backup og meta

သင့်ကလေးတွေ သင့်ကို လိမ်နေရင် ဘယ်လိုဖြေရှင်းမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးတွေ သင့်ကို လိမ်နေရင် ဘယ်လိုဖြေရှင်းမလဲ။

    ကလေးတွေဆိုတာလည်း အရွယ်လေး နည်းနည်းရောက်ရင်ကို လိမ်တတ်တဲ့ သဘာဝရှိပါတယ်။ လေ့လာချက်တွေအရ ကလေးတွေက ၃နှစ်အရွယ်တည်းက စလိမ်တတ်ပါတယ်တဲ့။ သင်က သူ့စိတ်ထဲမှာ ဘာတွေးနေလဲမသိဘူး။ သူမပြောရင် သင်မသိနိုင်ဘူးလို့ ယူဆပြီး လိမ်တာပါတဲ့။ ၄ နှစ်ကနေ ၆နှစ်လောက်ဆိုရင် မျက်နှာထား ပီပီပြင်ပြင်နဲ့ လေသံမှန်မှန် လိမ်နိုင်နေပါပြီတဲ့။ ရှင်းပြခိုင်းရင်တောင် မင်သေသေနဲ့ ရှင်းနိုင်ပါတယ်တဲ့။ ဒီနောက်ပိုင်းကစပြီး အခါအခွင့် သင့်သလို လိမ်တတ်ကြတာပေါ့။ ဆယ်ကျော်သက်အရွယ်လောက် ဖြစ်လာရင် သူများထိခိုက်မှာစိုးလို့ လိမ်တဲ့ white liesတွေကိုတောင် သုံးတတ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် လိမ်တာက လိမ်ရင်း လိမ်ရင်းကနေ အကျင့်ဖြစ်သွားတတ်ပါတယ်။ ခုနေ မပြင်ပေးရင် ထမင်းစားရေသောက် အကျင့်ဖြစ်သွားပြီး လူဆိုးလေးတွေ ဖြစ်လာပါလိမ့်မယ်။ သူပြောတာမှ ကိုယ်မယုံရရင် တခြားဘာကို အားကိုးရမလဲ။ ဒါကြောင့် သင့်ကလေးတွေ သင့်ကို လိမ်နေရင် ဘယ်လိုဖြေရှင်းမလဲ။ ခုအရွယ်ထဲက စပြီးပြင်ပေးကြရအောင်။

    သင့်ကလေးတွေ သင့်ကို လိမ်နေရင် ဘယ်လိုဖြေရှင်းမလဲ။

    လိမ်တတ်တဲ့ ကလေးတွေအတွက် နည်းလမ်းကတော့

    • အိမ်မှာ စည်းကမ်းထုတ်ထားပါ။

    အိမ်တွင်းစည်းကမ်းအနေနဲ့ ဘာကိစ္စပဲဖြစ်ဖြစ် မလိမ်ဖို့၊ ပွင့်ပွင့်လင်းလင်းနဲ့ အမှန်အတိုင်း ပြောဖို့ စည်းကမ်း ထုတ်ထားပါ။ လိမ်ပြောတာ ဘာလို့ မကောင်းတာလဲဆိုတာ အချိန်ပေး ရှင်းပြပေးပါ။ ဘယ်လိုလူတွေ လိမ်ကြတာလဲ။ ဘာလို့ အမှန်အတိုင်း ပြောဖို့ လိုတာလဲဆိုတာ ရှင်းပြပေးပါ။

  • စံပြဖြစ်ပါစေ။
  • သင့်ကလေးကို ဘယ်လို ဖြစ်စေချင်လဲ။ သင်က အဲ့ဒီအတိုင်းအရင်နေပြလိုက်ပါ။ သူ့ကို မလိမ်ဖို့ ပြောထားပြီး သင် သူများကို လိမ်ပြောတာ သူတွေ့သွားရင် နောင်ကို ဆုံးမရခက်သွားမှာပါ။ ဥပမာ ကလေးအသက်ကို လိုက်ပြီး အခွင့်အရေးရဖို့ ရှိတယ်ဆိုရင် အသက်ကို လိမ်ပြောလိုက်တာမျိုးပေါ့။

    နောက်ပြီး သင်မသွားချင်တဲ့ ပွဲကို အားပါလျက်နဲ့ မအားလို့ မလာနိုင်ဘူးလို့ လိမ်ငြင်းလိုက်တာမျိုးပေါ့။ လိမ်မပြောရဘူးလို့ အိမ်မှာ စည်းကမ်း ထုတ်ထားတယ်ဆိုရင် အိမ်ရှိလူကုန်လိုက်နာရမှာပါ။ ဒါမှ ကလေးစိတ်ထဲ တရားမျှတတယ်လို့ ခံစားရမှာပါ။

    • အမှန်ပြောတာနဲ့ လိမ်ပြောတာရဲ့ အကျိုးအပြစ်ကို ရှင်းပြပါ။

    ဘယ်အရွယ်ပဲဖြစ်ဖြစ် လိမ်တာနဲ့ အမှန်ပြောတာ ဘာကွာသွားနိုင်လဲဆိုတာ ရှင်းပြပေးပါ။ အသက်အလိုက် သူတို့နားလည်နိုင်မယ့် စကားလုံးတွေ သုံးပြီးတော့ပေါ့။ ၃နှစ်အရွယ်ကလေးတွေ ဆိုရင် လိမ်ပြောလိုက်ပေမယ့် သူတို့ကို သူတို့ လိမ်တယ်လို့ မသိကြပါဘူး။ ဒါကြောင့် သူတို့ နားလည်နိုင်တဲ့ အနေအထားတစ်ခုနဲ့ ရှင်းပြပေးရမှာပါ။

    ဥပမာ ကောင်းကင်ကြီးက ပြာနေတာကို မေမေက စိမ်းတယ်လို့ပြောရင် မှန်လားပေါ့။ ဒီလို မဟုတ်တာကို ပြောတာကို လိမ်တယ်လို့ ခေါ်တယ်ပေါ့ စသဖြင့် ပြောပြပေးလို့ရပါတယ်။

    နောက်ပြီး မှန်တိုင်းလည်း မပြောသင့်တဲ့အရာတွေ ရှိတယ်ဆိုတာ သင်ထားပေးပါ။ မှန်ပေမယ့် ကိုယ်ပြောလိုက်တဲ့စကားကြောင့် သူများထိခိုက်သွားမယ်ဆိုရင် မပြောသင့်ဘူးဆိုတာ ပြောပြထားပါ။

    ဥပမာ မျက်နှာ ရုပ်ဆိုးဆိုး အမာရွတ်ရှိတဲ့ ကလေး တစ်ယောက်ကို နင့်မျက်နှာကြီးက ရုပ်ဆိုးလိုက်တာလို့ မပြောသင့်ကြောင်း သင်ပေးပါ။ ရုပ်ဆိုးတာ မှန်ပေမယ့် ဒီလိုပြောလိုက်ရင် သူများဝမ်းနည်းသွားလိမ့်မယ်လို့ ရှင်းပြပေးပါ။ ဒါဟာ ကလေးရဲ့ လူမှုဆက်ဆံရေးကိုပါ သင်ပေးပြီးသား ဖြစ်သွားပါတယ်။

    • လိမ်ရတဲ့ အကြောင်းရင်းကို ရှာပါ။

    လိမ်တာကိုပဲ အပြစ်တင်နေမယ့်အစား လိမ်တဲ့အကြောင်းရင်းကို ရှာပြီး ဖြေရှင်းတာက အလုပ်ဖြစ်ပါတယ်။ ကလေးတွေ လိမ်တဲ့အကြောင်းရင်း များများစားစား မရှိပါဘူး။ ပျော်ချင်လို့၊ ဂရုစိုက်ခံချင်လို့၊ အပြစ်ပေးတာ မခံချင်လို့ ဒီလောက်ပါပဲ။ အကြောင်းရင်းကို သိရင် ရှင်းလို့ရပါတယ်။

    -ပျော်ချင်လို့ (စိတ်ကူးယဉ်တာ)

    ကလေးတွေက တစ်ခါတစ်လေ စိတ်ကူးယဉ်ပြီး ဇာတ်လမ်းလေးတွေ ပြောတတ်ကြပါတယ်။ ဥပမာ မေမေ သမီးမနေ့က လပေါ်ရောက်သွားတယ်ဆို့ ဘာတို့ပေါ့။ ဒါဆိုရင် ရိုးရိုးလေးပဲ ပြန်မေးလိုက်ပါ။ သမီးတကယ်သွားခဲ့တာလား။ သွားချင်တာလားလို့ပေါ့။

    ကလေးတွေက တကယ်ဖြစ်တာနဲ့ ဖြစ်ချင်တာနဲ့ကိုတော့ ကွဲကွဲပြားပြား သိပါတယ်။ တကယ်လို့ ကလေးက ဆက်ပြီး ဒါမျိုးတွေ ပြောနေတယ်ဆိုရင်လည်း  မသိချင်ယောင်ဆောင်ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် လူတွေက စိတ်ကူးယဉ်ဇာတ်လမ်းမှန်း သိကြတာပဲ။ ဘာမှ မထိခိုက်နိုင်ပါဘူး။

    ဂရုစိုက်ခံချင်တာ

    ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့ ကလေးတွေ၊ မိဘဂရုစိုက်တာ လိုချင်တဲ့ ကလေးတွေက လိမ်တတ်ကြပါတယ်။ ဒါမှ သူတို့ကို လူတွေက စကားပြောမှာ၊ သူတို့ကို အရာသွင်းမှာလို့ ယူဆထားကြလို့ပါ။

    အပြစ်ပေးမခံချင်တာ

    တစ်ခါတစ်လေ ကလေးတွေက ဆူခံ၊ ရိုက်ခံရမှာစိုးလို့ လိမ်တတ်ကြပါတယ်။ ဒီလိုလိမ်လိုက်လို့ ပြဿနာက ပြီးမသွားဘူးဆိုတာ အစကတည်းက ရှင်းပြထားပါ။ ပြန်စစ်ရင် သိနိုင်တယ်ဆိုတဲ့ အကြောင်းကို ပြောထားပါ။

    နောက်တစ်ခုက သူတို့ လုပ်ချင်တာ လုပ်ရဖို့၊ မလုပ်ချင်တာ မလုပ်ရဖို့ လိမ်တတ်ကြပါသေးတယ်။ ဥပမာ အိမ်စာ မလုပ်ချင်လို့ ဗိုက်နာတယ်ပြောပြီး အိမ်သာထဲ သွားထိုင်နေတာမျိုး၊ တီဗီကြည့်ချင်လို့ အိမ်စာပြီးပြီလို့ လိမ်ပြောတာမျိုးပေါ့။

    • သတိပေးပါ။

    လိမ်တာ မိသွားရင် သူလိမ်တာကို သင်သိနိုင်တဲ့အကြောင်း သတိပေးပါ။ ဥပမာ သားအမှန်ပြောတာကို လိုချင်တယ်၊ နောက်မှ မေမေသိသွားရင် အပြစ်ပိုကြီးသွားမယ်ဆိုတာမျိုးပေါ့။ လိမ်ရင် ဘာဖြစ်နိုင်မလဲဆိုတာ ကြိုပြောပြထားပါ။

    ကလေးကို ဆူမယ့် ရိုက်မယ့်အစား သူဘာလို့ အမှန်ပြောသင့်လဲဆိုတာ ရှင်းပြပေးပါ။ သူအမှန်ကို ရဲရဲဝင့်ဝင့် ပြောနိုင်ဖို့ ကူညီပေးပါ။ သင်က အစကတည်းက ဆူပူအော်ဟစ်နေရင် ကလေးက ပိုကြောက်ပြီး ပိုလိမ်နေမှာပါ။

    • အပြစ်ပေးပါ။

    ဆူပူရိုက်နှက်ဖို့ ပြောတာ မဟုတ်ပါဘူး။ အိမ်အလုပ်တွေ ဝိုင်းကူခိုင်းတာမျိုး၊ အဝတ်တွေ ခေါက်ခိုင်းတာမျိုးပေါ့။ လိမ်ရင် ဒီအပြစ်တွေရမယ်ဆိုတာ အစကတည်းက ပြောပြထားရင် ပိုကောင်းပါတယ်။

    ပြီးတော့ မျှတတဲ့ အပြစ်တွေပဲ ဖြစ်ပါစေ။ ပြင်းထန်လွန်းတဲ့ အပြစ်တွေကြောင့် နောက်တစ်ခါ ကလေးက လိမ်ဖို့ အကြောင်းရင်း ရသွားပါလိမ့်မယ်။

  • လိမ်တာက သူ့ကိုလည်း ထိခိုက်နိုင်ကြောင်း ရှင်းပြပါ။
  • ဒီလို ခဏခဏ လိမ်နေမယ်ဆိုရင် နောက်တစ်ခါ သူအမှန်အတိုင်း ပြောရင်တောင် လူတွေက ယုံတော့မှာမဟုတ်ကြောင်း ပြောပြပါ။ နောက်ပြီး လိမ်တဲ့ကလေးကို လူကြီးတွေက ချစ်မှာ မဟုတ်ဘူးလို့ ရှင်းပြထားပါ။

    • အမှန်အတိုင်းပြောတဲ့အခါ ချီးကျူးပေးပါ။

    လိမ်လို့ရတဲ့ အနေအထားတစ်ခုမှာ မလိမ်ဘဲ အမှန်အတိုင်း ပြောတဲ့အခါ ဒါမှမဟုတ် အခွင့်အရေးပေးလို့ အမှန်အတိုင်း ပြန်ပြောတဲ့အခါ ချီးကျူးပေးပါ။ ဒီလို မှန်မှန်ကန်ကန်ပြောဖို့ သူ့အတွက် ခက်ခဲမယ်ဆိုတာ နားလည်ကြောင်း၊ အမှန်အတိုင်းပြောလို့ လိမ္မာကြောင်း ချီးကျူးပေးပါ။ ဒါက နောက်တစ်ခါ ဘာပဲဖြစ်ဖြစ် အမှန်အတိုင်းပြောဖို့ အားဖြစ်စေပါတယ်။

    • ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီကို ယူပါ။

    ကလေးအတွက် လိမ်တာက အကျင့်တစ်ခုလို ဖြစ်လာခဲ့ရင်၊ လိမ်တဲ့အကျင့်ကြောင့် ကျောင်းနဲ့ တခြားနေရာတွေမှာ ပြဿနာတွေ ဖြစ်လာခဲ့ရင်၊ ကိုယ်ဖြေရှင်းလို့ မရခဲ့ရင် ကျွမ်းကျင်ပညာရှင် (ဥပမာ ကလေး စိတ်ပညာရှင်)နဲ့ ပြသဆွေးနွေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement