backup og meta

ကလေးများ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း

    မင်္ဂလာပါ

    Hello ဆရာဝန်ကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် ဆွေးနွေးပေးမှာကတော့ အခုလို ရာသီဥတု အကူးအပြောင်းကာလတွေမှာ ကလေးတွေ ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်း‌လျှော ရောဂါအကြောင်းပါ ။

    ၀မ်းပျက်ဝမ်းလျှောဖြစ်တာက အဓိကအားဖြင့် Rota virus – ရိုတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ရတာပါ ။ တခြားသော ဘက်တီးရီးယား ၊ ကပ်ပါးကောင်တွေကြောင့် ဖြစ်တာလည်း ရှိပါတယ် ။ ၀မ်းပျက်ရောဂါပိုးဟာ မသန့်တဲ့ အစားအစာကနေ တဆင့်ကူးစက်တာ ဖြစ်ပါတယ်။

    ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ကလေးတွေမှာ ၀မ်းသွားတာအပြင် ပျို့အန်ခြင်း ၊ မျက်တွင်းကျခြင်း ၊ ရေငတ်ခြင်း ၊ ရေမသောက်နိုင်ခြင်း ၊ ဆီးထွက်နည်းခြင်း နဲ့ မှိန်းခြင်း အစရှိတဲ့ အန္တရာယ်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ် ။ ဒါ့ကြောင့် ၂၄ နာရီအတွင်း ၀မ်းလျှောတာ ၃ ခါထက်ပိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီ သွားရောင်ပြီး အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ် ။

    ၀မ်းပျက်ဝမ်းလျှောရောဂါမှာ ‌လက္ခဏာအလိုက် ရေဓာတ်ဆုံးရှုံးမှု အဆင့်ဆင့်ရှိပါတယ် ။

    ၁ ၊ ရေဓာတ်ဆုံးရှံးမှု မရှိခြင်း

    ဒီအဆင့်မှာတော့ ဆေးရုံတက်ဖို့မလိုပါဘူး  ။ အိမ်မှာပဲ စောင့်ကြည်ပြီးတော့ ကုသမှုအနေနဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်သောက်ဆေးတွေ Folic acid နဲ့ Zinc ဓာတ်တွေ သောက်ရပါမယ် ။ ပုံမှန်အတိုင်း အစားကို ထည့်ကျွေးပါ ။ ဒါ့အပြင် ဖြစ်နိုင်သမျှ အရည်များများ သောက်သုံးရပါမယ် ။ အထူးသဖြင့် ဓာတ်ဆား ၊ ဆားခတ်ထားတဲ့ ရေသန့် ၊ စွပ်ပြုတ်ရည်တွေကို သောက်ရပါမယ် ။ မသောက်သင့်တဲ့ အရည်တွေကတော့ အချိုရည်တွေ ၊ လက်ဖက်ရည်တွေပဲ ဖြစ်ပါတယ် ။ ရေဓာတ်နဲ့ ဓာတ်ဆားဖြည့်ဖို့အတွက် ဘီပီအိုင်ဓာတ်ဆားကို ရွေးချယ်သင့်ပါတယ် ။

    ၂ ၊ ၀မ်းလျှောပြီးနောက် ရေဓာတ်ဆုံးရှုံးမှုအနည်းငယ်ရှိခြင်း

    အများအားဖြင့် ဆေးရုံတင်လေ့ ရှိပါတယ် ။ သောက်ဆေးတွေနဲ့ ဓာတ်ဆားရည်တွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျသောက်သုံးသင့်ပါတယ် ။ ဒီအခြေအနေမှာတော့ ပုံမှန်အားဖြင့် ဆေးသွင်းလေ့ မရှိပါဘူး ။ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ် ။

    ၃ ၊ ၀မ်းလျှောပြီး ရေဓာတ်ဆုံးရှုံးမှု အလွန်များခြင်း

    အရေးပေါ်အခြေအနေပါ ။ ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။ သွေးကြောရှာပြီး  ဆေးပုလင်းချိတ်ရပါမယ် ။ ကလေးမိဘတွေအနေနဲ့ ဆရာဝန်ရဲ့ လမ်းညွှန်ကုသမှုကို အတိအကျလိုက်နာဖို့ လိုအပ်ပါတယ် ။

    ၀မ်းမပျက်အောင် ဘယ်လိုကာကွယ်မလဲ

  • ကလေးတွေကို အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ပါ ။ အသက် ၆ လကျော်မှသာ ဖြည့်စွက်စာကျွေးသင့်ပါတယ်
  • ကာကွယ်ဆေး ပုံမှန်ထိုးပါ
  • သောက်သုံးရေ ရေသန့်သာ သောက်ပါ
  • အိမ်သာတက်ပြီးချိန် ၊ အစာမစားခင်နဲ့ အစာစားပြီး လက်ကိုဆပ်ပြာနဲ့ ဆေးပါ
  • အစားအစာကို ယင်ကောင်တွေ မနားစေဖို့ ၊ အစာကို ကျက်အောင်ချက်ဖို့ သတိပြုပါ
  • ယင်လုံအိမ်သာ အသုံးပြုပါ
  • ဒီဆောင်းပါးပါ အချက်တွေကို လိုက်နာခြင်းဖြင့် သင်ရော သင့်ပတ်ဝန်းကျင်က ကလေးတွေရော ၀မ်းလျှောရောဂါပိုးမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနဲ့ စာသင်နိုင်မှာပါ။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

    ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement