backup og meta

ကလေးတွေကို ဘာလို့ ပျားရည် မတိုက်သင့်တာလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို ဘာလို့ ပျားရည် မတိုက်သင့်တာလဲ

    ကလေးတွေမှာ လုံလောက်တဲ့ အာဟာရဓာတ်တွေ ရရှိနိုင်ဖို့နဲ့ အသက်ကြီးလာတဲ့အခါ ဓာတ်မတည့်ခြင်းတွေကို မခံစားရစေဖို့အတွက် သူတို့လေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျိုးမျိုးသော အစားအစာတွေ ကျွေးရမှာ မိဘတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် ခြွင်းချက်အနည်းငယ်တော့ ရှိနေပါတယ်။flavonoids ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အင်မ်ဇိုင်းတွေ အများအပြားပါဝင်တဲ့ ပျားရည် ဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာတွေထဲက တစ်ခုလို့ပြောရင် လုံးဝမမှားပါဘူး။ ဒါဆိုရင် ကလေးတွေကို ဘာလို့ ပျားရည် မတိုက်သင့်တာလဲ။

    ကလေးတွေနဲ့ ပျားရည် ဘာလို့ မတည့်တာလဲ။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နဲ့ အမေရိကန် ကလေးဆရာဝန်များ အစည်းအရုံးရဲ့ အဆိုအရ ကလေးအသက် ၁၂လ ပြည့်တဲ့အထိ ပျားရည် ပုံစံအားလုံး (ချောင်းဆိုးသက်သာစေတဲ့ ဆေးတွေမှာ ပါတာပဲဖြစ်ဖြစ်၊ ပေါင်မုန့်၊ ကိတ်မုန့် ဒါမှမဟုတ် တခြားအစားအစာတွေမှာ ပါဝင်တာပဲဖြစ်ဖြစ်) ကို ရှောင်ကြဉ်ရမယ်လို့ ဆိုပါတယ်။ (အမြဲတမ်းမဟုတ်သော်ငြား) ပျားရည် မှာ Clostridium botulinum ဘက်တီးရီးယား ပါဝင်လာတတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တစ်မျိုးကို အဆိုပါ ဘက်တီးရီးယားကနေ ထုတ်လုပ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ Clostridium botulinum အဆိပ်သင့်တဲ့ လူနာတွေ နှစ်စဉ်ထောင်နဲ့ချီပြီး ရှိပါတယ်။

    အောက်ဆီဂျင်ဓာတ်ကို အသုံးမပြုတဲ့ အခြားသော ဘက်တီးရီးယားတွေနည်းတူ Clostridium botulinum ဟာလည်း အက်ဆစ်ဓာတ်နဲ့ အောက်ဆီဂျင်ပမာဏနည်းပါးတဲ့ ပတ်ဝန်းကျင်တွေမှာ နေထိုင်အသက်ရှင်နိုင်တဲ့အတွက် မြေကြီးနဲ့ ဖုံတွေ၊ သဲတွေအကြားမှာ သူတို့ကို အဓိက တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီဘက်တီးရီးယားတွေကို ပျားရည် ထဲမှာလည်း တစ်ခါတရံ တွေ့ရတတ်ပါသေးတယ်။

    ကလေးတွေကို ဘာလို့ ပျားရည် မတိုက်သင့်တာလဲ

    အရွယ်ရောက်ပြီးသူတွေရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက အဆိုပါ ဘက်တီးရီးယားတွေ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပေမယ့် ကလေးငယ်ရဲ့ အစာအိမ်အူလမ်းကြောင်းနဲ့ ခုခံအားစနစ်က ကောင်းစွာ ဖွံ့ဖြိုးခြင်း မရှိသေးတဲ့အတွက် Clostridium botulinum ကို တိုက်ခိုက်ခုခံနိုင်စွမ်းမရှိသလို သူတို့ကနေ ထုတ်လုပ်တဲ့ အဆိပ်တွေကိုလည်း တုံ့ပြန်ခုခံနိုင်စွမ်း မရှိပါဘူး။ နောက်ထပ်တစ်ချက်က ပျားရည် မှာ သကြားဓာတ်ပမာဏ မြင့်မားစွာ ပါဝင်တယ်ဆိုတဲ့အချက်ပါပဲ။

    သကြားဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးစသွားတွေကို ထိခိုက်စေတဲ့အပြင် အသက်ကြီးလာတဲ့အခါ အချိုကြိုက်အောင်လည်း အစပျိုးပေးရာ ရောက်တာကြောင့် ကလေးငယ်လေးတွေ စားတဲ့ အစားအသောက်တွေထဲမှာ သကြားလုံးဝမထည့်သင့်တဲ့အကြောင်း မိဘတွေ သိထားသင့်ပါတယ်။ ဒါကြောင့် ကလေးစားတဲ့ အစားအစာတွေကို ပိုချိုစေချင်တယ်ဆိုရင် အာလူးလေးကို ထောင်းချေပြီး ထည့်ကျွေးတာမျိုး၊ ငှက်ပျောသီး ဒါမှမဟုတ် ပဲ အစရှိတဲ့ သဘာဝအချိုဓာတ်ရှိတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေနဲ့ ပေါင်းစပ်ကျွေးတာမျိုးကို ပြုလုပ်နိုင်ပါတယ်။

    Botulism (botulinum ဘက်တီးရီးယား အဆိပ်သင့်ခြင်း) ရဲ့ လက္ခဏာများ

    ဘက်တီးရီးယားပိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ၈နာရီကနေ ၃၆နာရီအတွင်းမှာ botulism (botulinum ဘက်တီးရီးယား အဆိပ်သင့်ခြင်း) ရဲ့ လက္ခဏာတွေ စတင်ပေါ်ပေါက်လေ့ရှိပြီး တစ်ခါတလေ နှစ်ပတ်ကျော်မှ ပေါ်လာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ တကယ်လို့ သင့်ကလေးအနေနဲ့ ပျားရည် ကို မတော်တဆ စားလိုက်မိတယ်ဆိုရင် ကလေးကို ဂရုတစိုက် စောင့်ကြည့်ရမှာဖြစ်ပြီး အောက်ပါလက္ခဏာတွေ ပေါ်ပေါက်လာတာနဲ့ ဆရာဝန်ကို ချက်ချင်းအကြောင်းကြားရပါမယ်။

    • ခန္ဓာကိုယ် ပျော့ခွေလာခြင်း၊ မလှုပ်ချင် မကိုင်ချင်ဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း။
    • အစားအသောက်ပျက်ခြင်း ။
    • အသက်ရှူရခက်ခြင်း၊ အစာ၊ ရေ စသည်တို့ မျိုရခက်ခြင်း။
    • သွားရည်များ အလွန်အမင်းကျခြင်း။
    • ငိုသံ အားပျော့ခြင်း၊ ကြွက်သားများ ပျော့ခွေခြင်း။
    • မျက်နှာအမူအရာ ခံစားချက်မရှိခြင်း (မျက်နှာကြွက်သားများ ကောင်းစွာ မလှုပ်ရှားနိုင်တော့သောကြောင့်)။
    • ဝမ်းချုပ်ခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။

    botulism ကို ဘယ်လိုကုသမလဲ။

    botulism အဆိပ်သင့်ခြင်းဟာ သေတတ်ပါတယ်။ ကံကောင်းထောက်မတာက စောစောသိ၊ စောစောကုနိုင်ရင် ကလေးအနေနဲ့ ရာနှုန်းပြည့် ပြန်ကောင်းနိုင်ပါတယ်။ လက်ရှိအများဆုံး အသုံးပြုတဲ့ ကုသမှုပုံစံကတော့ botulism immune globulin intravenous (BIGIV) လို့ခေါ်တဲ့ ပဋိပစ္စည်း ထိုးပေးတာပဲ ဖြစ်ပါတယ်။ ဒီဆေးဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်သော ပဋိပစ္စည်းတွေ ပါဝင်တဲ့ လူ့သွေးရည်ကြည်ကနေ ထုတ်လုပ်ထားတဲ့ ပိုးသတ်ပြီးသား ဆေးရည်ဖြစ်ပါတယ်။

    ကလေးတွေကို ဘာလို့ ပျားရည် မတိုက်သင့်တာလဲ

    ဒါပေမယ့် အဆိုပါဆေးကို သင့်ကလေးအား ထိုးပေးတဲ့အခါ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    • ပျို့အန်ပြီး မအီမသာဖြစ်ခြင်း။
    • အရေပြားနီရဲခြင်း၊ အနီစက်များ ထွက်ခြင်း။
    • ခန္ဓာကိုယ် နာကျင်ခြင်း။
    • အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း။

    တကယ်လို့ သင့်ကလေးအနေနဲ့ အသက်ရှူရခက်ခဲခြင်း၊ အစာ၊ ရေမျိုချရ ခက်ခဲခြင်း အစရှိတဲ့ ဆိုးရွားပြင်းထန်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာခဲ့ရင် အသက်ရှူစက်ကို အသုံးပြုရမှာဖြစ်ပြီး ပုံမှန်အစာတွေကို မကျွေးတော့ဘဲ အကြောသွင်းဆေးပဲ သွင်းရမှာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement