backup og meta

ဂျီကျ တတ်တဲ့ကလေး ကိုယ့်စကား နားထောင်အောင် ဘယ်လိုထိန်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂျီကျ တတ်တဲ့ကလေး ကိုယ့်စကား နားထောင်အောင် ဘယ်လိုထိန်းမလဲ

    ကလေးတွေကို တချို့က အလိုလိုက်တယ်၊ တချို့က အကြမ်းနည်းနဲ့ စည်းကမ်းပေးတယ်၊ တချို့က ဉာဏ်ရှိရှိနဲ့ ကလေးကို စည်းရုံးပြီး သွန်သင်ထိန်းသိမ်းကြပါတယ်။ ဘာနည်းပဲသုံးသုံး ကလေးငြိမ်သွားဖို့၊ ကိုယ့်စကားနားထောင်ဖို့ချည်းပဲ အဓိကထားလို့မရပါဘူး။ ဥပမာ ကလေးက ဂျီကျ ပြီး ချော့မရတဲ့အချိန် “ အခုတိတ်နော်…မတိတ်ရင် အရိုက်ခံရမယ်” ဆိုပြီး ကလေးကို ခပ်ကြမ်းကြမ်းဆက်ဆံတာမျိုးက ခဏတာတော့ ကလေးက လန့်ပြီး တိတ်သွားမှာပေမယ့် ရေရှည်အတွက် အဆင်မပြေနိုင်ပါဘူး။

    မိဘလုပ်သူကို ကြောက်စိတ်ဝင်သွားပြီး ဆက်ဆံရေးမှာ ထိခိုက်လာတာ၊ ဒါမှမဟုတ် နောက်ပိုင်းမကြိုက်တဲ့ အပြုအမူတွေ ခိုးလုပ်တတ်လာတာ၊ အရွဲ့တိုက်လာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် စကားနားမထောင်တဲ့ ကလေးလေးတွေကို ဘယ်လိုထိန်းကြမလဲဆိုတာ အခက်ကြုံနေတဲ့ မိဘတွေအတွက် ဒီအချက်လေးတွေက အထောက်အကူပေးပါလိမ့်မယ်။

    ဂျီကျ တတ်တဲ့ ကလေးကို ထိန်းကျောင်းနိုင်ဖို့

    (၁) အခြေအနေကို ထိန်းညှိပါ

    စာလုပ်ခိုင်းရင် မလုပ်ချင်တဲ့ ကလေးကို အိမ်စာလုပ်ခိုင်းနေတဲ့အချိန်မှာဆိုရင် ဖုန်း၊ တက်ဘလက်နဲ့ ကစားစရာအရုပ်တွေလိုမျိုး အာရုံပျံ့လွင့်စေနိုင်တဲ့အရာတွေကို ဖယ်ထားတာ၊ သရေစာမုန့်လေးတွေ လုပ်ပေးတာ၊ ကလေးကို စာလုပ်ဖို့ သီးသန့်နေရာတစ်ခုစီစဉ်ပေးထားတာမျိုး လုပ်ပေးနိုင်ပါတယ်။

    (၂) နူးနူးညံ့ညံ့ဆက်ဆံပြီး ချဉ်းကပ်ပါ

    ကလေးက ချော့မရ၊ ထိန်းမရ အော်ဟစ်၊ ငိုယိုနေတာဆိုရင် သူ့အသံကို အုပ်အောင်တော့ မငိုဖို့ အသံကျယ်ကျယ်အရင်စပြောပါ။ ပြီးမှ အသံကိုလျှော့ပြီး ကလေးကို ချော့ပြောပါ။ ကလေးက ဆူခံရမယ်ထင်ထားရာက ရုတ်တရက်စိတ်ဝင်စားပြီး ငိုသံတိုးလာပါလိမ့်မယ်။ ဥပမာ – သားသား ဒီလိုအော်ငိုနေရင် မေမေဘာမှဆက်ပြောလို့ ရမှာမဟုတ်ဘူး။ သားဘာဖြစ်လဲဆိုတာကို ဘားပြောမှ မေမေသိမှာဆိုတာမျိုး။ ဆူညံပြင်းထန်နေတဲ့ အခြေအနေတွေကို အေးဆေးသွားစေဖို့က သင်ရော၊ ကလေးပါ တည်ငြိမ်စေဖို့ အရေးကြီးပါတယ်။

    (၃) ဘာကိုလိုချင်တာလဲ၊ ဘာကိုဖြစ်ချင်တာလဲ သေချာသိအောင်လုပ်ပါ

    ကလေးက ဘာကိုဖြစ်ချင်တာလဲဆိုတာ ကလေးနဲ့ မိဘကြား သေချာသိအောင်လုပ်ပါ။ ကလေးရဲ့အနားမှာ အေးအေးဆေးဆေးထိုင်ပြီး ချော့မေးကြည့်ပါ။ ကလေးက ဘာကိုဖြစ်ချင်နေတာလဲ၊ ဘာကြောင့် ကန့်လန့်လုပ်နေတာလဲ သေချာမသိတဲ့အခါ ကလေးကိုစည်းရုံးဖို့ ကိုင်တွယ်ဖြေရှင်းရခက်စေပါတယ်။

    (၄) အချိန်ခဏပေးပါ

    ဖြစ်နိုင်ရင် ငိုနေ၊ ဂျီကျနေတဲ့ကလေးကို သူ့ကိုယ်သူထိန်းသိမ်းဖို့ အချိန်နည်းနည်းပေးလိုက်ပါ။ တစ်ကနေ တစ်ဆယ်အထိရေမယ်၊ တိတ်နော်၊ မတိတ်ရင် ကစားကွင်းမပို့တော့ဘူး (သို့မဟုတ် သူတောင်းဆိုနေတဲ့အရာတစ်ခုခုကို မလုပ်ပေးတော့ဘူး) လို့ သတိပေးပြီး ခဏစောင့်ပေးပါ။

    (၅) ဖြစ်နေတဲ့အခြေအနေ၊ အကြောင်းအရာတွေ ထည့်တွေးပါ

    ကလေးက ဗိုက်ဆာနေတာလား၊ ပင်ပန်းနေလို့လား၊ စိတ်ပူပန်နေတာလား စတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေကို ထည့်စဉ်းစားပါ။ ဒီအချက်တွေကြောင့်ပဲ ကလေးရဲ့အပြုအမူတွေကို ထိန်းချုပ်ဖို့ ခက်ခဲစေနိုင်လို့ပါ။ တစ်ခုခုကြောင့် ဂျီကျ နေတဲ့ ကလေးကို သင့်စကားနားထောင်စေဖို့ သူဖြစ်နေတဲ့အကြောင်းအရာကို မူတည်ပြီး သင်ထိန်းဖို့ နည်းလမ်းရှာရမှာပါ။

    (၆) ကလေးကို ရွေးချယ်စရာပေးပါ

    ကလေးလေးတွေ သိတတ်နားလည်လာတာနဲ့အမျှ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ဥပမာ စကားနားထောင်မှာလား၊ နားမထောင်ရင် အပြင်သွားတဲ့အခါ မလိုက်ရဘူးနော် ဆိုပြီး တစ်ခုခုကိုရွေးချယ်ခိုင်းပါ။ ကိုယ်တိုင်ဆုံးဖြတ်ခွင့်လည်းရသလို ကိုယ်လုပ်လိုက်တဲ့ရလဒ်ကို ကိုယ်ခံစားရတယ်ဆိုတာ နားလည်စေပါတယ်။

    (၇) အကျိုးဆက်ကို နားလည်အောင် ရှင်းပြပါ

    ရိုးရိုးပြောပြနေလို့ လိုက်နာမှာမဟုတ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတွက် ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတဲ့ အကျိုးဆက်တွေအကြောင်း ကလေးနားလည်အောင် ထည့်ရှင်းပြလိုက်ပါ။ တကယ့်အမှန်လည်းဖြစ်ရမယ် (ကလေးမလုပ်ရဲတော့အောင် ဆိုပြီး လိမ်ညာ၊ ဖြဲခြောက်တာမျိုး မလုပ်သင့်ပါ)၊ ပညာပေး၊ သွန်သင်ဆုံးမရာလည်းရောက်မယ့် အကျိုးဆက်တွေဖြစ်ရပါမယ်။

    (၈) မိဘချင်းလည်း ညှိထားရမယ်

    မိခင်နဲ့ဖခင် နှစ်ဦးစလုံးက ကလေးကိုဆုံးမရာမှာ တိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံးနည်းလမ်းသုံးပြီး ဖြေရှင်းရမှာပါ။ ဘယ်လိုစည်းကမ်းတွေ သတ်မှတ်မလဲဆိုတာ အချင်းချင်းညှိထားသင့်ပါတယ်။ အဖေက ဆုံးမ၊ အမေက ချော့ပြီးအလိုလိုက်တာမျိုး တစ်ယောက်တစ်မျိုးဖြစ်နေခဲ့ရင် ကလေးကို ဘယ်လိုမှထိန်းမရတော့ပါဘူး။ ညှိညှိနှိုင်းနှိုင်းနဲ့ သွန်သင်ဆုံးမပါ။

    ကဲ ဖေဖေမေမေတို့ရေ နည်းလမ်းမှန်ကန်စွာနဲ့ ကလေးထိန်းမယ်၊ ပျိုးထောင်ကြမယ်နော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement