backup og meta

ဆယ်ကျော်သက်များ ကျန်းမာရေးနှင့်အညီ ဝိတ်လျှော့နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်များ ကျန်းမာရေးနှင့်အညီ ဝိတ်လျှော့နည်း

    လူတိုင်း အထူးသဖြင့် ဆယ်ကျော်သက်လေးတွေဟာ စံ ပြ ကိုယ်အလေးချိန်နဲ့ ဆွဲဆောင်မှုရှိတဲ့ခန္ဓါကိုယ်ကို လိုချင်ကြပါတယ်။ ဒါပေမယ့် မလျော်ကန်တဲ့ ဝိတ်လျှော့နည်းတွေဟာ အန္တရာယ်ကြီးတဲ့ ရလဒ်တွေဆီ ဦးတည်သွားတတ်ပါတယ်။ ဒါကြောင့်နည်းမှန်လမ်းမှန်နဲ့ ဝိတ်လျှော့ဖို့အတွက် ကောင်းမွန်တဲ့ ကျန်းမာရေးအလေ့အကျင့်တွေကို ဖယ်ထားလို့မရဘူးလေ။

    သင့်ကလေးကို စာနာအားပေးပါ

    အဝလွန်ခြင်းဟာ သင့်သားသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်နိုင်တာကြောင့် မိဘတစ်ယောက်အနေနဲ့ သင်ဟာ မိမိကလေးကိုနားလည်ပေးပြီး ကူညီပေးရပါမယ်။ ဒါကြောင့် သူတို့အလိုရှိတဲ့အခါတိုင်း ကူညီဖို့အသင့်ဖြစ်နေကြောင်း အရင်ပြလိုက်ပါ။

    လက်တွေ့တော့ကျပါစေ

    ပြီးပြည့်စုံတဲ့ပုံစံဆိုတာ မရှိဘူးဆိုတာကိုတော့ သူတို့နားလည်ပါစေ။ လူတိုင်းမှာ ကိုယ်ပိုင် အရွယ်အစား ပုံစံအချိုးအစားရှိတဲ့အတွက် တခြားလူတစ်ယောက်နဲ့ တထပ်တည်းတူစရာမလိုပါဘူး။ အမှန်တော့ ဝိတ်လျှော့ခြင်းဆိုတာ လှလာဖို့အပြင် ကျန်းမာပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့လည်းပါပါတယ်။ ဒါကြောင့် သင့်ကလေးကို သူနဲ့အလိုက်ဖက်ဆုံးနဲ့ ဖြစ်နိုင်ချေအရှိဆုံး ခန္ဓါကိုယ်အချိုးအစားကိုသာ ဦးတည်ချက်ထားဖို့ ကျွမ်းကျင်သူနဲ့တိုင်ပင်ပေးပါ။

    ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်တတ်ပါစေ

    ခေတ်စားနေတဲ့ အစားရှောင် အမြန်ဝိတ်ချနည်းတွေရဲ့ မကောင်းတဲ့ရလဒ်တွေကိုသိပါစေ။ မိမိကိုယ်အလေးချိန်ကိုထိန်းသိမ်းထားဖို့ဟာ တစ်ညတာအလုပ်မဟုတ်ဘဲ တစ်ဘဝစာအလုပ်တစ်ခုဖြစ်တယ်ဆိုတာ သူတို့နားလည်သွားပါစေ။ အဆီချဆေး ၊ ပိန်ဆေးတွေဟာလည်း အတူတူပါပဲ၊ ကောင်းကျိုးထက် ဆိုးကျိုးကိုသာပိုပေးပါတယ်။ သင့်တော်မှန်ကန်တဲ့ စားသောက်ပုံစံမှသာလျှင် ကောင်းကျိုးရရှိနိုင်မှာ ဖြစ်ပါတယ်။

    ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါစေ

    ဆယ်ကျော်သက်တွေအတွက် တစ်နေ့ကို အနည်းဆုံးတစ်နာရီလောက် ကိုယ်လက်လှုပ်ရှားခြင်းရှိဖို့ လိုပါတယ်။ ဆယ်ကျော်သက်လူငယ်တွေ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန် အကြံပေးရာမှာလည်း ဒီအချက်တွေကိုတော့မမေ့ပါနဲ့ :

    -လေ့ကျင့်ခန်းအဆင့်တိုင်းဟာ သင့်တင့်လျောက်ပတ်တဲ့ ပြင်းထန်မှုမျိုးပဲရှိသင့်ပါတယ်၊

    -သင့်ကလေးကလှုပ်ရှားမှုကိုနှစ်သက်ပါစေ၊ ဇွတ်အတင်းမစေခိုင်းပါနဲ့

    -သင်ကိုယ်တိုင်ကလည်းစံပြဖြစ်နေပါစေ။ သွက်လက်တက်ကြွတဲ့မိဘတွေဟာ သူတို့သားသမီးတွေကိုပါ စိတ်ထက်သန်တက်ကြွစေပါတယ်။ ဒါကြောင့် တစ်မိသားစုလုံး ပါဝင်လှုပ်ရှားနိုင်တာမျိုးရွေးချယ်ပါ။ ဒါဟာ သင်နဲ့ သားသမီးကြားကိုလည်း ဆက်ဆံရေးပိုကောင်းမွန်စေပါလိမ့်မယ်။

    ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်မှုပုံစံ

    ဆယ်ကျော်သက်လူငယ်တွေဟာ သရေစာမုန့်တွေ စားရတာကိုနှစ်သက်တတ်ပါတယ်။

    • လတ်လတ်ဆတ်ဆတ်အသီးအနှံတွေ

    • ဒိန်ချဉ်၊ အဆီနည်းသောကိတ်မုန့်

    • ဒိန်ခဲ

    • အဆီနည်းပြီး အာဟာရပြည့်ဝသောနို့

    • အသီးအရွက်သုပ် စသည်တို့ကိုသာ သရေစာအဖြစ်စားသုံးပါစေ။

    စားသောက်ခြင်းနဲ့ပတ်သက်ပြီး အစားအစာတင်မက ကျွန်ုပ်တို့စားသောက်ပုံစံကလည်းအရေးကြီးပါတယ်။ ပန်းကန်ခွက်ယောက် သေးသေးနဲ့ နည်းနည်းစီ စားဖို့ပြောပါ။ ဖြည်းဖြည်းစားခြင်းဟာ ပိုကောင်းပါတယ်။ ဒါ့အပြင် ရေများများသောက် ဖို့လည်းသတိပေးပါ။ တစ်နေ့တစ်နေ့ သူတို့သောက်လေ့ရှိတဲ့ အချိုရည်တွေရဲ့ ကယ်လိုရီပမာဏကို တွက်ချက်သတိပြုမိပါစေ။ ဖြစ်နိုင်ရင် ဆိုဒါ၊ အချိုရည်တွေကိုရှောင်ပြီး ကယ်လိုရီနည်းတဲ့ သံပရာရည်ကဲ့သို့ အသီးဖျော်ရည်ကိုသာပိုသောက်ပါစေ။

    အကောင်းမြင် စိတ်ထားပါ

    သင်ကလေးတွေပြောတာ ရင်ဖွင့်တာကိုနားထောင်ပြီး သူတို့ကိုအားပေးနှစ်သိမ့်တာ ဒါမှမဟုတ် သူတို့အားထုတ်မှုကို ချီးမွမ်းပါ။ ဒါဟာ သူတို့ကို စိတ်တက်ကြွစေပြီး အချစ်ခံရတယ်လို့ ခံစားရစေပါတယ်။ တကယ်လို့ သူတို့ဝိတ်လျော့ဖို့နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုတွေရနေပြီဆိုရင်တော့ သူတို့ကို သင့်တော်တဲ့ အဖွဲ့အစည်းတစ်ခုထံ၊ နားလည်သူများထံခေါ်သွားကာ ဆွေးနွေးအကြံတောင်းခံပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement