backup og meta

ကလေးက အဖော်အရမ်းမက်တယ် ဘယ်လိုလုပ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးက အဖော်အရမ်းမက်တယ် ဘယ်လိုလုပ်ရမလဲ

    ကလေးကအဖော်အရမ်းမက်လို့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူးဆိုတဲ့မေမေတွေရှိလား။ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ဒီနည်းလမ်းလေးတွေကိုလက်တွေ့အသုံးချကြည့်ဖို့ပြောပါရစေ။

    အဖော်မက်တာက ကလေးတွေရဲ့သဘာဝ

    ကလေးတိုင်းလိုလိုက အဖော်မင်ကြသူတွေပါပဲ။ တစ်ယောက်တည်း မွေးထားတဲ့ကလေးတွေနဲ့ အကြီးတွေ အသက်ကွာလွန်းတဲ့ကလေးတွေက အခြားကလေးတွေထက် ပိုပြီးအဖော်မက်ကြပါတယ်။ အဖော်မက်တာက ပြဿနာမဟုတ်ပေမယ့် ကလေးက အဖော်မက်တာအရမ်းလွန်ပြီး သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်ခံ၊ ခိုင်းဖက်ဖြစ်လာတာကတော့ပြဿနာပါ။ မေမေတို့အနေနဲ့လည်း အရမ်းစိတ်မကောင်းဖြစ်မိမှာအမှန်ပဲလေ။ အဖော်မက်တဲ့ ကလေးတွေက သူငယ်ချင်းတွေဘာပြောပြောခေါင်းညိတ်လုပ်ပေးလို့ သူ့ကိုခင်နေရင်ပြီးရောနေနေတာက အချိန်ကြာလာတဲ့အခါပြဿနာရှိလာနိုင်ပါတယ်။

    ကလေးက အဖော်အရမ်းမက်တဲ့ ပြဿနာကို ဒီလိုဖြေရှင်းပါ

    လူဆိုတာ အပေါင်းအသင်းပတ်ဝန်းကျင်ရှိရမှာမှန်ပေမယ့် အကျိုးမပြုဘဲ အနိုင်ကျင့်တဲ့ ပတ်ဝန်းကျင်အခြေအနေကတော့ကောင်းကျိုးထက် ဆိုးကျိုးများလာနိုင်ပါတယ်။ ကလေးက အဖော်အရမ်းမက်နေပြီဆိုရင်….

    ကလေးကို အချိန်ပေးပါ

    ကလေးတွေ အဖော်အရမ်းမက်ရတဲ့ပြဿနာတစ်ခုက မိဘတွေက သူ့ကို အချိန်လုံလောက်အောင် မပေးနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ် အချိန်ပေးနိုင်အောင်ကြိုးစားပေးပါ။

    နားထောင်ပေးပါ

    ကလေးတွေမှာလည်း ငယ်သေးလို့တွေးပူတာမရှိဘူး၊ စိတ်ဖိစီးမှုမရှိဘူးမထင်ပါနဲ့။ ကလေးတွေမှာလည်း ရင်ဖွင့်ချင်တဲ့ အကြောင်းအရင်းတွေရှိနေပါတယ်။ ဒါကြောင့် ကလေးရဲ့ အရင်းနှီးဆုံး ရင်ဖွင့်ဖော်ကမေမေကိုယ်တိုင်ဖြစ်နေပါစေ။

    ယုံကြည်မှုရှိအောင်မွေးပေးပါ

    ကလေးကို လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ မျက်လုံးကိုကြည့်ပြီး ပြောတတ်အောင်လေ့ကျင့်ပေးပါ။ ကလေးကို ကိုယ့်ကိုကိုယ် ယုံကြည်မှုပြည့်နေအောင်မွေးမြူပေးပါ။ အခြားသူတွေနဲ့ ဆက်ဆံတဲ့အခါတိုင်း ယုံကြည်မှုရှိနေတော့ ကလေးက အခြားကလေးတွေကို အောက်ကျခံပြီးပေါင်းနေတာမျိုးနည်းသွားနိုင်ပါတယ်။

    နွေးထွေးစွာဆက်ဆံပါ

    ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ကလေးတွေက အဖော်မင်ခဲကြပါတယ်။ ဒါကြောင့် ကလေးကိုမေမေနဲ့ဖေဖေကထွေးထွေးပိုက်ပိုက်ဆက်ဆံပေးပါ။

    ပေါင်းသင်းဆက်ဆံတတ်အောင်သင်ပေးပါ

    ပေါင်းသင်းဆက်ဆံမှုအရည်အချင်းက ကလေးရယ်၊ လူကြီးရယ်မှမဟုတ်ပါဘူး။ အရွယ်တိုင်းမှာရှိသင့်တာပါ။ ဒါကြောင့် ကလေးကို လူမှုပေါင်းသင်းဆက်ဆံရေးကောင်းအောင် သင်ကြားထားပေးပါ။ ကလေးကို မိသားစုထဲမှာလည်း လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ပေးထားပါ။ နားမလည်တာကိုပြန်မေးခွင့်ပြုပေးပါ။

    ကလေးကို အိမ်မွေးတိရစ္ဆာန် လေးမွေးပေးပါ

    ကိုယ်ပိုင်အိမ်မွေးတိရစ္ဆာန်ရှိတဲ့ကလေးတွေက အဖော်သိပ်မမက်တတ်ကြပါဘူး။ အကြောင်း ကသူ့မှာ ရင်ဖွင့်ဖော်၊ အတူကစားဖော်လေးရှိနေတာကိုး။ ဒါကြောင့် ကလေးကို ကာကွယ်ဆေးအပြည့်အစုံထိုးထားပြီးသား အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လောက်မွေးပေးတာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။

    ကလေးကို ကျောင်းလိုက်ပို့ပါ

    ကလေးကို ကျောင်းလိုက်ပို့လို့ ကလေးရဲ့ သူငယ်ချင်းတွေနဲ့ ရင်းနှီးရမှုရယူပါ။ ဒါကလည်း ကလေးကို သူငယ်ချင်းကောင်းတွေရစေပြီး အဖော်အရမ်းမက်တဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှာပါ။ ကလေးက သူငယ်ချင်းများလေလေ အဖော်အရမ်းမက်ပြီး အနိုင်ကျင့်ခံရနိုင်ခြေနည်းလေလေပါ။

    ကလေးနဲ့အတူ ကစားပေးပါ

    မေမေ၊ဖေဖေတွေက ကလေးရဲ့ ပထမဆုံးသူငယ်ချင်းတွေဆိုတာမမေ့ပါနဲ့။ အချိန်မအားရင်တောင်မှာ ကလေးကို အချိန်ပေးပြီး အတူတူကစားပေးပါ။ဖေဖေမေမေတို့နဲ့ အတူကစားနေရတာကြောင့် ကလေးက အခြားကလေးတွေနဲ့ဆော့ဖို့အချိန်နည်းသွားနိုင်ပါတယ်။

    ကဲ ……အဖော်အရမ်းမက်တဲ့ သားသားမီးမီးတွေကို အဖော်မက်တာကြောင့် အနိုင်ကျင့်ခံရမှုကနေ ကာကွယ်ရအောင်လားမေမေတို့ရေ………………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement