backup og meta

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးလွန်တုပ်ကွေး ကာကွယ်ဆေး

    မကြာခင် မိုးရာသီရောက်တော့မှာ ဆိုတော့ ရာသီတုပ်ကွေးနဲ့အတူ သွေးလွန်တုပ်ကွေး လည်း ပါလာပါပြီ။ မေမေတွေ စိုးရိမ်ရတဲ့ အချိန်ပေါ့။ တစ်ဆက်တည်းမှာပဲ ရာသီတုပ်ကွေးတောင် ကာကွယ်ဆေးရှိတာ သွေးလွန်တုပ်ကွေးရော ကာကွယ်ဆေး မရှိဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ခဏခဏ ကြားနေရပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးက တကယ်ရှိတာလား။ ရှိရင် ကလေးတွေကို ဘာလို့ ထိုးပေးလို့မရဘူးလားဆိုတဲ့ မေးခွန်းတွေကို ဖြေပေးသွားပါ့မယ်။

    သွေးလွန်တုပ်ကွေး ကာကွယ်ဆေး တကယ်ရှိသလား။

    ရှိပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးရယ် ဆိုပြီး တကယ်ရှိပါတယ်။ လောလောဆယ်မှာတော့ ၂မျိုးရှိပါတယ်။

    Dengvaxia

    ၂၀၁၆လောက်တည်းက Dengvaxiaဆိုတဲ့ ကာကွယ်ဆေးက လိုင်စင်ရပြီးပါပြီ။ ထိုးဆေးအမျိုးအစားဖြစ်ပြီး ၀-၆လ-၁၂လ ဆိုပြီး ၃ကြိမ်ထိုးရပါတယ်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ၄မျိုးလုံးကို ကာကွယ်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ WHOကတော့ သွေးလွန်တုပ်ကွေးအဖြစ်များတဲ့နိုင်ငံတွေမှာ ထိုးသင့်ကြောင်း တိုက်တွန်းထားပါတယ်။

    နိုင်ငံပေါင်း ၂၀မှာ ခွင့်ပြုပြီး ထိုးနေပါပြီ။ ၂၀၁၉မှာ အမေရိကန်နိုင်ငံက အသက် ၉နှစ်နဲ့ ၁၆နှစ်ကြား သွေးလွန်တုပ်ကွေးဖြစ်ဖူးတဲ့သူ ဒါမှမဟုတ် သွေးလွန်တုပ်ကွေးအဖြစ်များတဲ့နေရာမှာ နေတဲ့သူတွေကို ထိုးပေးဖို့ FDAက ခွင့်ပြုခဲ့ပါတယ်။ ဒီဆေးကို ထိုးလို့ရတဲ့ သူတွေကတေ့

  • အသက်၉နှစ်နဲ့ ၄၅နှစ်ကြား (နိုင်ငံအလိုက် အသက်ကွာခြားမှုရှိသည်။)
  • သွေးလွန်တုပ်ကွေးအနည်းဆုံးတစ်ခေါက် ဖြစ်ဖူးတဲ့သူ ဖြစ်ရပါမယ်။ ပါးစပ်ပြောနဲ့ သွေးလွန်တုပ်ကွေးဖြစ်ဖူးတယ်လို့ ပြောလို့မရပါဘူး။ သွေးစစ်ကြည့်ပြီး အရင်က ဖြစ်ဖူးတဲ့ လက္ခဏာရှိမှ ထိုးပေးလို့ရမှာပါ။
  • ထုတ်လုပ်တဲ့ ကုမ္ပဏီကိုယ်တိုင်က သွေးလွန်တုပ်ကွေးတစ်ခါမှ မဖြစ်ဘူးတဲ့ ကလေးတွေမှာ ကာကွယ်ဆေးထိုးမိရင် မတော်တဆ ကာကွယ်ဆေးထိုးပြီးမှ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ဝင်လာခဲ့ရင် ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ခါမှ မဖြစ်ဘူးတဲ့သူတွေမှာ မထိုးသင့်ပါဘူး။ ဖြစ်ဖူးလား မဖြစ်ဖူးလားကလည်း သွေးစစ်ကြည့်မှ သိနိုင်တာပါ။

    QDENGA

    ဂျပန်နိုင်ငံ Takeda ကုပ္မဏီက ထုတ်လုပ်တာ ဖြစ်ပါတယ်။ အားပျော့တဲ့ ပိုးကနေ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဖြစ်ပြီး သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ၄မျိုးလုံးကို ကာကွယ်နိုင်ပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပြီး ၀-၃လဆိုပြီး ၂ကြိမ် ထိုးရပါတယ်။ အသက် ၄နှစ်ကနေ  စပြီး ထိုးနိုင်ပါတယ်။ WHOကတော့ အသက် ၆နှစ်နဲ့ ၁၆နှစ်ကြား သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ နေရာတွေမှာ ထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။

    အားသာချက်ကတော့ Dengvaxiaလို သွေးလွန်တုပ်ကွေးဖြစ်ဖူးမှ ထိုးလို့ရတာ မဟုတ်ပါ။ ဖြစ်ဖူးသည်ဖြစ်စေ၊ မဖြစ်ဖူးသည်ဖြစ်စေ ထိုးလို့ ရပါတယ်။ လေ့လာချက်တွေအရ သွေးလွန်တုပ်ကွေး ဖြစ်တာကို ၈၀%ထိ လျှော့ချနိုုင်ပြီး သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရတာကို ၉၀%ထိ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

    လက်ရှိအချိန်ထိတော့ ကြီးမား‌တဲ့ ဘေးထွက်ဆိုးကျိုး မရှိသေးပါ။ တခြားကာကွယ်ဆေးတွေလိုပဲ ဆေးထိုးတဲ့နေရာမှာ သာမန်နာကျင်ရောင်ရမ်းတာ၊ ဖျားနာတာလောက်ပဲ ဖြစ်တတ်ပါတယ်။

    သွေးလွန်တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ လိုပြီလား။

    ခုထက်ထိတော့ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးကာကွယ်ဆေးကို အစိုးရနေနဲ့ ထိုးပေးတာမျိုးတော့ မရှိသေးပါဘူး။ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့တော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ဘယ်ကာကွယ်ဆေးကမှ ရာနှုန်းပြည့် ကာကွယ်နိုင်တာမျိုး မဟုတ်ပါဘူး။ နောက်ပြီး ဆေးထိုးပြီးရင် ခုခံအားက ဘယ်နှနှစ်ခံလဲဆိုတာနဲ့ ပတ်သတ်ပြီးလည်း လေ့လာဆဲပဲ ရှိပါသေးတယ်။

    သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ထက် ခြင်နှိမ်နင်းရေးက အဓိကကျတယ်လို့ ပြောချင်ပါတယ်။ ကာကွယ်ဆေး ထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ ခြင်နှိမ်နင်းရေးကို မမေ့ပါနဲ့။

    • ပတ်ဝန်းကျင်မှာ ခြင်အောင်းနိုင်တဲ့နေရာတွေကို ရှင်းလင်းပါ။
    • အိမ်နားမှာ ရေမဝပ်ပါစေနဲ့။
    • ဘုရားပန်းအိုးတွေ၊ ကြောင်အိမ်အောက်ခွက်တွေကို ပုံမှန်ရေလဲပါ။
    • ခြင်ထောင်နဲ့ အိပ်ပါ။
    • ခြင်မကိုက်တဲ့ဆေး လိမ်းပါ။ ကလေးကို ပွပွချောင်ချောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးပါ။
    • အိမ်ကို အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းအောင်ထားပါ။
    • နောက်ဆုံး အရေးကြီးတဲ့အချက်က “ကလေးဘယ်ရာသီမှာ ဖျားဖျား ၃ရက်ကျော်ရင် သွေးလွန်တုပ်ကွေးကို သတိရပါ။” သွေးလွန်တုပ်ကွေးက ဘယ်ရာသီမဆို ဖြစ်တတ်ပါတယ်။ မိုးတွင်းမှာ ပိုဖြစ်တာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement