backup og meta

သားသားလေးလား မီးမီးလေးလား မသိချင်ဘူးလား


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားလေးလား မီးမီးလေးလား မသိချင်ဘူးလား

    ကိုယ်ဝန်ဆောင်ခြင်းဟာ အိမ်ထောင်သည်တွေအတွက် စိလှုပ်ရှားစရာအကောင်းဆုံးနဲ့ မမေ့နိုင်ဆုံး ကာလလေးပါ။ မိဘတွေတင်မက တခြားမိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေ အားလုံးယောက်ျားလေးလား မိန်းကလေးလား သိချင်ကြပါတယ်။ ဒါပေမယ့် တချို့မိဘတွေက ခေတ်ပေါ်နည်းတွေ ဘယ်လိုပဲထွန်းကားနေပါစေ ကြိုတင်မသိချင်ကြပါဘူး။

    ဘာလို့လဲ……

    အံ့အားသင့်စရာလေးတစ်ခု

    သင့်ရဲ့အလုပ်များလှတဲ့ဘဝကြီးမှာ အံ့အားသင့်စရာလေးတွေ ရှိထားတာထက် စိတ်ဝင်စားစရာကောင်းတာမရှိတော့ပါဘူး။ သင်ကိုယ်ဝန်ဆောင်ကာလမှာ သင်နဲ့ သင့်ခင်ပွန်းတွေ့ကြုံရမယ့် စိတ်ခံစားမှုလေးတွေကို တွေးကြည့်လိုက်ပါ။ စိတ်လှုပ်ရှားစရာ၊ စူးစမ်းစရာ၊ အံ့အားသင့်စရာတွေက သင့်ရဲ့အလုပ်များခဲ့တဲ့နေ့တွေကို တောက်ပစေမှာ…ဒါကြောင့်လည်း တချို့မိဘတွေက သားလေးလားသမီးလေးလား ကြိုပြီးမသိချင်ကြတာဖြစ်နိုင်ပါတယ်။

    မီးဖွားနေစဉ်မှာ တွန်းအားတစ်ခု

    ဒါကြီးကတော့ထူးဆန်းပါတယ်လို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ ကိုယ်ဝန်သည်တော်တော်များများက ၁၀လကြာလွယ်လာပြီးတဲ့အခါမှ အခုကလေးက ဘာလေးလဲဆိုတာ သိချင်စိတ်နဲ့ မီးဖွားရာမှာ ပိုပြီးအားစိုက်တတ်ကြပါတယ်။ မျှော်လင့်နေရာတဲ့ ခံစားချက်လေးအပြင် ‘ယောက်ျားလေး’‘မိန်းကလေး’လို့ ဇာတ်လမ်းတွေထဲမှာလိုသိလိုက်ရတဲ့ အခိုက်အတန့်လေးကို အမေတွေ လိုချင်ကြတာဖြစ်ပါလိမ့်မယ်။

    စိတ်ပျက်မှုကို လျှော့ဖို့

    ‘ယောက်ျားလေးမှ’‘မိန်းကလေးမှ’စသည်ဖြင့် မျှော်လင့်ထားတဲ့ မိဘတွေက ဒီကြောင်းပြချက်ကို နားလည်ပါလိမ့်မယ်။ သားတွေပဲဒါမှမဟုတ် သမီးတွေပဲရထားတဲ့အခါ ဒီတခါကိုယ်ဝန်ကိုတော့ မတူတာလေးလိုချင်ကြမှာပါ။ ဒါကြောင့် သူတို့မျှော်မှန်းထားတဲ့အတိုင်း မဟုတ်တဲ့အခါမှာ ကိုယ်ဝန်ဆောင်ကာလရဲ့ ပျော်ရွှင်မှုတွေဟာ စိတ်ပျက်မှုတွေ အစားထိုးသွားနိုင်ပါတယ်။

    လွဲချော်သွားတဲ့ စစ်ဆေးမှု

    အာထရာဆောင်းတွေဟာ တခါတလေမှားတတ်ပါတယ်။ ဆရာဝန်က မိန်းကလေးလို့ပြောလိုက်တဲ့အခါ သင်တို့နှစ်ယောက်ဟာ မိန်းကလေးအသုံးအဆောင်တွေ ပန်းရောင်ပစ္စည်းလေးတွေ နဲ့ ကလေးငယ်အခန်းကိုလည်း ပန်းရောင်လေးနဲ့ ချစ်စရာလေးပြင်ဆင်ပြီး အရာအားလုံးမိန်းကလေးဆန်သည်များနှင့် စောင့်ဆိုင်းနေသော်လည်း တကယ်မီးဖွားချိန်မှာ ယောက်ျားလေးဖြစ်နေတတ်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

    ’ယောက်ျားလေး’ ‘မိန်းကလေး’သီးသန့်ခွဲခြားမှုကို ရှောင်ရှားဖို့

    ကလေးကဘာလေးလဲသိတဲ့အခါ ယောက်ျားလေးမိန်းကလေးအလိုက် ပြင်ဆင်ထားကြပါတယ်။ ဒါပေမယ့် သင်သတိပြုမိဖို့ကမိန်းကလေးတိုင်းအရုပ်မလေးတွေမနှစ်သက်သလိုယောက်ျားလေးတိုင်းကစက်ရုပ်တွေ ကားတွေနဲ့ပဲဆော့မှာမဟုတ်ပါဘူး။ သူတို့ရဲ့အကြိုက်တွေ ဝါသနာ ရွေးချယ်မှုတွေကိုယောက်ျားလေးမိန်းကလေးသီးသန့်ခွဲပြီးသတ်မှတ်မယူသင့်ပါဘူး။ ဒါကြောင့် အစောကတည်းက မသိထားခြင်းက ဒါကိုရှောင်ရှားနိုင်ပါလိမ့်မယ်။

    ဘေးကဝေဖန်စကားတွေ မကြားရတော့ဘူး

    ကလေးက ယောက်ျားလေး မိန်းကလေး စသည်ဖြင့် သိသွားကြတဲ့အခါမှာ တခြားသူတွေဆီက ဝေဖန်သံအမျိုးမျိုးရလာနိုင်ပါတယ်။ “ယောက်ျားလေးတဲ့လား မိန်းကလေးလိုချင်နေတာဆိုတော့ စိတ်ပျက်မသွားဘူးလား”…..“နောက်ထပ်မိန်းကလေးပဲလား နောက်တခါ ယောက်ျားလေးရအောင် ထပ်ယူဦးမှာလား”စသည်ဖြင့် မကောင်းတဲ့ ဝေဖန်စကားတွေ ကြားနေရတာ သိပ်တော့မလွယ်ကူဘူးမို့လား…….

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement