backup og meta

ကလေးတွေ အစာ ကျွေးရခက်တာကို ဘယ်လို ဖြေရှင်းကြမလဲ


Arkar Hein မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ အစာ ကျွေးရခက်တာကို ဘယ်လို ဖြေရှင်းကြမလဲ

    ကလေးမိဘတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို ပြောပါ ဆိုရင်တော်တော်များများကတော့ မိမိကလေးအစားကျွေးရလွယ်စေချင်တာပါပဲ။ တကယ့် တကယ်တမ်းလည်း ကလေးကို အစာကျွေးတဲ့နေရာ နည်းစနစ်မကျရင် အချိန်ကုန်လူပင်ပန်းပြီး အရာမယွင်းတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။

    အောက်ပါ အချက်အလက်လေးတွေသတိထားသင့်ပါတယ်။

    ကလေးတွေကို ကိုယ်တိုင်စားခိုင်းခြင်း – တစ်ခါတစ်လေ ကလေးတွေကို ခွံ့ကျွေးတာမလုပ်ဘဲ သူတို့လက်နဲ့ ကိုယ်တိုင်စားတတ်တဲ့အကျင့်လေး လုပ်ပေးဖို့လိုပါတယ်။ အဲ့လိုကျွေးရင် ပိုဆိုးတယ်၊ ပိုကြာတယ် ဆရာ ဆိုပြီး ပြန်ပြောပြတာလေးတွေ ခဏခဏ တွေ့ရပါတယ်။ ကိုယ်တိုင်စားခိုင်းတယ်ဆိုပေမယ့် ဘေးနားမှ အမေတို့ အဖေတို့ကတော့ ရှိသင့်ပါတယ်။ ကိုယ့်ဟာကိုယ် စားပါစေဆိုပြီး လုံးဝကို တစ်ယောက်တည်းထားပြီး စားခိုင်းရင်တော့ အမေတို့ အဖေတို့ ပြန်ပြောပြသလို အရမ်းကြာပြီး မကုန်တတ်ပါဘူး။

    ရှင်းပြခြင်း  – ကလေးတွေက စူးစမ်းလေ့လာ သင်ယူနေဆဲကာလဖြစ်တဲ့ အတွက် သူတို့စားနေတဲ့ အစားအစာ၊ မုန့်တွေကို ဘာတွေပါတယ်၊ ဒါတွေ စားရင် ကျန်းမာရေးအတွက် ဘာတွေကောင်းတယ် ဆိုတာမျိုးကို အမြဲရှင်းပြပေးသင့်ပါတယ်။ ဥပမာ – သံဓာတ် ကြွယ်ဝတဲ့အစားအစာ၊ မုန့်တစ်ခုကျွေးမယ်ဆိုရင် ဒါစားလိုက်ရင် ဉာဏ်ရည် ပိုကောင်းလာစေနိုင်တာမျိုး၊ သွေးအားကောင်းလာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေတာလိုမျိုး စသဖြင့် သူတို့လေးတွေကို လူကြီးလေး တစ်ယောက်လို နားလည်လာအောင် ပြောပြပေးဖို့က အရေးကြီးပါတယ်။

    ကုန်သလောက်သာကျွေးခြင်း – ကလေးတွေ ကို မိဘတွေကပိုစားစေချင်တဲ့ စိတ်နဲ့၊ တစ်ခါတည်း စကျွေးကတည်းက အများကြီးထည့်ပြီး ကျွေးတတ်ပါတယ်။ ဒါဟာ တကယ့်ကိုမှားပါတယ်။ ကလေးတွေဟာ မြင်မြင်ချင်းမှာပဲ အများကြီးစားရမှာပါလားဆိုတဲ့ စိတ်ကြီးဝင်သွားပြီး စကျွေးကတည်းက မစားချင်တော့တာတွေ တွေ့ရပါတယ်။ တချို့ကလေးတွေကျတော့လည်း ထည့်ပေးသမျှကုန်ပြီး အသက်ကြီးလာတဲ့အခါ တစ်ခါတည်း အများကြီးစားတတ်တဲ့ အကျင့်တွေပါကုန်ပြီး အဝလွန်ရောဂါ၊ ဆီးချိုရောဂါတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်ပွားလာတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို အစာကျွေးတဲ့နေရာမှာ ကုန်နိုင်သလောက်ပဲ ထည့်ပေးခြင်းဖြင့် အစာမစားချင်တဲ့ကလေးကို စားချင်လာအောင်စွမ်းဆောင်နိုင်သလို အစားအများကြီးစားတတ်တဲ့ ကလေးကိုပါ အများကြီးမစားတတ်တော့အောင် လေ့ကျင့်ပေးနိုင်ပါတယ်။

    နည်းနည်းနဲ့ အကြိမ်ရေများများ ကျွေးခြင်း – မိမိ ကလေးကျန်းမာစေချင်တယ်ဆိုရင်တော့ နည်းနည်းနဲ့ ခဏခဏ ကျွေးတတ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကလေးအရွယ်မှာလည်း အချိန်မှန်မှန် စားတတ်သွားသလို နောင်တချိန် လူကြီးဖြစ်လာရင်လည်း အခုလို နည်းနည်းနဲ့ ခဏခဏ စားတတ်တဲ့အကျင့်လေး လုပ်ပေးထားတော့ တစ်ဖက်တစ်လမ်း ကနေ အဝလွန်ရောဂါ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေကိုပါ ကာကွယ်ပြီးသားဖြစ်ပါတယ်။ နည်းနည်း နဲ့ ခဏခဏ ကျွေးတဲ့ အတွက် ကလေး အနေနဲ့လည်း အများကြီးစားလိုက်လို့ ဗိုက်မအီမသာဖြစ်ပြီး အစားကိုကြောက်သွားတာမျိုး မဖြစ်တော့ဘဲ အချိန်မှန်မှန်လေးစားရမယ် ဆိုတဲ့အကျင့်ပါ လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်။

    လူကြီးများနဲ့ တူတူကျွေးခြင်း – ကလေးတွေကို ထမင်းကျွေးတဲ့အခါ သီးသန့်ကျွေးတာမျိုးမလုပ်ဘဲ လူကြီးတွေနဲ့တူတူ စားခိုင်းတာမျိုးလုပ်သင့်ပါတယ်။ ဒါမှ သူတို့ စိတ်ထဲမှာ အများပြီးရင် သူတို့လည်း ပြီးရမယ်ဆိုတဲ့ အကျင့်တစ်ခု ခေါင်းထဲ ရောက်သွားပြီး အစားစားတဲ့နေရာ မှာ အချိန်အကြာကြီး မဆွဲနေတော့ဘဲ ပုံမှန်လေး စားတတ်သွားပါလိမ့်မယ်။

    တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ လက်ပ်တော့၊ တပ်ဘလက် စတာတွေ မပြပါနဲ့ –အခုဖြစ်နေတဲ့ ပြဿနာက ကလေးတွေကို ထမင်းစားအောင်ဆိုပြီး ကာတွန်းကား၊ ဂိမ်း တွေကို တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ လပ်တော့၊ တပ်ဘလက်တွေကတဆင့် ကလေးတွေ ကိုပြပြီး ထမင်း ကျွေးလေ့ရှိပါတယ်။ ဒါက တကယ့်ကို လွဲမှားတဲ့ အယူအဆ တစ်ခုပါ။ ပိုပြီးတော့တောင် အစာစားချိန်ကြာသွားနိုင်သလို၊ ထမင်းလည်း မကုန်ဘဲ ကျန်နေတာပဲ များတာကို ကြုံတွေ့ဖူး ကြပါလိမ့်မယ်။ ဒါကြောင့် အစားကျွေးရင် ပုံပြင်ပြောပြတာ၊ ဘေးပတ်ဝန်းကျင်ကို ပြတာကလွဲရင် ကျန်တာဘာမှမပြသင့်ပါဘူး။

    အခုပြောထားတဲ့ အချက် ကလေးတွေ ကို လိုက်နာပြီး အစားကျွေးရတဲ့ ကလေးတွေကို သေချာလိုက်ကျွေးကြည့်ပါလို့ အကြံပြုချင်ပါတယ်။

    လေးစားစွာဖြင့်

    ဒေါက်တာ ညီညီကျော်

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement