backup og meta

ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု အတွက် ဖေဖေ၊ မေမေ ပံ့ပိုးပေးသင့်တဲ့ (၇) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု အတွက် ဖေဖေ၊ မေမေ ပံ့ပိုးပေးသင့်တဲ့ (၇) ချက်

    ကလေးရဲ့ ကောင်းမွန်စွာဖွံ့ဖြိုးမှုအတွက် ဖေဖေမေမေတို့ အမြဲတွေးပူခဲ့ကြတာ ကိုယ်၀န်ဆောင်ချိန် အချိန်ကတည်းကပေါ့။ ကလေးက ထွားသင့်သလောက် ထွားရဲ့လား၊ ပြည့်စုံရဲ့လား ၊ သန်မာရဲ့လား စသည်ဖြင့် အရိပ်တကြည့်ကြည့်နဲ့ မဟုတ်လား။ မေမေတို့ သိထားတဲ့အတိုင်းပါပဲ။ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ အာဟာရကို မူတည်တယ် ဆိုပေမယ့် အစားအသောက်နဲ့တင် ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ ကျန်းမာတဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပံ့ပိုးပေးရမယ့် တခြားအချက်လေးတွေ ရှိနေပါသေးတယ်။ ကဲ … ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု အတွက် ဖေဖေ၊ မေမေ ပံ့ပိုးပေးသင့်တဲ့ အချက်လေးတွေကို ပြောပြလိုက်ပါတယ်။

    ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု အတွက် ဖေဖေ၊ မေမေ ပံ့ပိုးပေးသင့်တဲ့ (၇) ချက်

    ကလေး ပြုစုစောင့်ရှောက်တဲ့အခါ အရေးကြီးဆုံးက အာဟာရပါ။ အဲဒီနောက်မှ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် အထောက်အကူဖြစ်မယ့် ပျိုးထောင်နည်းတွေ၊ သင်ကြားပေးတာတွေ နဲ့ ကလေးကို ထပ်ပြီး ပံ့ပိုးပေးရမယ်လေ။ ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု အတွက် ဖေဖေ၊ မေမေ ပံ့ပိုးပေးသင့်တဲ့ အချက်တွေကတော့ –

    (၁) အာဟာရ လုံလောက်ပါစေ။

    အသက် (၂)နှစ်အထိ မိခင်နို့တိုက် လို့ရပါတယ်။ ဒါပေမယ့် အသက်(၂)နှစ်ကျော်လို့ မိခင်နို့နဲ့ မလုံလောက်တဲ့ ဖွံ့ဖြိုးကာစ ကလေးတစ်ယောက်အတွက် –

  • မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊
  • ကြီးထွားဖွံ့ဖြိုးဖို့ အရေးပါတဲ့ ပရိုတင်းဓာတ်၊
  • အာဟာရတွေ စုပ်ယူရာမှာ အခရာကျတဲ့ အစာခြေစနစ် ကောင်းမွန်မှုအတွက် အကျိုးပြုဘက်တီးရီးယား (probiotics)၊
  • အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်၊
  • သွေးအားနည်းတာမျိုး မဖြစ်စေဖို့ သံဓာတ်
  • အမျှင်ဓာတ် စတာတွေကို အချိုးမျှတအောင် စီမံထုတ်လုပ်ပေးထားတဲ့ ဖြည့်စွက်နို့မှုန့်တွေ ဆီက အာဟာရပံ့ပိုးမှု လည်း လိုအပ်နိုင်ပါတယ်။
  •  (၂) အိပ်ရေးဝအောင် ဂရုစိုက်ပေးပါ

    ကလေးဆိုတာ အရွယ်ကြီးလာလေ အိပ်ချိန်နည်းလာလေပဲနော်။ အဆော့မက်လာတာကိုး။ အမှန်က ဦးနှောက်ရော၊ ခန္ဓာကိုယ်ပါ ဖွံ့ဖြိုးမှုအရေးကြီးနေတဲ့ ဒီအရွယ်တွေမှာ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ ညအိပ်ချိန်နဲ့ နေ့လယ်တစ်ရေးအိပ်ချိန်တွေကို အချိန်မှန် သတ်မှတ်ပေးပါ။ တီဗီ၊ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတို့လို ဒစ်ဂျစ်တယ်ပစ္စည်းတွေ အသုံးပြုမှုကို ကန့်သတ်ထားပါ။

    (၃) ပျော်ရွှင်ရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။

    ကလေးဘဝမှာ အမှတ်တရကောင်းလေးတွေနဲ့ ပျော်ရွှင်ရတဲ့ မိသားစုဘဝကို ဖန်တီးပေးတာကလည်း သူ့ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အသုံးချဉာဏ်စွမ်းရည် ကောင်းမွန်စေမယ့် ဆေးတစ်ခွက်ပါပဲ။ မိဘရဲ့ ချစ်ခင်ဂရုစိုက်မှုနဲ့ ပတ်ဝန်းကျင်ကောင်းမှာ ကြီးပြင်းလာတဲ့ ကလေးတွေက ပိုပြီး ထက်မြက်ထူးချွန်ကြပါတယ်။

    (၄) လှုပ်လှုပ်ရှားရှား ကစားခိုင်းပါ

    လမ်းလျှောက်တတ်တဲ့အရွယ်ကစလို့ ကိုယ်တိုင်လှုပ်ရှားနိုင်နေတဲ့ ကလေးတွေကို လွတ်လွတ်လပ်လပ် ဆော့ကစားခိုင်းပါ။ ကလေးငြိမ်အောင်လို့ ကစားစရာတွေ၊ ဂိမ်းတွေနဲ့ အိမ်ထဲပဲ မအောင်းခိုင်းပါနဲ့။ အပြင်ထွက်ပြီး အားကစားလုပ်တာ၊ ပျော်ပွဲစားထွက်တာ၊ လမ်းလျှောက်ထွက်တာ ၊ သူငယ်ချင်းတွေနဲ့ ကစားစေတာမျိုး ကိုယ်လက်လှုပ်ရှားမှု ဖန်တီးပေးသင့်ပါတယ်။ ဒါမှ အရိုးနဲ့ ကြွက်သား ဖွံ့ဖြိုးသန်မာတဲ့ ကလေးတွေ ဖြစ်လာစေမှာပါ။

    (၅) ဉာဏ်သုံးရတဲ့ ကစားစရာတွေ ဝယ်ပေးပါ။

    သူ့ရဲ့အသက်အရွယ်နဲ့အလိုက် ဦးနှောက်ဉာဏ်စွမ်း သုံးရတဲ့ ကစားစရာလေးတွေ ရွေးချယ် ဝယ်ထားပေးပါ။ ဖေဖေမေမေတို့လည်း အတူလိုက်ကစားပေးပေါ့။ ဥပမာ – ပုံဆက်ကစားနည်းတွေ ဆိုရင် ကလေးရဲ့မျက်စိနဲ့ လက်လှုပ်ရှားမှု ကြွက်သားဖွံ့ဖြိုးစေတယ်၊ ပြဿနာဖြေရှင်းနိုင်စွမ်း ကောင်းလာပြီး ဉာဏ်စွမ်းရည်တိုးတက်လာစေပါတယ်။

    (၆) စာဖတ်တဲ့ အလေ့အကျင့် မွေးပေးပါ။

    ဒီအရွယ် စာမသင်ရသေးဘူး ဆိုပေမယ့် ဝေါဟာရပြ၊ ပုံပြ စာအုပ်လေးတွေ၊ ပုံပြင်စာအုပ်လေးတွေ ရှိနေတာပဲလေ။ ကလေးကို အဲဒီစာအုပ်လေးတွေပြပြီး မေမေတို့က ပုံပြင်ပြောပြ၊ စာဖတ်ပြ ပေးပါ။ သူစာသင်ရတဲ့အခါကျ ကိုယ်တိုင် စာဖတ်ချင်လာပါလိမ့်မယ်။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် စာအုပ်စာပေက ဘယ်လောက် အကျိုးရှိလိုက်ပါသလဲ။

    (၇) စူးစမ်းမှုကို အားပေးပါ

    ဘာမဆို စူးစမ်းချင်၊ သိချင်ကြတဲ့ ချစ်စရာ အမူအကျင့်လေးကို သိပ်ပြီး မဟန့်တားမိအောင် သတိထားပါ။ ကိုယ်တိုင်လေ့လာ သိရှိထားတဲ့ ဗဟုသုတက သူတို့ရဲ့ ဖွံ့ဖြိုးမှုခရီးလမ်းမှာ သိပ်အရေးပါပါတယ်။ မိဘက စောင့်ကြည့်ထိန်းပေးရမှာ ဖြစ်ပေမယ့် ဘေးအန္တရာယ်မရှိနိုင်လောက်တဲ့ အရာတွေမှာ လွတ်လွတ်လပ်လပ် လှုပ်ရှား လေ့လာခွင့်ပေးတာကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement