backup og meta

ကလေးကို စိတ်ကူးဉာဏ်ရင့်သန်စေဖို့ လုပ်ပေးသင့်တဲ့ အရာ (၅)မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို စိတ်ကူးဉာဏ်ရင့်သန်စေဖို့ လုပ်ပေးသင့်တဲ့ အရာ (၅)မျိုး

    ကလေးကို တီထွင်ဖန်တီးမှုကောင်းမွန်သူအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်ပေးဖို့က မိဘတွေမှာတာဝန်ရှိတယ်ဆိုတာကိုပြောပြနေစရာမလိုအောင်သိထားပြီးဖြစ်မှာပါ။ မိဘတိုင်းအနေနဲ့လည်း သားသမီးတွေကို စိတ်ကူးဉာဏ်ရင့်သန်ပြီး ဖန်တီးမှုကောင်းမွန်တဲ့သူတွေအဖြစ် ကြီးပြင်းစေချင်ကြမှာပါ။ ဒါပေမယ့် ဒီဆန္ဒကို အကောင်အထည်ဖော်ဖို့က တစ်ခါတစ်လေမှာ အဆင်မပြေတာမျိုးရှိပါတယ်။ တစ်နေ့တာမှာ များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရင်း ကလေးတွေကိုပြုစုပျိုးထောင်ဖို့အတွက် အချိန်မပေးနိုင်တာမျိုးကြုံရနိုင်သလို ကလေးတွေက ကိုယ့်ကိုလိုအပ်မယ်ဆိုတာကိုမေ့နေတာမျိုးလည်းရှိနိုင်ပါတယ်။

    ကံကောင်းတာတစ်ခုက ကလေးတွေက သူတို့သဘာဝအလျောက် အရမ်းကို စိတ်ကူးဉာဏ်ရင့်သန်ကြပြီးမွေးလာကတည်းက ဖန်တီးလိုစိတ်တွေပါလာကြတာပါ။ သူတို့လေးတွေက အသစ်အဆန်းတွေကို ဖန်တီးလိုကြပြီး အတွေ့အကြုံအသစ်တွေနဲ့ ပတ်ဝန်းကျင်အသစ်တွေကို ထိတွေ့တဲ့အခါ စူးစမ်းလိုစိတ်နဲ့အတူ ဖန်တီးဆန်းသစ်လိုစိတ်ကအလိုလိုဖြစ်ပေါ်လာတတ်ကြပါတယ်။ ဒါကြောင့်ဖေဖေမေမေတို့အနေနဲ့ မိမိရင်သွေးကို ဖန်တီးမှုစွမ်းရည်ကောင်းမွန်တဲ့ ကလေးတစ်ဦးအဖြစ်ကြီးပြင်းလာစေဖို့ဆိုရင် ကလေးရဲ့ လုပ်ဆောင်မှုတွေကို အားပေးပေးဖို့လိုသလို ကလေးတွေရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ သွားရောက်ထိန်းချုပ်မိတာမျိုး မဖြစ်စေဖို့ သတိထားသင့်ပါတယ်။ ငယ်စဉ်ကတည်းက စိတ်ကူးဉာဏ်ရင့်သန်တဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ တီထွင်ဖန်တီးမှုကောင်းသူတွေအဖြစ်အရွယ်ရောက်လာတတ်ကြပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကောင်းမွန်သူတွေကပြဿနာတွေကိုလည်းကောင်းကောင်းဖြေရှင်းနိုင်ပါတယ်။

    ဒီတော့ ကလေးကိုဖန်တီးမှုစွမ်းရည်ကောင်းမွန်တဲ့သူတစ်ဦးဖြစ်လာစေဖို့ ဒီလိုပျိုးထောင်ပါနော်

    ၁။ စာဖတ်ပါစေ

    ကလေးကိုစာဖတ်ဝါသနာပါအောင်ပျိုးထောင်ပေးပါ။ စာဖတ်တာက ကလေးကိုစိတ်ကူးဉာဏ်ရင့်သန်လာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်မှာပါ။ ဒါကြောင့်ကလေးကို ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါအောင် ကိုယ်တိုင်လည်း စာဖတ်ပေးပါ။ ပုံပြင်စာအုပ်ဖတ်ပြတာလိုမျိုး အလေ့အထလေးတွေလုပ်ဆောင်ပေးပါ။ စာများများဖတ်လေလေ ကလေးကစိတ်ကူးဉာဏ်ကောင်းလေလေပါ။ ဒါကြောင့် ကလေးကို ငယ်ငယ်ကတည်းကစာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးပါ။

    ၂။ ပုံပြောပြပါ

    ကလေးတုန်းက အပျော်ဆုံးအချိန်ကမေမေဖေဖေတို့က ပုံပြင်ပြောပြတဲ့အချိန်ပါ။ ပုံပြင်ထဲက ဇာတ်ကောင်လေးတွေအတိုင်း လိုက်ခံစားတတ်တဲ့အလေ့အထ ကလေးတိုင်းလိုလိုမှာရှိတတ်ပါတယ်။ ဒါကြောင့် ကလေးကို အားကျအတုယူစရာကောင်းတဲ့ ဇာတ်ကောင်လေးတွေပါဝင်နေတဲ့ ပုံပြင်မျိုးကိုများများပြောပြပေးပါ။ ပုံပြင်တွေက ကလေးကိုပြဿနာဖြေရှင်းနိုင်စွမ်းလည်း တိုးတက်စေနိုင်ပါသေးတယ်။ ဒီတော့ ကလေးတွေကို ညအိပ်ရာမဝင်ခင် ပုံပြင်ပြောပြဖြစ်အောင်ပြောပြလိုက်ပါနော်။

    ၃။ ကလေးကိုစိတ်ကြိုက်ရွေးချယ်ခွင့်ပေးပါ

    ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အခွင့်အရေးပေးလိုက်ပါ။ စားစရာသောက်စရာဖြစ်ဖြစ် ဝတ်စရာဖြစ်ဖြစ် သူတို့စိတ်ကြိုက်ရွေးချယ်ခွင့်ပေးလိုက်ပါ။ ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ခွင့်ပေးတာက ဘဝတစ်လျှောက်လုံး ကိုယ့်ကိုကိုယ်ကောင်းကောင်းထိန်းသိမ်းနိုင်စေဖို့ အထောက်အကူဖြစ်စေမှာပါ။ စိတ်တိုင်းကျလုပ်ဆောင်ခွင့်ရရှိမှုက စိတ်ကြိုက်ဖန်တီးနိုင်စွမ်းရဲ့ အခြေခံအုတ်မြစ်တစ်ခုပေါ့။

    ၄။ ဖန်တီးလုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးပါ

    ကလေးတွေရဲ့မိဘတွေက ကလေးတွေနဲ့အတူ ဖန်တီးလုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေ ကစားနည်းတွေမှာ အတူပါဝင်လုပ်ဆောင်ပေးတာက ကလေးကို စကားကြွယ်စေနိုင်သလို ကလေးရဲ့တွေးတောမှုစွမ်းရည်ကို ပိုပြီးကောင်းမွန်စေနိုင်တယ်၊လို့ လေ့လာမှုအရသိရပါတယ်။ ဒါကြောင့်ကလေးနဲ့အတူတူ လက်ချောင်းတွေသုံးပြီးဆေးခြယ်တာ colour clays(ရောင်စုံရွှံ့စေး)တွေသုံးပြီး ပုံဖော်ကစားတာမျိုးအတူ ကစားပေးပါ။ ဒီလိုတီထွင်ဖန်တီးရတဲ့ ကစားနည်းတွေက ကလေးရဲ့ ဖန်တီးနိုင်မှုစွမ်းရည်ကိုတိုးတက်စေနိုင်ပါတယ်။

    ၅။ တီဗွီနဲ့ဖုန်းကြည့်ချိန်တွေကို ကန့်သတ်ပါ

    ကလေးတွေကိုငြိမ်နေအောင်ဆိုပြီးတီဗွီပေးကြည့်တာ၊ ဖုန်းပေးသုံးတာ၊ Tabletတွေပေးသုံးတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်ပေးတာက အချိန်ကြာလာနဲ့အမျှ ကလေးကိုထိခိုက်စေနိုင်တာတွေအများကြီးပါ။ ဒါကြောင့် ကလေးကို တီဗွီပေးကြည့်မယ့်အစား ဖုန်းပေးသုံးမယ့်အစား စာအုပ်ပေးဖတ်တာမျိုး၊ အရုပ်တွေနဲ့ပေးကစားတာမျိုးပဲလုပ်ပေးပါ။နောက်ထပ်လုပ်နိုင်တာတစ်ခုက ကလေးကိုပန်းခြံကိုခေါ်သွားပြီးပြေးပြေးလွှားလွှားဆော့ခိုင်းလိုက်ပါ။ ကလေးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို တီဗွီရှေ့မှာ မကုန်ဆုံးဖို့ ဂရုစိုက်ပေးပါ။

    ကလေးကို ဉာဏ်ကောင်းကျန်းမာတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာစေဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ဖြစ်အောင်လုပ်ပေးဖို့ လိုသလို ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ အာဟာရမျှတအောင်ကျွေးမွေးပေးဖို့လိုအပ်ပါမယ်။ ကလေးရဲ့အာဟာရထဲမှာ အာဟာရပြည့်ဝပြီး ဉာဏ်ရည်တိုးတက်ကောင်းမွန်စေတဲ့ DHA, Omega 3 နဲ့ Omega 6 တို့ပါဝင်အောင် ထည့်သွင်းကျွေးမွေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဒါတွေပါဝင်တဲ့အာဟာရဖြည့်စွက်စာတွေကို ကျွေးမွေးနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement