backup og meta

စာမေးပွဲဖြေမယ့် ကလေးအတွက် ပြင်ဆင်ပေးသင့်တဲ့ အစားအစာ(၆)မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းသားအရွယ်မှာ စာမေးပွဲကာလဟာ ကလေးတွေအတွက် အပင်ပန်းရဆုံး၊ အရေးကြီးဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ စာကျက်ဖို့ ကလေးကိုပဲ တွန်းအားပေးနေတာထက် မေမေ၊ဖေဖေတို့ရဲ့ဘေးကနေကူညီပံ့ပိုးမှုက သိပ်ကိုအရေးပါပါတယ်နော်။ ကလေးကို အားပြည့်အောင် ဆိုပြီး အစားအသောက်တွေစီစဉ်ပေးကြပေမယ့် တကယ်တမ်းအထောက်အကူဖြစ်စေမယ့်အစားအစာတွေ မပါဘဲ လွဲချော်နေရင် အထောက်အကူမဖြစ်ပါဘူးနော်။

    ဒီတော့ ကလေးရဲ့မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်အတွက်ရော၊ ခွန်အားပြည့်ကျန်းမာနေဖို့အတွက်ရော ဘာတွေကျွေးရမလဲ။ မေမေတို့ ပြင်ဆင်ပေးသင့်တဲ့ အစားအစာ (၆) မျိုးကို ပြောပြပေးမယ်နော်။

    (၁) ကြက်ဥ

    ကြက်ဥဟာ ခွန်အားရှိစေတဲ့ ပရိုတင်းအရင်းအမြစ်တစ်ခုအဖြစ် လူသိများပါတယ်။ ဒါပေမယ့် ဒီနေရာမှတော့ ကြက်ဥအနှစ်မှာပါဝင်တဲ့ ကိုလင်းဓါတ်ကြောင့် ပိုပြီးအကျိုးရှိစေပါတယ်။ ကိုလင်းဓါတ်က မှတ်ဉာဏ်စွမ်းရည်ကိုမြင့်တက်စေနိုင်တဲ့အပြင် ပရိုတင်းဓါတ်ကြောင့် ကလေးကို အားပြည့်လန်းဆန်းစေနိုင်ပါလိမ့်မယ်။

    ပေါင်မုန့်ကြက်ဥကြော်၊ ကြက်ဥပြုတ်တို့အပြင် ကြက်ဥပါတဲ့မုန့်နဲ့ အစားအစာလေးတွေ ကိုယ်တိုင်စီမံပေးတာက အပြင်ကဝယ်ကျွေးတာထက် ပိုကောင်းပါတယ်နော်။

    (၂) အစေ့အဆန်

    ပရိုတင်း၊ မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီဓါတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်နေတဲ့ အစေ့အဆန်တွေဟာ စိတ်လန်းဆန်းမှုနဲ့ အာရုံကြောစနစ်ကို အကျိုးပြုထောက်ပံ့ပေးနိုင်ပါတယ်။ စာကျက်ရင်း အပျင်းပြေစားဖို့ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ပီစတာချီအိုစေ့ စတဲ့ အစေ့အဆန်လေးတွေ နည်းနည်းပြင်ဆင်ထားပေးပါ။

    (၃) အုတ်ဂျုံ

    ပရိုတင်းနဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အုတ်ဂျုံက နှလုံးသွေးကြောနဲ့ ဦးနှောက်သွေးကြောတွေကို ရှင်းလင်းစေပါတယ်။ ထိုက်သင့်သလောက် အချိုလေးစွက်ထားတဲ့ ကွေကာအုတ်တစ်ခွက်က ကလေးရဲ့မှတ်ဉာဏ်ကို ပိုကောင်းစေပါလိမ့်မယ်။

    (၄) နို့

    နွားနို့က ပရိုတင်းအရင်းအမြစ်ဖြစ်သလို ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးဖို့လိုအပ်တဲ့ ဗီတာမင်အေလည်း ပါဝင်ပါတယ်။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကျိုးပြုအဆီဓါတ် DHA ပါဝင်တဲ့ အာဟာရနို့မှုန့်တွေကို ရွေးချယ်တိုက်ကျွေးနိုင်ပါတယ်။ တခြားအာဟာရသောက်စရာတွေ မျိုးစုံရှိပေမယ့် အချိုဓါတ်ပါဝင်မှုများလွန်းတာ၊ တကယ်တမ်းအာဟာရအလုံအလောက်မပါတာတွေ ရှိတာမို့ အရည်အသွေးစိတ်ချရတဲ့ ဖြည့်စွက်အာဟာရနို့မှုန့်တွေကို ပိုပြီးအလေးပေးသင့်ပါတယ်။

    (၅) ဒိန်ချဉ်

    ဒိန်ချဉ်က အရိုးနဲ့ကြွက်သားကျန်းမာရေးအတွက် ကယ်လ်စီယမ်အပြင် အစာခြေစနစ်ကိုကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားတွေလည်း ပေးစွမ်းနိုင်ပါတယ်။ ဒိန်ချဉ်က ဗိုက်ပြည့်တင်းတိမ်စေပြီး သွေးတွင်းသကြားဓါတ်ကိုထိန်းညှိနိုင်လို့ အာရုံစူးစိုက်မှုကို ပိုကောင်းစေနိုင်ပါတယ်။ အသီးအနှံလေးနည်းနည်းထည့်ထားတဲ့ ဒိန်ချဉ်အေးအေးလေး တိုက်ကြည့်ပါ။

    (၆) ဘယ်ရီသီး

    စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီးတွေကို အချိုတည်းဖို့ စီစဉ်ပေးထားပါ။ ဘယ်ရီသီးတွေက အရောင်ပိုရင့်လေ အာဟာရဓါတ်ပိုများလေပါပဲ။ သူတို့မှာ ဗီတာမင် စီအပါအဝင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုများတယ်လေ။ ဘလူးဘယ်ရီနဲ့ စတော်ဘယ်ရီတို့က ဦးနှော်က်မှတ်ဉာဏ်တိုးတက်စေတယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေလည်းရှိပါတယ်။

    ဒီလောက်ဆို စာကျက်ရင်း ပင်ပန်းနေတဲ့ကလေးတို့ကို မှန်ကန်တဲ့အာဟာရတွေနဲ့ မေမေတို့ ဂရုစိုက်ပေးလို့ရပြီနော်။ အဆီများတဲ့၊ အငန်များတဲ့ အစားအစာတွေ၊ ပြုပြင်စီမံထားတဲ့အစားအစာတွေ၊ အချိုသိပ်များလွန်းတဲ့အစားအစာတွေကို မကျွေးပါနဲ့လို့ သတိပေးချင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement