backup og meta

စာမေးပွဲဖြေရမယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်အားပေးမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စာမေးပွဲဖြေရမယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်အားပေးမလဲ

    စာမေးပွဲအချိန်တွေဆို ကလေးတွေရော မိဘတွေပါ စိတ်လှုပ်ရှားပင်ပန်းကြရတာအမှန်ပါပဲ။ဖြေဆိုမယ့်ကလေးတွေရဲ့စိတ်ဖိစီးမှုကတော့ ပိုသိသာတာပေါ့။ “ငါစာတွေတကယ်ရရဲ့လား၊ ဘာများကျန်နေသေးလဲမသိဘူး၊ ငါထပ်ရောကျက်နိုင်ပါတော့မလား၊ အချိန်ကသိပ်မကျန်တော့ဘူး၊ စာတွေမှတ်မိပါ့မလား” စတဲ့မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်ရင်းခေါင်းပိုရှုပ်နေရတတ်ပါတယ်။ ဒီဘာသာကိုတော့ပိုင်ပြီ ဟိုဘာသာရပ်ကိုကြောက်တာ စတဲ့ စိုးရိမ်မှုတွေကလည်း ရှိနေပြန်တဲ့အခါ ရပြီးသားစာတွေကိုပြန်နွှေးတာတောင် အခက်တွေ့ရတတ်ပါတယ်။

    အခုဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရတော့မှာပါ။ တက္ကသိုလ်ဝင်တန်းဆိုတာ ကလေးတွေရဲ့အသက်မွေးပညာလမ်းကြောင်းကို အပြောင်းအလဲဖြစ်စေမယ့် အချိုးအကွေ့တစ်ခုဖြစ်တာကြောင့် မိဘတွေကလည်း အရမ်းကိုမျှော်လင့်ထားကြတဲ့စာမေးပွဲပါ။ ဒီလိုစာမေးပွဲကာလမှာ အဆင်ပြေချောမွေ့စွာနဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ကိုယ့်ကလေးတွေကိုဘေးကအားပေးကူညီကြတဲ့ မိဘတွေရဲ့ပံ့ပိုးမှုကလည်း အရေးကြီးပါတယ်။ ပျင်းနေတဲ့ကလေးကို စာကြိုးစားအောင်၊ စာကြိုးစားတဲ့ကလေးကို အတိမ်းအစောင်းမဖြစ်အောင်၊စေ့စပ်သေချာတဲ့ကလေးကို ပိုအောင်မြင်အောင် ပံ့ပိုးနိုင်သလို ဖိအားတွေများလွန်းလို့ သို့မဟုတ် ထိန်းသိမ်းတဲ့နည်းလမ်းမမှန်လို့ ကလေးရဲ့အရည်အချင်းတွေ တိမ်ငုပ်သွားစေတာလည်း မိဘတွေရဲ့လက်ထဲမှာပါပဲ။

    ဘယ်လိုအားပေးကူညီမလဲ

    ကလေးမှာ စိတ်ဖိစီးနေတဲ့လက္ခဏာတွေရှိလာသလားစောင့်ကြည့်ပါ

    ကလေးက အရမ်းစိတ်ပူပန်နေမယ်၊ ထိလွယ်ရှလွယ် စိတ်ခံစားချက်ပြင်းထန်နေမယ်၊ခေါင်းကိုက်တာ ဗိုက်အောင့်တာတွေဖြစ်လာတယ်၊စိတ်ဆတ်လာတယ်၊ကောင်းကောင်းအိပ်မပျော်ဘူး၊ အစားစားဖို့သိပ်စိတ်မပါတော့ဘူး၊စိတ်အလိုမကျတဲ့ပုံဖြစ်လာတယ် စတဲ့စိတ်ဖိစီးမှု လက္ခဏာတွေရှိလာနိုင်ပါတယ်။ မိဘတွေအနေနဲ့သတိထားမိတဲ့အခါ ကလေးကို ပိုဂရုစိုက်ပေးရပါမယ်။ စိတ်ဖိစီးမှုများလာရင်အမှားများလာမယ်။ ဒီတော့ စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင် ဖိအားနည်းအောင် လုပ်ပေးသင့်ပါတယ်။

    အစားရောမှန်ရဲ့လား

    စာမေးပွဲကာလမှာ ညီညွတ်မျှတတဲ့အစာအာဟာရက ကလေးရဲ့ကျန်းမာရေးအတွက် အဓိကအရေးပါနေပါတယ်။တော်တော်များများက မထတမ်းစာကျက်ရင်း စားဖို့သောက်ဖို့အချိန်လွန်သွားတတ်ပါတယ်။ ဦးနှောက်ဆိုတာ အစာလိုအပ်ဆုံးအစိတ်အပိုင်းဖြစ်လို့ အစာမရှိရင် အလုပ်လုပ်နိုင်ဖို့နှေးကွေးသွားပါလိမ့်မယ်။ ဒါ့ကြောင့်ကလေးတွေကို အစာမှန်မှန်စားဖြစ်ဖို့၊ လုံလောက်တဲ့ပမာဏတော့ ဝင်အောင်စားဖို့ သတိပေး ဂရုစိုက်ရပါမယ်။

    တချို့မိဘတွေက ကလေးတွေ အာရုံလန်းဆန်းစေဖို့ဆိုပြီး အချိုများတဲ့၊ ကဖင်းဓါတ်များတဲ့ အစားအသောက်တွေ၊သရေစာတွေ(ဥပမာ ကိတ်မုန့်၊သကြားလုံး၊ကော်ဖီ၊ချောကလက်) ပြင်ဆင်ပေးထားတတ်ပါတယ်။ ဒါတွေက များလွန်းရင်မကောင်းပါဘူး။ စာကျက်ရင်းစားလို့ရမယ့် ကျန်းမာရေးနဲ့ညီတဲ့ သရေစာလေးတွေပြင်ဆင်ပေးသင့်ပါတယ်။

    မိဘကိုယ်တိုင်လည်း စိတ်ငြိမ်ငြိမ်ထားပါ

    စာပိနေတဲ့ ကလေးကို စကားပြောတဲ့အခါမှာပေါ့ပေါ့ပါးပါး ဆက်ဆံပေးပါ။ မိဘတွေက စိုးရိမ်ပူပန်နေပြီဆိုရင် ကလေးက စိတ်ဖိစီးမှုပိုရပြီး စာကျက်ရာမှာ ဝန်ပိုပိစေနိုင်ပါတယ်။ စာမေးပွဲနဲ့ပတ်သက်ပြီး ကိုယ့်တုန်းကတွေ့ကြုံခံရတဲ့ခံစားချက်တွေကို မိဘတွေလည်း မှတ်မိကြမှာဖြစ်လို့ သင်ခန်းစာယူပါ။ ကလေးတွေအတွက် တွန်းအား၊ဖိအားမဖြစ်စေဘဲ နွေးနွေးထွေးထွေးအားပေးနိုင်ဖို့ကြိုးစားပါ။

    အိပ်ရေးဝရဲ့လား

    အိပ်ရေးဝဝအိပ်စက်ခြင်းကတွေးခေါ်နိုင်စွမ်းနဲ့အာရုံစူးစိုက်နိုင်စွမ်းကိုကောင်းမွန်စေပါတယ်။ လူငယ်တွေဟာ တစ်ညကို ၈ နာရီတော့ပြည့်ဝအောင်အိပ်စက်သင့်တာကြောင့် အိပ်ချိန်နည်းလွန်းရင်အဆင်မပြေပါဘူး။ ကျက်မှတ်ထားသမျှတွေ အကုန်မမှတ်မိတာ၊နောက်တစ်နေ့မှာခေါင်းမကြည်တာတွေရှိနိုင်ပါတယ်။ စာကျက်ရင်း ညနက်သွားတဲ့ကလေးကိုနောက်နေ့မှာ ဆက်တိုက်စာမကျက်ခိုင်းဘဲ ကြားချိန် နာရီဝက်-တစ်နာရီလောက် တရေးအိပ်ခိုင်းတာလည်း ဦးနှောက်မှတ်ဉာဏ်အတွက်ကောင်းပါတယ်။

    နောက်တစ်နေ့စာမေးပွဲအတွက် တစ်ညလုံးနီးပါးစာထိုင်ကြည့်တာကကောင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။ မြင်းတစ်ကောင်ကို ရေမတိုက်ဘဲ ဆက်တိုက်ပြေးခိုင်းသလို ဦးနှောက်ကို အနားမပေးတာက အကျိုးမထူးဘဲ ခရီးမရောက်ဖြစ်တဲ့အပြင် ဆိုးကျိုးပါပိုလာနိုင်ပါတယ်။

    စာကြည့်ဖို့နေရာကောင်းတစ်ခုဖန်တီးပေးပါ

    အိမ်မှာ ကလေးအတွက် စာနွှေးဖို့နေရာတစ်ခု သတ်သတ်မှတ်မှတ်ထားပေးပါ။ စာကြည့်စားပွဲရှိနေတယ်ဆိုလည်း ပတ်ဝန်းကျင်က တိတ်ဆိတ်ပေးပါ။ပြတင်းပေါက် သို့မဟုတ်လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ရတဲ့နေရာမှာ ဆိုပိုကောင်းပါတယ်။

    တကယ်တော့ စာလေ့လာလို့အကောင်းဆုံးက ကိုယ်အားသာတဲ့အချိန်နဲ့ကိုယ်ရှိတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မတူတတ်ကြပါဘူး။ တချို့က မနက်အစောကြီးထကျက်ရင် စာပိုရတယ်၊ တချို့က ညဘက်ညဉ့်နက်ချိန် စာကျက်တတ်တယ်။ ဒီလိုမျိုးမှာ ကလေးကို ကိုယ်အဆင်ပြေမယ့်အချိန် လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ပေးထားသင့်ပါတယ်။

    ဖိအားသိပ်မပေးပါနဲ့

    ကလေးတွေဟာ စာမေးပွဲအချိန်တိုင်းမှာ ခံစားရတဲ့စိတ်ဖိစီးမှုတွေထဲ မိသားစုရဲ့ဖိအားပေးမှုကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ကိုယ့်ကလေးရဲ့အခြေအနေကိုလေ့လာပါ၊သူပြောတာနားထောင်ပေးပါ၊ အားပေးပါ၊ပြစ်တင်ဝေဖန်တာမလုပ်မိဖို့သတိထားပါ။

    အောင်မြင်ဖို့ ဂုဏ်ထူးရဖို့ အရေးကြီးတယ်ဆိုပေမယ့် မအောင်မြင်ခဲ့ရင် သို့မဟုတ် မှန်းထားသလောက် ဖြစ်မလာခဲ့ရင်လည်း စာမေးပွဲရလဒ်ဟာ ဘဝရဲ့အဆုံးသတ်မဟုတ်တဲ့အကြောင်းပြောပြထားပါ။ အခန့်မသင့်လို့ အဆင်မပြေခဲ့ရင်လည်းပြဿနာကြီးမဟုတ်ကြောင်း အသိပေးထားပါ။ စာမေးပွဲအတွက် ဖိအားကြီးမားလွန်းတဲ့အခါ မတော်ဆချွတ်ချော်ခဲ့သည်ရှိသော် ကလေးရဲ့စိတ်မှာဒဏ်ရာဖြစ်ပြီး မလိုလားအပ်တဲ့အကျိုးဆက်တွေရှိလာနိုင်တာဖြစ်လို့ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement