

    ဒါမျိုးဆိုရင် မေမေက ပြင်းပြင်းထန်ထန် မတုံ့ပြန်ပါနဲ့။ ကလေးက ဘာပြောလိုက်တာလဲဆိုတာကို သူနားလည်နိုင်လောက်တဲ့ စကားလုံးနဲ့ အရင်ရှင်းပြပါ။ ခုနက ပြောလိုက်တာသည် မသင့်တော်တဲ့ စကားလုံးဖြစ်ကြောင်း၊ ဒါကို ဆဲတယ်လို့ ခေါ်ကြောင်း တစ်ခါတည်း ရှင်းပြလို့ ရပါတယ်။ ဒါက မပြောသင့်ဘူးဆိုတာ သူသိသွားရင် ထပ်ပြောမှာ မဟုတ်ပါဘူး။

    ရှေ့ဆောင်းပါးလည်း ပြောပြီးပါပြီ။ ကလေးက တစ်ယောက်ယောက်ကို ဆဲလိုက်တာကို လူကြီးမိဘက မဟန့်တဲ့အပြင် ကလေးက အတတ်မြန်လိုက်တာဆိုပြီး ချီးကျူးလိုက်တဲ့အခါ၊ အားရဝမ်းသာ ရယ်မောလိုက်တဲ့အခါ ကလေးက ဒါကို မှတ်ထားပါတယ်။ သူဒီလိုလုပ်လို့ မိဘတွေက ချီးကျူးတယ်၊ ဝမ်းသာတယ်ဆို သေချာပေါက် ထပ်လုပ်မှာပါပဲ။ ချီးကျူးတုန်းက ချီးကျူးပြီး ကလေးက ဆဲတတ်တဲ့အခါ ‘ငါတို့အမျိုးထဲမှာ ဒီလိုဆဲတတ်တဲ့သူ မရှိဘူး’ဆိုပြီး ကလေးကို အပြစ်မတင်ပါနဲ့။

    • ကလေးကို ဒေါသတကြီး မတုံ့ပြန်ပါနဲ့။

    ကလေးက ဒေါသထွက်ပြီး ဆဲလိုက်တယ်ဆိုရင်တောင် သင်က ဒေါသနဲ့ ပြန်မအော်သင့်ပါဘူး။ ဒါက ခုနက ကလေးဆဲတာကို အားပေးအားမြှောက်လုပ်တာနဲ့ အတူတူပါပဲ။ တချို့ကလေးတွေက attention seekလုပ်တတ်ပါတယ်။ ဆိုလိုတာက အငယ်လေးရှိနေရင်၊ သူ့ကို ဂရုမစိုက်ဘူးထင်ရင် မိဘက အာရုံစိုက်လာအောင် မကြိုက်တာလုပ်လေ့ရှိပါတယ်။

    ဒါကြောင့် ကလေးဆဲတာကို ဒေါသတကြီး တုံ့ပြန်မယ့်အစား သူတို့ ဒီလိုလုပ်တာကြောင့် မေမေစိတ်ညစ်ရတယ်ဆိုတာကို ပြောပြပါ။ ဒါက ဆူပူနေတာထက် ပိုပြီး အလုပ်ဖြစ်ပါတယ်။

    • စကားလုံးတွေ သင်ပေးပါ။

    ကလေးတွေက ဆဲမယ့်သာ ဆဲနေတာ သူတို့ ဘာပြောလဲဆိုတာ သေချာ မသိပါဘူး။ တစ်ယောက်ယောက်က စိတ်ဆိုးတဲ့အချိန်မှာ ဆဲလိုက်ရင် သူတို့လည်း စိတ်ဆိုးတဲ့အချိန်မှာ လိုက်ဆဲတော့တာပါပဲ။ ဘာလို့လဲဆိုတော့ စိတ်ဆိုးတာကို တခြားနည်းနဲ့ မဖော်ပြတတ်လို့ပါ။ မေမေတွေ လုပ်ရမှာက ကလေးကို စိတ်ဆိုးရင် ဒီလိုဆဲမယ့်အစား သားသား စိတ်မကြည်ဘူး။ မီးမီးစိတ်ညစ်တယ်။ ဒီလို သုံးလို့ရတယ်ဆိုတာကို ပြောပြပေးပါ။ နောက်ပြီး သားသားက ဒီလိုဆဲလိုက်ရင် တစ်ဖက်လူက ဝမ်းနည်းသွားနိုင်လို့ မပြောရဘူးလို့ သင်ထားပေးပါ။

    ဒုတိယတစ်ခုက အကြောင်းအရင်းကို ရှာတာပါ။

  •   ကလေးရှေ့မှာ မဆဲပြပါနဲ့။
  • ရှေ့ဆောင်းပါးမှာလည်း ပြောပြီးပါပြီ။ ကလေးတွေက မိဘတွေ၊ ပတ်ဝန်းကျင်က သင်ယူတာပါ။ ဒါကြောင့် သူတို့ ရှေ့မှာ မဆဲပါနဲ့။ မတော်တဆ ကလေးရှေ့မှာ ဆဲမိခဲ့ရင်တောင် ခုနက ဆဲမိကြောင်း တောင်းပန်ပါ။ ဒါဟာ မကောင်းတဲ့ အကျင့်ဖြစ်ကြောင်း ပြောပြီး နောက်မပြောတော့ဘူးလို့ ကလေးကို ကတိပေးပါ။

  • ဆဲတာကို ဘယ်က တတ်တာလဲဆိုတာ ရှာပါ။
  • အိမ်မှာ ဘယ်သူမှ မဆဲပါဘဲနဲ့ ကလေးက ဆဲတတ်နေပြီဆိုရင် ဘယ်က တတ်တာလဲဆိုတာ ရှာပါ။ အထူးသဖြင့် ကျောင်းနေစ အရွယ်တွေပေါ့။ ဆိုပါစို့ အမျိုးအိမ် သွားလည်ပြီးမှ ဆဲတတ်လာရင် နောက်တစ်ခါ အဲ့ဒီအိမ်သွားဖို့ စဉ်းစားရတော့မှာပါ။ ဒါမှမဟုတ် TVကြည့်ပြီးမှ ဆဲတတ်တယ်ဆိုရင် ကလေးကို ဘာကားတွေပဲ ပြမလဲဆိုတာ စဉ်းစားပါ။ ဒါတွေက ပြင်လို့ ရတာတွေပေါ့။ တစ်ခါတစ်လေ ကလေးက သူငယ်ချင်းဆီက ဆဲတာကို တတ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သူ့သူငယ်ချင်းမိဘကိုပါ အကျိုးအကြောင်း ပြောပြဖို့လိုပါပြီ။ တိုင်ပြောတယ်ဆိုတာထက် သားသမီးချင်း ကိုယ်ချင်းစာစိတ်နဲ့ ပြောပါ။ နောက်ပြီး ကလေးကို ဒါက မကောင်းတဲ့ စကားတွေ ဖြစ်လို့ မပြောရဘူးဆိုတာကို ရှင်းပြပေးပါ။

    • ဒေါသထွက်လို့ ဆဲတာလား။

    ဒေါသထွက်လို့ ဆဲတာဆိုရင် အရင်ဆုံး လုပ်ရမှာက ဘာလို့ ဒေါသထွက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာပါ။ ဥပမာ သူငယ်ချင်းက စလိုက်လို့များလားပေါ့။ ပြီးတော့မှ ကလေးကို ဒေါသထွက်ရင်တောင် ဆဲဆိုတာမျိုး မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ ဒေါသထွက်တာကို ဖော်ပြလို့ရတယ်ဆိုတာမျိုး သင်ပေးပါ။ ဒေါသထွက်တိုင်း ဆဲတာက ပြဿနာကို မပြေလည်ဘူးဆိုတဲ့အကြောင်း ပြောပြပေးပါ။

    နောက်ဆုံးနည်းကတော့ ကလေးကို စည်းကမ်းသတ်မှတ်တာပါ။

    အိမ်မှာ မဆဲရဘူး။ သူများတွေကို မဆဲရဘူး။ လူကြားထဲမှာမဆဲရဘူး စသဖြင့် စည်းကမ်းထုတ်ထားပါ။ တစ်ခါဆဲမိရင် အပြစ်က ဘယ်လိုဆိုတာ တစ်ခါတည်း သဘောတူညီမှု လုပ်ထားပါ။ ဥပမာ တစ်ခါဆဲမိရင် စနေနေ့တိုင်း ပြနေကျ ကာတွန်းကား မကြည့်ရဘူး စသဖြင့်ပေါ့။ ရိုက်နှက်တဲ့ ပြစ်ဒဏ်မျိုးမဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ မိဘတွေက စံပြအနေနဲ့ မဆဲဘဲ နေပြရမှာပါ။ အနည်းဆုံးတော့ ကလေးရှေ့မှာ မဆဲမိပါစေနဲ့။

    • ကလေးတွေကို ချီးကျူးပါ။

    ဒေါသထွက်တိုင်း ဆဲတတ်တဲ့ ကလေးက ဒီတစ်ခါ မဆဲတော့ဘူးဆိုရင် ကလေးကို ချီးကျူးပေးပါ။ ပြောခဲ့သလိုပဲ ကလေးတွေက သဘာဝအရကို attention seekလုပ်တတ်ပါတယ်။ ဒါကြောင့် သူ့ကို ချီးကျူးတာကို သူသိသွားရင် နောက်တစ်ခါ ဒေါသထွက်ရင်တောင် ဆဲတော့မှာ မဟုတ်ပါဘူး။

    ဆဲတတ်တဲ့ ကလေးကို ဆုံးမဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ စိတ်ရှည်ရတယ်။ အချိန်ပေးရပါတယ်။ အရေးကြီးဆုံးက ကလေးကို ဒေါသနဲ့ တုံ့ပြန်တာ၊ ရိုက်နှက်တာမျိုး မလုပ်မိဖို့ပါပဲ။ နားလည်အောင် ပြောပြရင်းနဲ့ ကိုယ်လိုချင်သလို ပုံသွင်းယူတာက အများကြီး အကျိုးရှိပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement