backup og meta

မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ

    ကလေးအရွယ်ဆိုတာ မကြာခဏဆိုသလိုပဲ အစားမှားတာကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ဖို့ အရမ်းလွယ်ပါတယ်။ ဒီလိုဝမ်းလျှောတဲ့အချိန်ဆို မိဘတွေလည်း ဒုက္ခရောက်ရတယ်၊ ဆေးခန်းတွေလိုက်ပြရတယ်။ ကလေးတွေလည်း ဝမ်းခဏခဏသွားရ၊ ကျောင်းပျက်ရ၊ ဆေးသောက်ရ၊ အစားကလည်း ကောင်းကောင်းမစားနိုင်ဘဲ ခံတွင်းပျက်ရတာနဲ့ တကယ့်ကို ဒုက္ခတစ်မျိုးပါ။ ဒီတော့ မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ ဆိုပြီး စဉ်းစားနေတာလား မေမေ ……

    ဒီဆောင်းပါးမှာ မကြာခဏဝမ်းပျက်တတ်တဲ့ ကလေးတွေအတွက် ဘယ်လိုအစားအစာတွေကို အဓိကကျွေးသင့်လဲဆိုတာကို ပြောပြပေးမှာဖြစ်လို့ မိဘတွေလည်း သားသမီးကျန်းမာရေးအတွက် သေချာလိုက်မှတ်ထားစေချင်ပါတယ်နော်။

    မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ

    မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ၁။ အရည်များများတိုက်ပေးပါ။

    ကလေးက ဝမ်းလျှောတတ်တာဆိုပြီး မိဘတွေတော်တော်များများ လုပ်တတ်တဲ့ အမှားက အမာစာတွေပဲ ကျွေးလိုက်တာပါ။ တကယ်တော့ ဝမ်းလျှောနေတဲ့အချိန်မှာ ကလေးက ဝမ်းအပျော့တွေ၊ အရည်ဝမ်းတွေ သွားလိုက်တာဖြစ်လို့ ဝေဒနာသက်သာသွားတဲ့အခါ ကလေးတွေရဲ့ ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးမှုဖြစ်လာပါတယ်။ ရေဓါတ်ခမ်းသွားတဲ့အခါ ကလေးတွေလည်း အားမရှိသလို ပျော့ခွေနေပြီး ကိုယ်ခံအားနည်းလို့ နောက်တစ်ခါထပ်ဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် ဒီလိုဝမ်းခဏခဏ ပျက်တတ်တဲ့ကလေးတွေကို အရည်အဓိကတိုက်ပေးရမှာဖြစ်ပါတယ်။ အရည်လို့ဆိုရာမှာ ရေသန့်၊ ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်၊ ချင်းပြုတ်ရည်တွေကို အဓိကတိုက်ပေးရမှာပါ။ ဆိုဒါပါတဲ့ အအေးတွေ၊ သံဘူးဖျော်ရည်စတာတွေကိုတော့ မတိုက်တာ အကောင်းဆုံးပါပဲ။

    ၂။ အမျှင်ဓါတ်ပါတဲ့ အစားအစာ များများကျွေးရပါမယ်။

    အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို အကျိုးပြုပါတယ်။ ကလေးတွေရဲ့ အစာအိမ်က လူကြီးတွေလောက် ကောင်းကောင်းအလုပ်မလုပ်နိုင်သေးတဲ့အတွက် ဒီလိုအရွယ်မှာကတည်းက အစာချေဖျက်နိုင်စွမ်းနဲ့ ကိုယ်ခံအားကိုမြှင့်တင်ပေးဖို့ အမျှင်ဓါတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို အဓိကကျွေးရမှာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်မှာ ကလေးတွေရဲ့ အစာခြေစနစ်ကို အကျိုးပြုစေပြီး ဝမ်းကိုမာစေတဲ့ အမျှင်ဓါတ်တွေအပြင် ကလေးကျန်းမာရေးအတွက် မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ များစွာပါဝင်လို့ လန်းဆန်းတက်ကြွစေပြီး ကိုယ်ခံအားကောင်းစေတယ်။ အသီးအနှံမှာလည်း အမျှင်ဓါတ်၊ ရေဓါတ်၊ ဗီတာမင် စီ အပြင် တခြားသော သတ္တုဓါတ်တွေပါဝင်တာကြောင့် ကိုယ်တွင်းရေဓါတ်ဆုံးရှုံးခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်စေနိုင်ပါတယ်။

    ၃။ ကိုယ်ခန္ဓါအကျိုးပြုဘက်တီးရီးယားတွေ များနေပါစေ။

    ဘက်တီးရီးယားထဲမှာမှ လူကိုဒုက္ခပေးတာနဲ့ ကိုယ်ခန္ဓါအတွက် အကျိုးပြုတဲ့ဘက်တီးရီးယား (Probiotics) ဆိုပြီး ၂မျိုး ခွဲထားပါတယ်။ Probiotics တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေတယ်။ မကောင်းတဲ့ရောဂါပိုးတွေကို တိုက်ထုတ်ပေးတယ်။ အစာခြေစနစ်ကိုလည်း အထောက်အကူဖြစ်စေလို့ ဝမ်းပျက်ဝမ်းလျှော အလွယ်တကူမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Probiotics အများဆုံးပါဝင်တဲ့အစားအစာတွေထဲမှာ ဒိန်ချဉ်ကတော့ ကလေးတွေအတွက် အသင့်လျော်ဆုံးပါပဲ။ နွားနို့ကို အချဉ်ဖောက်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာရော၊ မဖြစ်သေးတဲ့အချိန်မှာပါ သောက်ပေးနိုင်ပါတယ်။ အရိုးနဲ့ သွားကို သန်မာစေတဲ့ ကယ်လ်စီယမ်ဓါတ်တွေလည်း ပါဝင်ပါတယ်။

    မိဘတွေအနေနဲ့ နောက်ထပ်ဘာတွေကို သတိထားပေးဖို့လိုအပ်လဲ။

    ဝမ်းပျက်ဝမ်းလျှောပြဿနာဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ကလေးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး တစ်နေ့တာ စားတဲ့အစားအစာကို သေချာဂရုစိုက်ပေးဖို့တော့ လိုအပ်တယ်နော်။

    • ခဏခဏဝမ်းပျက်တတ်တဲ့ ကလေးတွေဆိုရင် တစ်နေ့ ၃နပ်ကို ထမင်းအဝကျွေးမယ့်အစား နည်းနည်းနဲ့ အကြိမ်ရေများများကျွေးတာ ပိုအဆင်ပြေပါတယ်။
    • အသီးအနှံတွေကို ကျွေးတဲ့အခါ အမှည့်လွန်နေတာမျိုး မဖြစ်စေဖို့ သေချာသတိထားပါ။
    • အစားအစာတွေကို ယင်မနားအောင် အုပ်ဆောင်းတစ်ခုခုနဲ့ သေချာလုံအောင် ဖုံးအုပ်ထားပါ။
    • အစားအစာတွေကို သေချာကျက်နေအောင် ချက်ပြုတ်ပြီး ပူပူနွေးနွေးကျွေးပေးပါနော်။
    • ကလေးကို အစာမစားခင်၊ အစာစားပြီးချိန်နဲ့ ပစ္စည်းတစ်ခုခုကိုင်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ သေချာဆေးတတ်အောင် အကျင့်လုပ်ပေးထားပါ။
    • ဝမ်းပျက်နေချိန်မှာ နွားနို့ကိုရှောင်ပါ။ ပုံမှန်အချိန်မှာ တိုက်မယ်ဆိုရင်လည်း ပမာဏနည်းနည်းပဲ တိုက်ပေးပါ။ ဒိန်ချဉ်ကိုတော့ များများတိုက်ပေးလို့ရပါတယ်။
    • အစာတစ်နပ်စားတိုင်းမှာ ဟင်းသီးဟင်းရွက်ကို မပါမဖြစ်ထည့်ကျွေးပေးပါ။
    • မသန့်ရှင်းတဲ့ လမ်းဘေးစာတွေ၊ ယင်နားထားတဲ့ အစားအစာတွေ၊ အကင်တွေကို လုံးဝမကျွေးပါနဲ့။
    • ရေများများသောက်ဖို့ သတိပေးပါ။ ဝမ်းပျက်နေချိန်မှာတော့ ရေအစား ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်တွေ ပိုတိုက်ပေးပါ။

    ကိုယ့်ကလေး ခဏခဏ ဝမ်းပျက်လို့ ဘာကျွေးရမလဲမသိဖြစ်နေတဲ့ မေမေတွေလည်း ဒီဆောင်းပါးကို ဖတ်ကြည့်ပြီး ရင်ထဲက သောကအမောတွေ ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement