backup og meta

စောစီးစွာ ကြီးကောင်ဝင်တာနဲ့ အဝလွန်တာ ဆက်စပ်မှု ရှိသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စောစီးစွာ ကြီးကောင်ဝင်တာနဲ့ အဝလွန်တာ ဆက်စပ်မှု ရှိသလား

    လေ့လာချက်တွေအရ သားသမီးတွေကြီးကောင်ဝင်ချိန်ဟာမိဘတွေတုန်းကထက်စောလာနေတယ်လို့သိရပါတယ်။ ဒါ့အပြင်ဒီဘက်နှစ်တွေထဲမှာအဝလွန်တဲ့ကလေးတွေလည်းပိုပိုများလာပါတယ်။ ဒါကြောင့် အဝလွန်တာနဲ့လူပျိုဖော်/အပျိုဖော်အဝင်စောတာဆက်စပ်မှုရှိသလားလို့တွေးချင်စရာ ဖြစ်လာပါတယ်။ သင့်သားသမီးတွေရောဒီလိုဖြစ်နိုင်ချေရှိနေသလား။ ကြည့်ကြရအောင်။

    အဝလွန်တာနဲ့ စောစီးစွာကြီးကောင်ဝင်တာ

    မိန်းကလေးငယ်တွေမှာ အပျိုဖော်စောဝင်တာဟာ အဝလွန်တာကြောင့် အဓိကဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ယောက်ျားလေးတွေမှာတော့ ဒီလိုမျိုးဆက်စပ်မှုရှိတယ်လို့ ပြောနိုင်တဲ့ သက်သေသာဓကတွေမရှိပါဖူး။ အဆီဆဲလ်တွေကနေ leptinဆိုတဲ့ဓာတ်တစ်မျိုးကို ထုတ်ပေးပါတယ်။ ကြီးကောင်ဝင်ဖို့အတွက် ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ leptinဓာတ် လုံလောက်စွာ ရှိဖို့လိုပါမယ်။ ဒါကြောင့် အဝလွန်တဲ့မိန်းကလေးတွေ (leptinဓာတ်ပမာဏများနေမယ့်မိန်းကလေးတွေ)ဟာ အပျိုဖော်ဝင်တာ စောဖို့ အခွင့်အလမ်းများနေပါတယ်။ ဒါတင် မကသေးပါဖူး။ အဆီဆဲလ်တွေက estrogen ဆိုတဲ့ မဟော်မုန်းကိုလည်းထုတ်ပေးနိုင်ပါသေးတယ်။ ဒီဟော်မုန်းက ရင်သားကြီးထွားတာနဲ့ကြီးကောင်ဝင်တာကို ဖြစ်စေနိုင်တဲ့အတွက်အဝလွန်တဲ့မိန်းကလေးတွေဟာစောစီးစွာရင်သားကြီးလာပြီးဓမ္မတာစလာတဲ့အချိန်ကလည်းပုံမှန်ထက်ပိုစောနေပါလိမ့်မယ်။

    လေ့လာမှု တချို့က ဘယ်လိုဆိုပြန်လည်းဆိုတော့ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုးကို ကာလကြာရှည်ထိတွေ့ကိုင်တွယ်နေရရင်လည်းစောစီးစွာကြီးကောင်ဝင်တာကို ဖြစ်စေတယ်လို့ဆိုပါတယ်။ ဒီနေရာမှာသိထားသင့်တဲ့အချက်ကအဆီဆဲလ်တွေဟာဓာတုဗေဒပစ္စည်းအချို့ကိုသိုလှောင်နိုင်စွမ်းရှိတဲ့အတွက်အဝလွန်တဲ့မိန်းကလေးတွေဟာစောစီးစွာကြီးကောင်ဝင်ဖို့အခြေအနေပိုတိုးလို့လာရပြန်ပါတယ်။

    တချို့ အဝလွန်တဲ့ ကလေးတွေရဲ့ ရင်သားမှာ အဆီတွေနဲ့ ကြီးထွားဖွံ့ဖြိုးလာတဲ့အတွက် ဆရာဝန်တွေအနေနဲ့ စောစီးစွာကြီးကောင်ဝင်တာနဲ့မှားတတ်ကြပါသေးတယ်။

    ဘာတွေစိုးရိမ်ရလဲ။

    အပျိုဖော်ဝင်တာ စောတဲ့မိန်းကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို ကင်ဆာမဖြစ်စေချင်ကြပါဖူး၊ ဟုတ်တယ်မလား။ ကြီးကောင်ဝင်တာ စောတဲ့ကလေးတွေဟာ လိင်ကိစ္စတွေနဲ့လည်းစောစောစီးစီးထိတွေ့မှုတွေရှိလာနိုင်ပါတယ်။ ဒါတင်မကသေးပါဖူး။ အဝလွန်ခြင်းက ဆီးချို၊သွေးတိုး၊နှလုံးရောဂါစတဲ့ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

    ဒီလိုတွေမဖြစ်ရအောင်သင်ဘာလုပ်ပေးနိုင်မလဲ။

    အဝလွန်တာဟာ စောစီးစွာကြီးကောင်ဝင်ခြင်းဆီ ဦးတည်လာနိုင်တဲ့အတွက် သင့်ကလေးကိုကိုယ်အလေးချိန်ထိန်းပေးဖို့အရေးကြီးပါတယ်။

    • ကလေးကို မိခင်နို့ပဲတိုက်ပါ။ စောစီးစွာ ကြီးကောင်ဝင်တာနဲ့ မိခင်နို့တိုက်တာ ဘယ်လိုဆက်စပ်လဲဆိုတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့်လေ့လာသုတေသန ပြုချက်တွေကတော့သူတို့အကြားမှာဆက်နွယ်မှုရှိတာကိုဖော်ပြနေပါတယ်။
    • ကလေးကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများကျွေးပါ။ နေ့စဉ်စားတဲ့အစားအသောက်ပုံစံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ထိန်းကျောင်းပေးပါ။
    • ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှု ပုံမှန်လုပ်ဖြစ်အောင် ကလေးကိုတွန်းအားပေးပါ။ သူတို့လေးတွေနဲ့ သင်ပါအတူတကွလေ့ကျင့်ခန်းလိုက်လုပ်နိုင်မယ်ဆိုရင်တော့ သူတို့ပိုပျော်မှာဖြစ်တဲ့အပြင် မိဘနဲ့သားသမီးကြား နွေးထွေးမှုကိုလည်းပိုလာစေမှာ ဖြစ်တဲ့အတွက်အတိုင်းထက်အလွန်ပေါ့။
    • တကယ်လို့ သင့်ကလေးအဝလွန်နေရင် ဝိတ်ချပေးပါ။ ဒါပေမယ့် မတော်မတည့်နည်းတွေနဲ့တော့ မလုပ်ပါနဲ့။ ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းတွေနဲ့ကိုယ်အလေးချိန်လျှော့ချပါ။ အာဟာရပညာရှင်၊ ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ပေးသူတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးပါ။
    • ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကြီးကောင်ဝင်တာနဲ့ပတ်သက်လို့ မူမမှန်တဲ့လက္ခဏာတွေ ပေါ်လာတယ်ဆိုရင် ဆရာဝန်ကို သေချာပြောပြပါ။ ပြန်ချုပ်ရရင်တော့ကလေးတွေမှာစောစီးစွာကြီးကောင်ဝင်ခြင်းဟာအဝလွန်တာနဲ့ဆက်စပ်မှုရှိနေပါတယ်။ ဒါပေမယ့်ကလေးတွေကိုသင့်တော်တဲ့ကိုယ်အလေးချိန်မှာရှိနေအောင်ထိန်းထားနိုင်ဖို့အတွက်သင့်အနေနဲ့ကူညီပေးနိုင်ပါတယ်။ ကလေးတွေကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပြီး မျက်ခြေမပြတ်စောင့်ကြည့်ပေးမယ်ဆိုရင်သူတို့လေးတွေကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ရောဂါဘယကင်းဝေးစေမှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement