backup og meta

သင့်ကလေးကို အစိုးရိမ်လွန်ပြီး အကာအကွယ်ပေးနေမိပြီလား။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို အစိုးရိမ်လွန်ပြီး အကာအကွယ်ပေးနေမိပြီလား။

    ကလေးတွေ ထိခိုက်နစ်နာမှာ၊ တစ်ခုခုလွဲချော်သွားမှာကို မိဘသဘာဝ စိုးရိမ်တတ်တာ ထုံးစံပါ။ ဒါကြောင့် ကလေးတစ်ခုခု ထိခိုက်နစ်နာမယ့် ကိစ္စဆို မိဘတွေက ကြိုမြင်ပြီး ကြိုကာပေးတာပေါ့။ အတိုင်းအတာတစ်ခုထိဆိုရင်တော့ ကောင်းပေမယ့် လွန်လွန်ကဲကဲတွေ ဖြစ်လာရင်တော့ ကလေးကို ချစ်တာထက် နှစ်တဲ့ဘက်ကို ပိုရောက်သွားပါလိမ့်မယ်။

    ဒီလိုမိဘမျိုးတွေကိုတော့ overprotective မိဘတွေလို့ ခေါ်ပြီး ဒီလိုထိန်းကျောင်းပုံကိုတော့ helicoptering လုပ်တယ်၊ နောက်ကနေ တကောက်ကောက် လိုက်ကြည့်နေတယ်လို့ ခေါ်ပါတယ်။

    သင်က သင့်ကလေးကို အလွန်အကျွံ ကာကွယ်ပေးနေပြီလား။

    ကလေးကို အန္တရာယ်မဖြစ်အောင် စောင့်ရှောက်တာနဲ့ အလွန်အကျူး ကာကွယ်ပေးတာက မတူပါဘူး။ အလွန်အကျူး ကာကွယ်ပေးနေတယ်ဆိုတာက

    • အသေးစိတ်ကအစ ဝင်စွက်ဖက်မယ်။ ဒီနေ့ ဘာအရောင်ဝတ်သင့်တယ်ကစလို့ ဘယ်သူငယ်ချင်းနဲ့ မပေါင်းရဘူးဆိုတာအထိပေါ့။
    • ကလေး ရှုံးတာကို မလိုချင်ဘူး။ ဘဝဆိုတာကတော့ အနိုင်အရှုံးဆိုတာ ရှိတာပါပဲ။ ဒါပေမယ့် ကိုယ့်ကလေးကို ချစ်တဲ့စိတ်နဲ့ အမြဲတမ်းနိုင်ရမယ်ဆိုပြီး ဒီလ သင်္ချာတစ်မှတ်လျော့သွားတာနဲ့ အချိန်ပိုတွေ စာသင်ခိုင်းတာ၊ ဘေးအိမ်က အမှတ်များတဲ့ ကလေးနဲ့ နှိုင်းယှဉ်ပြောတာတွေ လုပ်မိတော့တာပေါ့။
    • ကလေးကို ဘာအလုပ်မှ မခိုင်းတာ။ ကလေးတွေမှာလည်း အသက်အရွယ်အလိုက် လုပ်နိုင်တဲ့အလုပ်လေးတွေ ရှိပါတယ်။ ကလေးဘဝမှာ ကိုယ်ဆော့ထားတဲ့အရုပ်ကို ကိုယ့်ဟာကိုယ် ပြန်သိမ်းတာမျိုး၊ မနက်အိပ်ရာသိမ်းတာမျိုး၊ ကိုယ့်ပန်းကန်ကိုယ်ဆေးတာမျိုးပေါ့။ ဒါတွေကို ကလေးပင်ပန်းမယ်ဆိုပြီး မေမေတို့ နောက်ကနေများ အောက်ခြေသိမ်း လိုက်လုပ်နေမိပြီလား။
    • တားမြစ်ချက်တွေ များလွန်းတာ။ မပြေးရဘူး ချော်လဲမယ်။ မဆော့ရဘူး။ မကိုင်ရဘူး ကွဲတတ်တယ် စသဖြင့် မေမေတို့ ရွတ်တတ်ကြပါတယ်။ တကယ်အန္တရာယ်ဖြစ်မယ့်ဟာဆို တားသင့်ပါတယ်။ ဒါပေမယ့် တော်ရုံတန်ရုံ ကလေးမထိခိုက်နိုင်ဘူးဆိုရင် လွှတ်ပေးလိုက်ပါ။ သူတို့မှာလည်း ဉာဏ်ရည်တိုးတက်ဖို့ စူးစမ်းတဲ့စိတ်ဆိုတာ လိုပါတယ်။
    • ဆက်တိုက်လိုက်စစ်နေတာ။ ခုလို ဖုန်းတွေပေါ်လာတော့ ပိုဆိုးတာပေါ့။ ကလေးတွေစုပြီး လေ့လာရေးခရီးသွားရင်တောင်မှ သင်ဖုန်းဆက်လို့ မပြီးတော့ပါဘူး။ တကယ်ဆို ကလေးက ဘယ်သူနဲ့ သွားတာလဲ၊ ဘယ်အချိန်ပြန်လာမှာလဲဆိုတာ သိပြီးသားပဲလေ။ မေမေစိုးရိမ်စိတ်တွေ လျှော့လိုက်ပါ။
    • ပြင်ပဘဝနဲ့ ထိတွေ့ခွင့်မပေးတာ။ ပြင်ပဘဝက ကြောက်စရာကောင်းတယ်၊ လူဆိုးကြီးတွေရှိတယ်နော်ဆိုပြီး ကလေးတွေကို အိမ်ထဲမှာပဲ ထားမိနေပြီလား။ ကလေးဆိုတာ သင်ယူတဲ့အရွယ်မို့လို့ ပြင်ပအတွေ့အကြုံ များများရှိမှ သင်ယူနိုင်စွမ်းတွေ တက်လာမှာပါ မေမေရဲ့။

    မေမေတို့ ချုပ်ချယ်လွန်းတဲ့အခါ ကလေးမှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ။

    ကလေးက သူ့ကိုယ်နဲ့ မေမေ့စိတ်ဖြစ်နေတာပေါ့။ မေမေ ခိုင်းတဲ့အတိုင်းပြော၊ မေမေဆုံးဖြတ်တဲ့ အတိုင်းလုပ်၊ မေမေ တွေးခိုင်းတဲ့အတွေးအတိုင်းတွေး အရာအားလုံးက မေမေ့သဘောကျပါပဲ။ ကျေနပ်စရာကောင်းတယ်လို့ ထင်ရပေမယ့် ရေရှည်မှာ ကလေးရဲ့ တိုးတက်မှုကို အများကြီးထိခိုက်သွားနိုင်တယ် မေမေရေ။ ဒီလိုမေမေက အစစအရာရာ ထိန်းချုပ်ထားတဲ့အခါကျတော့

  • ကလေးက ပျော့ညံ့လာတယ်။ တော်ရုံတန်ရုံ ပြဿနာကို သူ့ဟာသူ မဖြေရှင်းနိုင်တော့ပါဘူး။
  • လိမ်တတ်လာမယ်။ မေမေက အမြဲတမ်း အကောင်းဆုံးဆိုတာပဲ လိုချင်တော့ ဒါမလုပ်ပေးနိုင်ရင် သူတို့ကို မချစ်တော့ဘူးလို့ တွေးပြီး လိမ်ပြောလာကြပါတယ်။
  • ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူး။ မှီခိုတတ်လာတယ်။ တစ်ခုခုဆို မေမေလုပ်ပေးမှ၊ မေမေပြောပေးမှ၊ မေမေမပါဘဲ ဘာမှမလုပ်တတ်ဘူးဆိုတာတွေ ဖြစ်လာပါလိမ့်မယ်။
  • ကြောက်တတ်လာတယ်။ ပြင်ပဘဝနဲ့ မထိတွေ့ခဲ့ရဘူး။ စူးစမ်းလေ့လာတာတွေ မလုပ်ခဲ့ရတဲ့အတွက် တစ်ခုခုဆို မစဉ်းစားဘဲ အရင်ကြောက်လိုက်ပါတယ်။ မိသားစုမဟုတ်တဲ့ လူတွေကြားမှာ ပြောဖို့ ဆိုဖို့လည်း သတ္တိမရှိတော့ပါဘူး။
  • နေရတာ မပျော်တတ်တော့ဘူး။ ငယ်ငယ်လေးတည်းက မေမေပြောတဲ့အတိုင်းပဲ လုပ်ရတာကြောင့် ကိုယ်ဘာလုပ်ချင်လဲဆိုတာတောင် မသိတော့ပါဘူး။ ဒါလုပ်ရင် ဒါဝယ်ပေးမယ်ဆိုတဲ့ ဆုပေးတဲ့စနစ်ကို သုံးခဲ့တော့ ကိုယ်ပိုင် စိတ်ကျေနပ်မှုဆိုတာလည်း မရှိတော့ပါဘူး။
  • ဒါဆို မေမေတို့ overprotective မဖြစ်အောင် ဘယ်လိုပြင်ကြမလဲ။

    သူများကလေးတွေများ သွက်လက်နေတာပဲ၊ လူလည်းမကြောက်ဘူးနော်။ အိမ်ကကလေးက တစ်ခုခုဆို မလုပ်ရဲ မကိုင်ရဲနဲ့လို့ မေမေတို့ မချိတင်ကဲ ဖြစ်နေပြီဆို ငါများ အလွန်အကျူး ထိန်းချုပ်နေမိလို့လားလို့ ပြန်စဉ်းစားကြည့်ပါ။ ဟုတ်တယ်ဆိုရင် အောက်က နည်းလမ်းလေးတွေနဲ့ ပြင်လို့ အချိန်မီပါသေးတယ် မေမေတို့။

    • အန္တရာယ်ရှိတာလား၊ အန္တရာယ်ဖြစ်နေပြီလား။

    ကလေးက စက်ဘီးစီးလို့ မှောက်နိုင်တာက အန္တရာယ်ရှိတာပါ။ မဖြစ်ချင်ဘူးဆို အကာအကွယ်ဝတ်ပေးလိုက်ရင် ရပါတယ်။ စက်ဘီးမစီးနဲ့လို့ တားစရာမလိုပါဘူး။

  • ကြိုတင်ကာကွယ်ပါ။

  • ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့လို့ တားမယ့်အစား ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်နိုင်မလဲလို့ စဉ်းစားပါ။ အပြင်ထွက်လို့ လူဆိုးကြီး ဖမ်းမယ်ဆိုတာထက် ဘယ်သူခေါ်ခေါ်မလိုက်ရဘူးနော်လို့ သင်ထားတာ ပိုမကောင်းဘူးလား။

    • မေမေကလည်း စိတ်လျှော့ပါ။

    ကလေးဆိုတာ ဆော့ရင်း ပြုရင်း ခိုက်မိတတ်တာပါပဲ။ မဆော့ပါနဲ့လို့ ပြောထားတာ ခုတော့ ဖြစ်ပြီမလားလို့ မဆူလိုက်ပါနဲ့။ ကလေးထက် မေမေက ပိုနာတာကို သိပါတယ်။ ဒါပေမယ့်လည်း စိတ်လျှော့လိုက်ပါ။ ကလေးက နောက်တစ်ခါ မထိခိုက်အောင် ကာကွယ်တတ်သွားပါပြီ။

    • ကလေးတွေကို ခိုင်းပေးပါ။

    ခိုင်းပေးပါဆိုတာ သူတို့အတွက်ပါ။ အနည်းဆုံးတော့ အသက်အလိုက် လုပ်နိုင်တာလေးတွေ လုပ်တတ်ရမယ်လေ။ အိပ်ရာသိမ်းတာ၊ ပန်းကန်ဆေးတာ၊ အိမ်အလုပ်တွေ နိုင်သလောက် ဝိုင်းကူတာကို ခွင့်ပြုလိုက်ပါ။ သူတို့ကို သူတို့ တာဝန်ယူစိတ်ဖြစ်လာပြီး မှီခိုချင်တဲ့စိတ် နည်းသွားပါလိမ့်မယ်။

  • ပြင်ပဘဝနဲ့ ထိတွေ့ပါစေ။

  • မြေကြီးတွေမကိုင်နဲ့လေ။ သန်ထိုးတော့မှာပဲလို့ ပြောမယ့်အစား ကစားပြီးရင် လက်သေချာဆေးပေးလိုက်ပါ။ ကလေးတွေကို သဘာဝတရားကြီးနဲ့ များများထိတွေ့ပါစေ။ ဒါမှ သူတို့ရဲ့ စူးစမ်းလိုစိတ်တွေ၊ စိတ်ကူးစိတ်သန်းတွေပိုကောင်းလာမှာပါ။

    • မစိုးရိမ်ပါနဲ့။

    ကလေး ပထမဆုံး ကျောင်းစတက်တဲ့နေ့ဆို ငါ့ကလေးကို ဘယ်သူများ အနိုင်ကျင့်နေမလဲ၊ ထမင်းရော စားပါ့မလားဆိုပြီး စိုးရိမ်နေတယ်ဟုတ်။ မေမေစိုးရိမ်သလောက်လည်း မဟုတ်သေးပါဘူး။ မေမေ့ကလေးက မေမေထင်ထားတာထက် အများကြီးထက်မြက်တာကြောင့် မေမေစိုးရိမ်တာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

    မေမေ့ကလေးတွေက တစ်နေ့ကျရင် လူကြီးတွေ ဖြစ်လာမှာပါ။ သူတို့လူကြီး ဖြစ်လာတဲ့အခါ သတ္တိရှိရှိ ထက်ထက်မြက်မြက် လူကြီးဖြစ်လာမှာလား။ လူကြားထဲမှာ မပြောရဲ မဆိုရဲတဲ့ လူကြီးဖြစ်လာမှာလားဆိုတာ မေမေ့ထိန်းကျောင်းမှုအပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် မေမေတို့ အစိုးရိမ်လွန်တာလေးတွေ လျှော့ပြီး ကလေးတွေကို လွတ်လပ်ခွင့်နည်းနည်းပိုပေးလိုက်ပါလား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement