backup og meta

အစာသီး ပြီးအဆုတ်ရောင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာသီး ပြီးအဆုတ်ရောင်ခြင်း

    ခေါင်းစဉ်ကို ကြည့်ပြီး အစာသီး တာနဲ့ အဆုတ်ရောင်နိုင်လားဆိုပြီး မေးစရာ ရှိပါတယ်။ အစာသီးတိုင်းတော့ မဟုတ်ဘူးပေါ့။ တချို့သူတွေမှာ အစာသီး ပြီး အဆုတ်ထဲရောက်သွားခဲ့ရင် အဆုတ်ရောင်တတ်တာပေါ့။ ဆေးပညာအရ Aspiration pneumonia လို့ ခေါ်ပါတယ်။ အစာသီးတိုင်း အဆုတ်ရောင်မှာလား။ ဘယ်လိုလူတွေက ပိုဖြစ်နိုင်လဲ။ အသက်အန္တရာယ်ရှိလားဆိုတာကို ပြောပြပေးပါမယ်။

    အစာသီးပြီး အဆုတ်ရောင်တယ်ဆိုတာ ဘာလဲ။

    တစ်ခုခု စားလိုက်လို့၊ သောက်လိုက်လို့ပဲ ဖြစ်ဖြစ်၊ တံတွေးသီးတာပဲ ဖြစ်ဖြစ်၊ စားချဉ်ရည် သီးတာပဲ ဖြစ်ဖြစ် ဒါတွေက အသက်ရှူလမ်းကြောင်းထဲကို ဝင်သွားပါတယ်။ ဒီပစ္စည်းတွေမှာ ပိုးမွှားတွေပါပါတယ်။ ဒီတော့ အဆုတ်ထဲကို ပိုးတွေ ရောက်သွားတော့တာပေါ့။ အဆုတ်က ကောင်းနေရင် သူ့ဟာသူ ခုခံအားစနစ်က ပြန်ပြီးတိုက်လိုက်လို့ ပြဿနာ မရှိပါဘူး။ ဒီလိုမှ မဟုတ်ရင်တော့ အဆုတ်ရောင်လာပါလိမ့်မယ်။

    ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

    လူတိုင်းမှာ ဖြစ်နေတာမဟုတ်ပါဘူး။ အလွယ်ပြောရင်တော့ ကောင်းကောင်း မမျိုချနိုင်တဲ့ သူတွေမှာပေါ့။ ဘယ်သူတွေက ကောင်းကောင်းမမျိုနိုင်ဘူးလဲ ဆိုတော့ သတိမကောင်းတဲ့သူတွေ၊ တစ်ခုခုသီးသွားရင် ချောင်းဆိုးပြီး ပြန်မထုတ်နိုင်တဲ့ သူတွေ၊ အစာရေမျိုပြွန် မကောင်းတဲ့သူတွေ၊ ဦးနှောက်နဲ့ အာရုံကြော ရောဂါရှိတဲ့ သူတွေ၊ ပိုက်ထည့်ထားတဲ့ သူတွေပေါ့။

    • သတိမကောင်းတဲ့သူတွေ

    -အရက်အလွန်အကျွံ သောက်ထားတဲ့ သူတွေ အန်တဲ့အခါ အသက်ရှူလမ်းကြောင်းထဲ ဝင်သွားတာ

    -မူးယစ်ဆေးသုံးတဲ့သူတွေ

    -အတက်ရောဂါဖြစ်နေတဲ့အချိန်

    -ဦးခေါင်းထိခိုက်ထားတဲ့သူတွေ

    -မေ့ဆေးပေးထားတဲ့အချိန် (ဒါကြောင့် မခွဲစိတ်ခင်မှာ အစာတွေ ရေတွေ ရှောင်ခိုင်းတာပါ။)

    -ဦးနှောက်အကြိတ်ရှိတဲ့သူတွေ

    • အစာရေမျိုပြွန် ရောဂါများ

    -အစာမမျိုနိုင်တဲ့ သူတွေ

    -အစာရေမျိုပြွန်ကျဉ်းနေတဲ့သူတွေ

    -အကြိတ်ရှိနေတဲ့သူတွေ

    -စားချဉ်ရည်ပြန်တတ်တဲ့ သူတွေ (GERD)

    • အာရုံကြောရောဂါရှိနေတဲ့ သူတွေ

     ပါကင်ဆန်ရောဂါ

    -မှတ်ဉာဏ်ချို့တဲ့တဲ့ရောဂါ

    • တချို့သော ဆေးကုသမှု အခြေအနေများ

    -နှာခေါင်းအစာပိုက် လမ်းကြောင်းလွဲတာ

    -အသက်ရှူပိုက်ထည့်တာ

    -အစာအိမ်အပေါ်ပိုင်း မှန်ပြောင်းကြည့်တာ

  • အခြား အကြောင်းရင်းများ
  • -ခဏခဏအန်တာ

    -နာတာရှည် ရောဂါဖြစ်ပြီး အိပ်ရာမှာ လှဲနေရတာ (ဥပမာ လေဖြတ်)

    -ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်တာ စတာတွေပဲ ဖြစ်ပါတယ်။

    အစာသီးပြီး အဆုတ်ရောင်တာရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    တခြား အဆုတ်ရောင်ရောဂါတွေနဲ့ တော်တော်များများ တူပါတယ်။ လက္ခဏာတွေကတော့

    • မောမယ်
    • ရင်ဘတ်အောင့်မယ်
    • အသက်ရှူရင် တရွှီရွှီမြည်မယ်
    • နုံးမယ်
    • အသားတွေ၊ နှုတ်ခမ်းတွေပြာမယ်
    • အနံ့ဆိုးတဲ့ ဒါမှမဟုတ် အရောင်ပါတဲ့ သလိပ်ထွက်ပြီး ချောင်းဆိုးမယ်
    • အစာမျိုရခက်မယ်
    • အနံ့ဆိုးတွေ ထွက်နေမယ်
    • ချွေးထွက်များမယ်

    ဒီလက္ခဏာတွေရှိနေပြီဆိုရင် ဆရာဝန်နဲ့အမြန်ဆုံး ပြသင့်ပါတယ်။ ကလေး၂နှစ်အောက်အရွယ်တွေ၊ ၆၅နှစ်အထက် လူကြီးတွေ အစာသီးပြီဆိုရင် သတိထားပါ။ အပေါ်က လက္ခဏာတွေ အပြင် အရောင်ပါတဲ့ သလိပ်လည်း ထွက်မယ်၊ အဖျား ၁၀၀ကျော်နဲ့ အဖျားတာရှည်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြဖြစ်အောင်ပြပါ။

    အစာသီးပြီး အဆုတ်ရောင်တာကိုဘယ်လို ကုရမလဲ။

    ရောဂါသက်သာမလား ဆိုတာက အဆုတ်ရောင် ရောဂါဘယ်လောက်ဆိုးလဲ၊ ဘာရောဂါအခံရှိလဲ၊ ဘယ်လောက်စောစောသိပြီး ကုလဲဆိုတာပေါ် မူတည်ပါတယ်။ သိပ်ဆိုးရင် ဆေးရုံတက်ပြီး ကုသမှု ခံယူရမှာပါ။ ပိုးသတ်ဆေးတွေလဲ ထိုးဖို့ လိုပါတယ်။ လိုအပ်ရင် လိုအပ်သလို အောက်ဆီဂျင်ပေးတာတို့၊ အစားကောင်းကောင်း မမျိုနိုင်သူတွေအတွက် နှာခေါင်းပိုက်ထည့်တာမျိုး လုပ်ရမှာပါ။

    နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

    မကုဘဲ ထားမယ်ဆိုရင် အဆုတ်ပြည်တည်တာ၊ လေပြွန်ထဲမှာ ပြည်တည်တာတွေ ဖြစ်လာမှာပါ။ ဒီကနေ အဆုတ်ထဲ ရေဝင်ပြီး အသက်ရှူရခက်လာတာ၊ ပိုမောလာတာတွေ ဖြစ်နိုင်ပါတယ်။

    ဘယ်လို ကာကွယ်နိုင်မလဲ။

    • အစာသီးနိုင်တဲ့ အနေအထားတွေကို ရှောင်ကြဉ်ပါ။ (ဥပမာ အရက်အလွန်အကျွံ သောက်တာမျိုး)
    • မူးဝေစေတတ်တဲ့ ဆေးတွေ သောက်တဲ့အခါ သတိထားပါ။
    • အိပ်ရာထဲမှာ အကြာကြီးလှဲနေရတဲ့ နာတာရှည်ရောဂါရှင်တွေကို အဆုတ်လေ့ကျင့်ခန်း မကြာခဏ လုပ်ပေးပါ။ ခေါင်းကို ၃၀ဒီဂရီလောက် မြှင့်ထားပါ။
    • အစာမျိုရတာ အခက်အခဲရှိနေရင် စောစောစီးစီး ဆရာဝန်နဲ့ ပြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement