ဘေဘီလေးတွေ အရမ်းအိပ်တာဒါ့ကြောင့်ပါ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးက တစ်ချိန်လုံးအိပ်ပဲအိပ်နေတယ်။ တစ်ခုခုများဖြစ်နေတာလားဆိုပြီး စိုးရိမ်နေတဲ့ မေမေဖေဖေတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဘေဘီလေး အရမ်းအိပ်တာက ပုံမှန်တော့ ဖွံ့ဖြိုးဖို့အားယူတာပါ။ ဒါကြောင့်ဘေဘီလေးအိပ်စက်ရတဲ့အကြောင်းအရင်းလေးတွေကို ဆက်ကြည့်လိုက်ရအောင်လား။

ဘေဘီလေးအရမ်းအိပ်တာ စိုးရိမ်ရလား……..

မွေးကင်းစဘေဘီလေးတစ်ယောက်က အချိန်တိုင်းလိုလိုအိပ်နေတာက သူတို့လေးတွေ သူတို့တာဝန်သူတို့ထမ်းဆောင်နေတာပါ။ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လို့ မစိုးရိမ်ပါနဲ့နော်။မွေးစကလေးလေးတစ်ယောက်က တစ်နေ့ကို ၁၁ နာရီ ကနေ ၁၇ နာရီလောက်အထိအိပ်စက်လေ့ရှိကြပါတယ်။ တစ်နေ့တာရဲ့ ၃ ပုံနှစ်ပုံလောက်ကို အိပ်ကြတာပါ။ ဒီလိုအိပ်စက်ရတာကလည်း သူတို့ရဲ့ ခန္ဓါကိုယ်ပိစိလေး ကြီးထွားလာစေဖို့အတွက်ပါ။ ဒါမှလည်းဘေဘီလေးက ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အာရုံကြောစနစ်ဖွံ့ဖြိုးမှုတွေအကောင်းဆုံးရရှိမှာဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ထက်မြက်သူလေးအဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။

ဘေဘီလေးတွေဟာ တစ်နေ့တာမှာ ၂ နာရီကနေ ၃နာရီလောက်အထိပဲ နို့ချိုကိုသောက်သုံးလေ့ရှိပါတယ်။ ဒါကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ နို့ဗူးသောက်တဲ့ဘေဘီလေးတွေကတော့ တစ်နေ့မှာ နို့သောက်ဖို့ ၃ နာရီ ကနေ ၄ နာရီလောက် နိုးနေတတ်ကြပါတယ်။ ဒါပေမယ့် ဒီလောက်အိပ်နေတာတောင် ကလေးက ဝိတ်တက်မလာဘူးနော်၊လို့ မေးစရာရှိပါတယ်။ ကလေးက တစ်နေ့လုံးနီပါးအိပ်ပေမယ့်မွေးပြီးစ ပထမ ၃ ပတ်ကနေ ၄ ပတ်လောက်အထိတော့ ကိုယ်အလေးချိန်တိုးလာဦးမှာမဟုတ်သေးပါဘူး။ ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့အချက်တစ်ခုဆိုတာကိုမေမေဖေဖေတို့အနေနဲ့ လက်ခံထားဖို့ လိုပါမယ်။

ဘေဘီလေးတွေ တစ်ချိန်လုံးအိပ်စက်မှုက ဒါတွေအတွက်ပြင်ဆင်နေရလို့ပါ

ဘေဘီလေးတစ်ချိန်လုံးအိပ်နေရတာက သူ့ခန္ဓါကိုယ်အတွက် ဒါတွေပြင်ဆင်နေရလို့ပါ။

ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့

အိပ်စက်မှုကဘေဘီလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အချက်တစ်ခုပေါ့။ဘေဘီလေးတွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်မှာ ကြီးထွားဖွံ့ဖြိုးစေတဲ့ဟော်မုန်းတွေထွက်ရှိလာတာပါ။ ဒါကြောင့်ဘေဘီလေးကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးလာဖို့ဆိုရင် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ မဖြစ်မနေလိုအပ်မှာပါ။

အာရုံကြောစနစ်တွေကြီးထွားဖွံ့ဖြိုးစေဖို့

ဘေဘီလေးတွေရဲ့ ဗဟို အာရုံကြောစနစ်ကဘေဘီလေးတို့ရဲ့ ပထမ ၂ နှစ်တာကာလအတွင်းမှာ ဖွံ့ဖြိုးတာပါ။ ဒီကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာက အိပ်စက်မှုပါ။ဘေဘီလေးအိပ်စက်နေချိန်မှာပဲ အာရုံကြောစနစ်ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်တာကြောင့်ဘေဘီလေးက တစ်နေ့တာမှာ ၃ ပုံ ၂ ပုံလောက်အထိအိပ်စက်နေတာပါ။

ဦးနှောက်ဖွံ့ဖြိုးစေဖို့

ရုပ်ပိုင်းဆိုင်ရာနဲ့ အာရုံကြောစနစ်ဖွံ့ဖြိုးမှုမှာပြဿနာရှိနေတဲ့ ကလေးတွေရဲ့ အိပ်စက်မှုပုံစံက ပုံမှန်ကလေးတွေနဲ့ မတူကွဲပြားနေတတ်ကြပါတယ်။ဘေဘီလေးကငယ်ရွယ်စဉ်မှာကောင်းမွန်တဲ့ အိပ်စက်မှုပုံစံမရှိဘူးဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုမှာပြဿနာတွေရှိလာနိုင်ပါတယ်။ ဒီလိုကနေတဆင့် ဦးနှောက်က ပုံမှန်လုပ်ငန်းစဉ်တွေကိုကောင်းစွာမလုပ်ဆောင်နိုင်တဲ့အခါ သင်ယူမှုပိုင်းမှာ ထိခိုက်လာနိုင်ပါတယ်။

သင်ယူမှုစွမ်းရည်ကောင်းစေဖို့

ပြည့်ဝတဲ့အိပ်စက်ချိန်ရှိတဲ့ဘေဘီလေးတွေက သင်ယူမှုကောင်းကြသလို ဘာသာစကားသင်ယူနိုင်စွမ်းကနေစလို့ စာပေနဲ့ အခြားသင်ယူမှုတွေမှာပါ သင်ယူနိုင်စွမ်းပိုကောင်းကြပါတယ်။ ဒါကြောင့်ဘေဘီလေးတွေ အိပ်စက်နေတဲ့အခါ အရမ်းမစိုးရိမ်ကြပါနဲ့။ သင်ယူမှုကောင်းတဲ့ဘေဘီလေးဖြစ်စေချင်ရင် အိပ်စက်ချိန်ပြည့်ဝအောင် မိဘတွေဘက်ကသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။

ကိုယ်ရည်ကိုယ်သွေးကောင်းမွန်စေဖို့

ငယ်ငယ်မှာ အနှောင့်အယှက်ကင်းကင်းနဲ့ပြည့်ပြည့်ဝဝအိပ်စက်ခွင့်ရတဲ့ ကလေးလေးတွေက စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်ကြပြီး တက်တက်ကြွကြွရှိကြပါတယ်။ရေရှည်အကျိုးရလဒ်အနေနဲ့ကတော့ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တဲ့ ကလေးလေးအဖြစ်ကြီးပြင်းအရွယ်ရောက်လာပါပဲ။ ၃ လမတိုင်ခင်အထိမှာ ကလေးလေးတွေကပြည့်ပြည့်ဝဝအိပ်စက်ခွင့်ရမှကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်လေးဖြစ်လာမှာပါ။

အသက်အရွယ်အလိုက်ဘေဘီလေးတွေလိုအပ်မယ့် အိပ်စက်ချိန်

မွေးကင်းစကလေးတွေကတစ်နေ့တာမှာ ၂၁လောက်ထိကို အိပ်စက်တတ်ကြပါတယ်။ ဒါကြောင့် သူတို့လေးတွေကို နို့ချိုတိုက်ကျွေးချင်တဲ့အခါ ညင်ညင်သာသာလေး လှုပ်နှိုးပေးပါ ဒါမှ ကလေးရဲ့ အိပ်စက်မှုကို ထိခိုကတာမျိုးမရှိမှာပါ။မွေးကင်းစဘေဘေဘီလေးတွေကနေ့ဘက်ကို ၈ နာရီကနေ ၉ နာရီလောက်အထိ အိပ်စက်တတ်ကြပြီး ညဘက်ဆိုရင်တော့ ပုံမှန် ၈ နာရီလောက်အထိ အိပ်စက်တတ်ကြပါတယ်။

  • မွေးကင်းစကနေ အသက် ၃ လအထိ တစ်ရက်တာအတွက်အိပ်ချိန်က ၁၄ နာရီကနေ ၁၇ နာရီအထိ
  • အသက် ၄ လကနေ ၁၁ အထိ တစ်ရက်တာအတွက် အိပ်စက်ချိန်က ၁၂ နာရီကနေ ၁၆ နာရီအထိ
  • အသက် ၁၂ လ ကနေ ၃၅ လအရွယ်အထိ တစ်ရက်တာအတွက် အိပ်စက်ချိန်က ၁၁ နာရီကနေ ၁၄ နာရီအထိ လိုအပ်မှာပါ။

ဘယ်လိုအချိန်မှာ ဆရာဝန်ပြသဖို့ လိုမလဲ

အိပ်စက်မှုကဘေဘီလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုပေမယ့် ပုံမှန်ထက်ပိုမိုအိပ်စက်နေတာကတော့ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက တစ်ချိန်လုံး အိပ်နေမယ် ဒါပေမယ့်ကိုယ်အလေးချိန်က တိုးလာတာမျိုးမရှိဘူး။နေ့ဘက်မှာ အရမ်းအိပ်ပြီး ညဘက်ကျမအိပ်ဘူး။ တစ်ချိန်လုံးအိပ်စက်နေမှုနဲ့အတူ ကလေးက အဖျားရှိနေမယ်၊ ထိုင်းမှိုင်းလေးကန်နေမယ်၊ စိတ်ဆိုးဒေါသထွက်တာမျိုးဖြစ်နေမယ်၊ အသားဝါနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါမယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇူလိုင် 18, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 22, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။