backup og meta

Measles (သို့) ဝက်သက်ရောဂါ အကြောင်း လေ့လာကြမယ်။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

     Measles (သို့) ဝက်သက်ရောဂါ အကြောင်း လေ့လာကြမယ်။

    ဒီလို Covid ကာလရဲ့ Stay home အချိန်လေးမှာ အနားယူရင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ကူးစက်ပုံခပ်ဆင်ဆင်တူတဲ့ တစ်ချိန်တစ်ခါက ပျံ့နှံ့ပြီး အဖြစ်များခဲ့တဲ့ ဝက်သက်ရောဂါလေး အကြောင်း မျှဝေပေးချင်ပါတယ်။ ဝက်သက်ရောဂါ ဆိုတာ ကူးစက်လွယ်ပြီး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ကလေးလေးတွေမှာ များသောအားဖြင့် ဖြစ်တတ်ပြီး အသက်ရှုလမ်းကြောင်းကို ပြသနာဖြစ်စေတဲ့ ဗိုင်းရပ်တစ်မျိုး ဖြစ်ပါတယ်။

    တစ်ချိန်တစ်ခါက တစ်ကမ္ဘာလုံးအတိုင်းအတာ အရ သေနှုန်းမြင့်မားခဲ့တဲ့ အထိ ဒုက္ခပေးခဲ့တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ယခုအချိန်မှာ တော့ ကာကွယ်နိုင်တဲ့ဆေးရှိလာတဲ့အတွက် ဖြစ်ပွားနှုန်းအင်မတန် လျော့ကျလာခဲ့ပါတယ်။ သို့ပေမယ့်လည်း ဒီရောဂါဟာ ကလေးငယ်တွေရဲ့ အသက်ကို ခြိမ်းခြောက်နိုင်တဲ့အရေးကြီးတဲ့ ရောဂါတွေထဲကတစ်ခု ဖြစ်နေဆဲပဲ ဖြစ်တဲ့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်း ဒီဝက်သက်ရောဂါကို အမြစ်ပြတ်ဖို့ နည်းလမ်းတွေချမှတ်ပြီး လုပ်ဆောင်နေကြပါတယ်။ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီ အနေနဲ့လည်း ဒီဝက်သက်ရောဂါလေးအကြောင်းကို သေချာသိထားပြီး ကာကွယ်နိုင်ကြဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

    ဘယ်လိုလူတွေမှာ ပိုပြီး ဖြစ်နိုင်လဲ။

    အဓိကအားဖြင့် ကာကွယ်ဆေးမထိုးထားတဲ့ကလေးငယ်တွေမှာ ပိုအဖြစ်များပါတယ်။ တချို့မိဘတွေက ကလေးငယ်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ ဂရုမစိုက်ကြတာ ၊ ဘေးထွက်ဆိုးကျိုးတွေကို ကြောက်ကြတာမျိုးတွေရှိပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက မရှိသလောက်နည်းပြီး မထိုးလိုက်ဘူးဆိုရင်တော့ ကူးစက်ခံရတဲ့အခါ အသက်အန္တရာယ်ဆုံးရှုံးရတဲ့ အထိ ဖြစ်စေနိုင်တာကြောင့် ကလေးငယ်တိုင်းကို အသက်အရွယ်အလိုက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ အတိုင်း ကာကွယ်ဆေးတွေကို ပြည့်အောင် ထိုးပေးသင့်ပါတယ်။ ဗီတာမင် A ချို့တဲ့တဲ့ ကလေးတွေမှာလည်း ဒီရောဂါ ကူးစက်ခံရနိုင်ခြေ ပိုများတယ်လို့ပြောကြပါတယ်။ ခုခံအားနည်းတဲ့ ရောဂါတွေ ဥပမာ – HIV/AIDS ကဲ့သို့ ရောဂါရှိတဲ့သူတွေမှာ လည်း ပိုဖြစ်နိုင်ပါတယ်။

    ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်လဲ။

    ၁။ လေထုထဲမှ တစ်ဆင့် ကူးစက်ခြင်း။

    ဝက်သက်ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးလေးတွေဟာ ပါးစပ်၊ နှာခေါင်း၊ လည်ချောင်းစတဲ့ လမ်းကြောင်းတွေမှာ ရှိတဲ့ အရည်လေးတွေမှာ ကပ်တွယ်ပြီးနေထိုင်ကြပါတယ်။ အဲဒီအတွက်ကြောင့် ရောဂါပိုးရှိတဲ့ သူက ချောင်းဆိုး (သို့) နှာချေ လိုက်မယ်ဆိုရင် အဲဒီ ဗိုင်းရပ်စ်လေးက လေထဲကို ရောက်သွားပြီး အနီးအနားမှာရှိတဲ့ အခြားသူကို ကူးစက်စေပါတယ်။

    ၂။ ရောဂါပိုးနှင့် ထိတွေ့မိခြင်း။

    ဗိုင်းရပ်ပိုးလေးတွေဟာ လေထဲကနေ တစ်ဆင့် မျက်နှာပြင်အမျိုးမျိုး အပေါ်ကိုရောက်သွားပြီး အဲဒီအပေါ်မှာ အချိန်အကြာကြီးရှိနေနိုင်ပါတယ်။ အဲဒီ ပိုးမွှားလေးတွေရှိနေတဲ့ မျက်နှာပြင်တွေကို လက်နဲ့ ထိတွေ့မိပြီး အဲဒီလက်နဲ့ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းတွေကို ကိုင်မိ၊ ပွတ်မိတဲ့ အခါမှာလည်း ကူးစက်နိုင်ပါတယ်။ဒါ့အပြင် ရောဂါပိုးရှိတဲ့ သူရဲ့ ကူးစက်နိုင်တဲ့ အရည်လေးတွေကို တိုက်ရိုက်ထိတွေ့တဲ့ အခါမှာ ၊ ဥပမာ – ရောဂါရှိတဲ့ သူ သောက်သုံးထားတဲ့ ရေခွက်ကို သောက်မိခြင်း စတဲ့ နည်းတွေနဲ့လည်း ကူးစက်တတ်ပါသေးတယ်။

    ဝက်သက်ရောဂါ ဖြစ်လာပြီဆိုရင် ဘယ်လို လက္ခဏာတွေ တွေ့ရတတ်လဲ။

    ရောဂါလက္ခဏာတွေအနေနဲ့

    • ဖျားနာခြင်း။
    • ချောင်းဆိုးခြင်း။
    • နှာရည်ယိုခြင်း။
    • လည်ချောင်းနာခြင်း။
    • မျက်လုံးနီရဲလာခြင်း။
    • ပါးစပ်ထဲတွင် အဖြူရောင် အစက်အပျောက်များ ပေါ်လာခြင်း။
    • ရက်အနည်းငယ် ကြာတဲ့အခါမှာ အနီစက်များ မျက်နှာနဲ့ လည်ပင်းတွေမှာ စပေါ်လာနိုင်ပြီး တစ်ကိုယ်လုံးပျံ့နှံ့သွားခြင်း။ စတဲ့ရောဂါ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

    ဝက်သက်ရောဂါ ဖြစ်လာပြီဆိုရင် ဘာတွေ လုပ်ဆောင်သင့်လဲ။

    ဖော်ပြပါ ရောဂါလက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ mask လေးတပ်ပြီး ဆရာဝန်ဆီကို သွားပြသင့်ပါတယ်။ ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်တတ်တဲ့ ရောဂါ အများစုဟာ၂ ပတ် ၃ပတ် အတွင်း ပျောက်ကင်းတတ်ကြပေမယ့် ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်သင့်ပါတယ်။

    ဒါ့အပြင်

    အဖျားကျအောင် ရေပတ်တိုက်တာ၊ ဆေးသောက်တာ၊ ရေများများသောက်တာ တွေနဲ့ ကောင်းကောင်းမွန်မွန် အနားယူပြီး ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့ကလည်း အရေးကြီးပါတယ်။ မိမိကနေ အခြားသူတွေ မကူးအောင်လည်း ဂရုစိုက်နေထိုင်ကြဖို့ အကြံပေးချင်ပါတယ်။

    ဝက်သက်ရောဂါကို ကာကွယ်နိုင်ကြပါစေ။

    ရေးသားသူ- Khine Phoo Ngon

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement