backup og meta

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးကို ဘယ်လိုအားပေးကူညီမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးကို ဘယ်လိုအားပေးကူညီမလဲ

    လေ့လာမှုတွေအရဆို လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ကလေးတွေရဲ့လေးပုံသုံးပုံဟာ ဘယ်သူ့ကိုမှ မပြောပြဘဲ နှုတ်ပိတ်နေရင်းပြီးဆုံးသွားတာများပါတယ်တဲ့။ ကျူးလွန်သူတွေကလည်း သိကျွမ်းရင်းနှီးသူမဟုတ်တောင် အနည်းဆုံးတော့ ကလေးနဲ့ မျက်မှန်းတန်းမိသူတွေဖြစ်နေလေ့ရှိတယ်။ တစ်ခါတလေ သူစိမ်းအန္တရာယ်ကြောက်လို့ ကလေးကို ယုံကြည်အပ်နှံမိတဲ့သူတွေတောင်ဖြစ်နေတတ်ပါတယ်။

    တစ်ခုခုဖြစ်ပြီဆို ကလေးတွေဆီက ပြန်ပြောပြလာဖို့ မျှော်လင့်လို့ သိပ်မလွယ်ပါဘူး။ လုံးစေ့ပတ်စေ့ပြန်မပြောတတ်တာရယ်၊ ဘာမှမသိနားမလည်သေးတာရယ်၊ ကျူးလွန်သူကိုကြောက်တာရယ်ကြောင့် လိင်အကြမ်းဖက်မှုမဟုတ်သေးဘဲ မဖွယ်မရာပြုခံရရင်တောင် ပြန်တိုင်ရမှန်းမသိကြပါဘူး။ ဒီလိုတွေမဖြစ်အောင် ကိုယ့်ကလေးရဲ့ ဘေးကင်းလုံခြုံမှုကို ကြိုတင်ကာကွယ်ဖို့အရေးကြီးသလို တကယ်တမ်းကြုံလာခဲ့ရင်တောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာလည်း သိဖို့လိုပါတယ်။

    လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးကို ဘယ်လိုအားပေးကူညီမလဲ

    ကလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရတဲ့သတင်း ကြားမိတဲ့အခါ မဆိုင်တဲ့လူတွေတောင် စိတ်မကောင်းဖြစ်ကြ၊ ဒေါသထွက်ကြနဲ့ စကားအဆင့်ဆင့်ပြန့်သွားတာက အရင်ဆုံးပါ။ မိဘကိုယ်တိုင်ဖြစ်ခဲ့ရင်လည်း တုန်လှုပ်ရမှာ၊ စိတ်မကောင်းဖြစ်ရမှာ အဆိုးဆုံးပေါ့။ ဒါပေမယ့် ဒီမှာ အရေးကြီးတာက ကလေးကို အမည်းစက်မဖြစ်စေဖို့နဲ့ စိတ်ဒဏ်ရာမကျန်စေဖို့ ဂရုစိုက်ရမှာကို မမေ့ပါနဲ့။ ကျူးလွန်သူကို ဖော်ထုတ်အရေးယူပြီး အမှန်တရားကို ဖြေရှင်းရမယ်ဆိုပေမယ့် ကလေးကိုလည်း မထိခိုက်ဖို့ အလေးထားရပါလိမ့်မယ်။

    ဒီလိုကြုံခဲ့ရတဲ့ ကလေးတစ်ယောက်ကို အကောင်းဆုံးအားပေးနိုင်တာ အနီးဆုံးက ဖေဖေမေမေပါပဲ။ သူတို့လေးတွေမှာ အားပေးမှု၊ ယုံကြည်မှုနဲ့ ချစ်ခင်နွေးထွေးမှု၊ ကာကွယ်ပေးမှုတွေ လိုအပ်နေပါတယ်။ ဒီအချိန်မှာ မမေ့သင့်တဲ့အချက် (၃) ချက်က –

    • အချိန်ပေးပြီး ကလေးအနားမှာနေပါ။
    • ကလေးက အရင်နဲ့မတူ အပြုအမူပြောင်းလဲနေတာတွေကို လက်ခံပေးပါ။
    • ကလေးရဲ့ ဆန္ဒတွေကိုလေးစားပေးပါ၊ သူတို့လေးတွေရဲ့စိတ်ခံစားချက်နဲ့ လိုအပ်ချက်တွေကို ချက်ချင်းအရေးတယူတုံ့ပြန်ပေးပါ။

    ကလေးရဲ့ ပြဿနာကို သိလိုက်ရတဲ့အခါ မိဘတွေအနေနဲ့ –

    • ဂရုတစိုက် အမြန်ဆုံးတုံ့ပြန်လှုပ်ရှားပါ

    လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်ခုခုအကြောင်း အခြေအနေတွေ ကလေးက ပြောပြချင်နေတယ်လို့ စိတ်ထဲထင်နေရင် ဒါမှမဟုတ် မသင်္ကာစရာ လက္ခဏာတွေတွေ့ခဲ့ရင် ချက်ချင်းကို ဂရုတစိုက်တုံ့ပြန်ပါ။ သက်ဆိုင်ရာကျောင်း သို့မဟုတ် လူမှုရေးအသင်းအဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး စုံစမ်းပါ။ တရားဥပဒေအရ ဖြေရှင်းအရေးယူဖို့ မြန်မြန်ပြင်ဆင်ပါ။ လူမှုရေးအသင်းအဖွဲ့တွေက ကူညီအကြံပေးပါလိမ့်မယ်။

    • ကလေးကို ယုံကြည်ပါ

    ကလေးက ဖွင့်ဟပြောပြလာတဲ့ ကျူးလွန်သူဟာ ကိုယ့်သွေးသားအရင်းကြီးဖြစ်နေရင်တောင် ကလေးရဲ့ စကားကို ယုံကြည်ပေးပါ။ မယုံနိုင်စရာဖြစ်နေရင်တောင် မိသားစုချင်း၊ ရင်းနှီးသူချင်း၊ လေးစားရသူမို့ ဆိုပြီး ဒီလိုလုပ်ရပ်မျိုးကို ဖုံးအုပ်ပေးစရာမလိုပါဘူး။ အကြောင်းကြောင်းကြောင့် ကလေးကို နှုတ်ပိတ်နေဖို့ ဖိအားပေးကြတာလည်းများပါတယ်။ မိဘကိုပဲ ယုံကြည်အားကိုးထားတဲ့ ကလေးလေးဘက်က အပြည့်အဝရပ်တည်ပြီး ကာကွယ်ပေးရမှာပါ။

    လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးကို ဘယ်လိုအားပေးကူညီမလဲ

    • အားပေးပါ

    ဒီအချိန်မှာ မိသားစုက နွေးထွေးမှုနဲ့ အားပေးတာကို ခံစားမိဖို့ အရေးကြီးပါတယ်။ သူတို့ပြောသမျှကို အလေးအနက်ထားပေးပါ၊ ကလေးကို တစ်ဦးတည်း ကြိတ်ခံစားရတဲ့အနေအထား လုံးဝမရောက်အောင် သတိထားပေးပါ။ သူနဲ့တသားတည်း အတူရှိနေတဲ့အကြောင်း ကလေးသိအောင် ဂရုစိုက်ပေးပါ။

    • စိတ်ကို တည်ငြိမ်အောင်ထားပါ

    သိသိချင်းမှာ ချက်ချင်းဒေါသနဲ့ မဖြေရှင်းပါနဲ့။ နောက်ပိုင်းလည်း ဒေါသတွေ ထွက်မနေပါနဲ့။ ကလေးရဲ့ စိတ်ထဲ အပြစ်ရှိစိတ် ခံစားနေရနိုင်လို့ ပိုဆိုးသွားစေနိုင်ပါတယ်။ ကိုယ်က ကလေးအတွက် နာကျင်စိတ်၊ မခံချင်စိတ်တွေ ပြည့်နှက်နေမှာပေမယ့် ကလေးရှေ့မှာ ထိန်းပါ။ လုပ်သင့်တာကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်သွားပါ။ မိဘက ဒေါသဖြစ်နေတာမြင်ရင် ကလေးရဲ့ကြောက်စိတ်ပိုဆိုးလာမယ်၊ ပုံမှန်အတိုင်း စိတ်အားပြန်တက်ဖို့ဝေးသွားနိုင်တယ်၊ ပိုအားငယ်လာမယ်၊ သူ့စိတ်ထဲက အိပ်မက်ဆိုး သို့မဟုတ် အမည်းစက်က ပိုကြီးလာမယ်။ ကလေးကို စိတ်ဓာတ်ခွန်အားပေးဖို့ အရေးကြီးပါတယ်။

    • ပိုချစ်ပေးပါ

    မိဘက ချစ်တယ်ဆိုတာတော့ သူတို့သိထားပြီးသားပါ။ ဒါပေမယ့် ဒီလိုအချိန်မှာ ပိုချစ်ပေး၊ ဂရုစိုက်ပေးပြီး ဘေးမှာ အမြဲကာကွယ်ပေးထားကြောင်း ကလေးက ခံစားမိပါစေ။ သူ့စိတ်ထဲက မလုံခြုံမှုကို ဖြေဖျောက်ပေးနိုင်မှဖြစ်မှာမို့ပါ။

    • လုံခြုံမှုကို ပြန်တည်ဆောက်ပါ

    ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အခုကစပြီး ကလေးကို ဘယ်နည်းနဲ့မှ ထပ်မထိခိုက်အောင် ကာကွယ်ပေးရပါမယ်။ လူပြောများသွားလို့ပဲထား ကလေးအပေါ် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေ ရှိလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ နောက်ထပ်မဖြစ်အောင်ရော ဘယ်လိုကာကွယ်မလဲ။ ဒီလိုမျိုးမကြုံရအောင် ဘေးကင်းလုံခြုံရေး ဘယ်လိုစီမံသွားမလဲ ဆွေးနွေးပြီး အစီအစဉ်ဆွဲပါ။

    • စိတ်ဆင်းရဲမနေပါနဲ့

    ကြုံခဲ့ရတဲ့ဖြစ်ရပ်ကြောင့် ကလေးမှာ ထိခိုက်ခဲ့ပေမယ့် ပြန်လည်ထူထောင်ရေး ကြိုးစားအားပေးလို့ရပါတယ်။ ကိုယ့်ကလေးလေးကို ထိခိုက်နာကျင်ခဲ့ရတာ ရင်နာစရာကောင်းပေမယ့်ပြန်လည်ထူထောင်ရေးနဲ့ အားပေးစောင့်ရှောက်မှုအဆင့်က ပိုအရေးကြီးပါတယ်။ စိတ်ညစ်နေလို့ ဘာမှမထူးဘူးဆိုတာလေး သတိရပါ။

    လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးကို ဘယ်လိုအားပေးကူညီမလဲ

  • အကူအညီတောင်းပါ

  • ကိုယ့်ခွန်အားနဲ့၊ အတွေးနဲ့ပဲ အဆင်မပြေဘူးဆိုရင် အတွေ့အကြုံရှိတဲ့၊ သိနားလည်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊လူပုဂ္ဂိုလ်တွေကို အကူအညီတောင်းပြီး အကြံဉာဏ်ရယူပါ။ ကူညီပေးဖို့တောင်းဆိုသင့်ပါတယ်။

    ဖေဖေမေမေတို့ လုံးဝမလုပ်သင့်တာက –

    • ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကလေးကိုအပြစ်မတင်မိဖို့
    • ဘယ်သူ့ကိုမှမပြောနဲ့နော်ဆိုပြီး နှုတ်မပိတ်ဖို့
    • အားလုံးမေ့လိုက်တော့နော်ဆိုပြီး မနှစ်သိမ့်ဖို့ (ဘာမှမဖြေရှင်းပေးဘဲ၊ အထက်ကအဆင့်တွေမပါဘဲ)
    • နောက် ဒီစကားထပ်မပြောနဲ့တော့ဆိုပြီး မတားမြစ်ဖို့
    • အဲဒီကိစ္စကိုမူတည်ပြီး ကလေးရှေ့မှာ ဝမ်းနည်းမပြဖို့၊ စိတ်ဓာတ်မကျပြဖို့ဖြစ်ပါတယ်။ အရေးကြီးဆုံးက ကလေးတွေဖြစ်လို့ ဘာအတွက်ပဲဖြစ်ဖြစ် ကလေးကိုဦးစားပေးစဉ်းစားပြီး ဆုံးဖြတ်ကြပါနော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement