backup og meta

ကလေးတွေကို ဝမ်းချုပ်စေတဲ့ အစားအစာတွေ


Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို ဝမ်းချုပ်စေတဲ့ အစားအစာတွေ

    ဝမ်းချုပ်တဲ့အချိန်ဆိုရင် ဝေဒနာခံစားနေတဲ့သူရော၊ မိသားစုဝင်တွေအတွက် သိပ်ကို စိတ်ညစ်စရာပဲပေါ့။ ဝမ်းလည်း မသွားရ၊ နေလို့ထိုင်လို့လည်း မကောင်း၊ အထူးသဖြင့် ကလေးတွေ ဝမ်းချုပ်ပြီဆိုရင် မိဘတွေလည်း တစ်ခုခုများ ဖြစ်ပြီလားဆိုပြီးတော့ ရင်တွေ ပူ၊ စိုးရိမ်နေရတာပေါ့။ တကယ်တော့ ကလေးအရွယ်မှာ ဝမ်းချုပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုမို့ စိတ်တော့ အရမ်းပူဖို့ မလိုပါဘူး။

    ကလေးဝမ်းချုပ်နေမှန်း ဘယ်လိုသိလဲ။

    ပုံမှန်ကလေးတစ်ယောက်က တစ်နေ့ကို တစ်ကြိမ် ဝမ်းပုံမှန်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ ကလေးက ရက်အတော်ကြာအောင် ဝမ်းလုံးဝမသွားဘူးဆိုရင်တော့ ဒါဝမ်းချုပ်တာ ဖြစ်နိုင်ပါတယ်။ ကလေးမှာ ဗိုက်အောင့်ဗိုက်နာတဲ့ အမူအရာတွေ၊ ဗိုက်က ဖောရောင်သလို ဖြစ်နေတာ၊ အော့အန်တာ၊ အစားသိပ်မစားနိုင်တာ၊ စိတ်တိုလွယ်တာ၊ ဝမ်းသွားနေစဉ် နာကျင်မှုကြောင့် အော်ငိုတာ၊ ဝမ်းကို ညှစ်ပြီးသွားရတဲ့အခါမှာ ကလေးက အိမ်သာတက်ဖို့ လန့်ပြီး ရှောင်နေတာ၊ ကလေးသေးခံမှာ ဝမ်းအရည် စေးစေးလေး ကပ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ကလေးဝမ်းချုပ်နေတာ သေချာသလောက် ဖြစ်နေပါပြီ။

    ဒီဆောင်းပါးလေးမှာတော့ ကလေးတွေကို ဝမ်းချုပ်စေတဲ့ တရားခံအစားအစာတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ ကိုယ့်ကလေးကို ကျန်းကျန်းမာမာနဲ့ ဝမ်းမှန်စေချင်တဲ့ မေမေတွေအနေနဲ့ ဒီဆောင်းပါးလေးကို သေချာဖတ်ပြီး ကလေးရဲ့ နေ့စဉ်အစာအာဟာရနဲ့ နေထိုင်မှုပုံစံကို သေချာဂရုစိုက်ပေးသင့်တယ်နော်။

    ၁။ မမှည့်သေးတဲ့ ငှက်ပျောသီး

    မှည့်ပြီးသား ငှက်ပျောသီးတွေက ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်တယ်ဆိုပေမဲ့ မမှည့်သေးတဲ့ ငှက်ပျောသီးတွေကို ကျွေးမိရင်တော့ ကလေး ဝမ်းချုပ်နိုင်တယ်နော်။ ကလေးရဲ့ အစာခြေစနစ်က ကောင်းကောင်းအလုပ်မလုပ်နိုင်သေးတဲ့အခါ မမှည့်သေးတဲ့ ငှက်ပျောသီးထဲက ကစီဓါတ်တွေကို ချေဖျက်ဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် ကလေးအတွက် အာဟာရရှိတယ်ဆိုတိုင်း မမှည့်သေးတဲ့ အသီးအနှံတွေ ကျွေးဖို့ မသင့်လျော်ဘူးနော်။

    ၂။ နို့ထွက်ပစ္စည်း

    နွားနို့၊ ချိစ်၊ ထောပတ်တွေက ပရိုတင်းပါဝင်မှုများလို့ ကလေးအတွက် အာဟာရရှိတာ မှန်ပေမဲ့ လိုတာထက်ပိုကျွေးရင်တော့ ကလေးကို ဝမ်းချုပ်စေနိုင်တယ်ဆိုတာ သိထားသင့်တယ်နော်။ အထူးသဖြင့် အရွယ်ငယ်သေးတဲ့ ကလေးတွေဆိုရင်တော့ နို့ထွက်ပစ္စည်းတွေကို တစ်နေ့ နည်းနည်းစီပဲ ကျွေးရင်း တခြား အစာအာဟာရတွေကို ပိုကျွေးဖို့ အရေးကြီးပါတယ်။

    ၃။ ပေါင်မုန့်ဖြူ

    အာဟာရရှိတဲ့ ပေါင်မုန့်ကြမ်း၊ ဂျုံကြမ်းပေါင်မုန့်တွေလို အမျှင်ဓာတ်ပါဝင်မှု နည်းတဲ့အတွက် အစာခြေစနစ် အားမကောင်းသေးတဲ့ ကလေးတွေကို ပေါင်မုန့်ဖြူ သိပ်မကျွေးသင့်ဘူးနော်။

    ၄။ အနီရောင်အသား

    အမျှင်ဓာတ်ပါဝင်မှု နည်းတဲ့ အနီရောင်အသားတွေဟာ ကလေးတွေကို ဝမ်းချုပ်စေတဲ့ အဓိက တရားခံတွေထဲမှာ ပါတယ်နော်။ ကလေးအတွက် ပရိုတင်းဓာတ်ဟာ အရေးကြီးတယ်ဆိုတာ မှန်ပေမဲ့ အသားချည်းပဲ ကျွေးနေလို့တော့ ကလေး ကောင်းကောင်းအစာချေဖျက်ဖို့ အဆင်မပြေပါဘူး။ ဒါကြောင့် အသားနည်းနည်း၊ အမျှင်ဓာတ် ပေါကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပဲ၊ အသီးအနှံတွေနဲ့ ရောပြီး ကျွေးပေးဖို့ အရေးကြီးပါတယ်။

    ၅။ ဆီများတဲ့ အကြော်အလှော်တွေ

    အငန်ဓာတ်၊ အဆီဓာတ်ပါဝင်မှုများပြီး အမျှင်ဓာတ်နည်းတဲ့အတွက် ကလေးတွေမှာ ရေဓာတ်ခမ်းခြောက်ပြီး အစာချေဖျက်ဖို့ကို တော်တော်လေး အားစိုက်ရပါတယ်။ ဒီလို အကြော်အလှော်တွေ ခဏခဏ ကျွေးမယ်ဆိုရင်တော့ ကလေးက ဝမ်းချုပ်လာတော့မှာပေါ့။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးကို ဆီများတဲ့ အစားအစာတွေ သိပ်မကျွေးသင့်ဘူးနော်။

    ၆။ အသင့်စား အစားအစာတွေ

    အာလူးကြော်၊ ကြက်ကြော်တွေက အချိန်ခဏလေး ပေးပြီး ဝယ်ရုံနဲ့ မိဘတွေလည်း အလုပ်မရှုပ်တော့ဘူးဆိုပြီး ထင်ကြမှာပေါ့။ တကယ်တော့ ဒီလိုအသင့်စား အစားအစာတွေက ကလေးကို ဝမ်းချုပ်စေသလို ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ကြုံလာဖို့ အခွင့်အရေးပိုများလာပါတယ်။ ကလေးကို ချစ်ရင် ငယ်ငယ်ကတည်းက အလွယ်တကူဝယ်လို့ ရတဲ့ အသင့်စား အစားအသောက်တွေကို သိပ်မကျွေးဘဲ အိမ်မှာ ကိုယ်တိုင် အာဟာရရှိစွာ ချက်ပြုတ်ကျွေးမွေးတာက ကလေးရဲ့ ကျန်းမာဖွံ့ဖြိုးအတွက် ပိုပြီး ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။

    ၇။ အချိုများတဲ့ မုန့်တွေ

    သကြားဓာတ်ဟာ ကလေးကို အဝလွန်စေပြီး နောက်ဆက်တွဲ ဆီးချိုနဲ့ နှလုံးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဒီလို အချိုမုန့်တွေ မကြာခဏ ကျွေးလွန်းရင် ကလေးက ဝမ်းချုပ်ပြီး မအီမသာဖြစ်တော့မှာပေါ့။ ဒီတော့ ကိုယ့်ကလေးက အချိုကြိုက်တယ်ဆိုရင် ကိတ်မုန့်၊ ချောကလက်၊ ရေခဲမုန့်တွေအစား စတော်ဘယ်ရီသီး၊ ဒိန်ချဉ်လေးတွေ ကျွေးပေးတာက ပိုအာဟာရဖြစ်စေပါတယ်။

    ကလေး ဝမ်းမချုပ်စေဖို့အတွက်ဆိုရင် အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများကျွေးဖို့ လိုအပ်တယ်နော်။ အမျှင်ဓာတ်က အစာချေဖျက်မှုကို မြန်စေလို့ ကလေးတွေအတွက်လည်း အစာကြေလွယ်စေတယ်။ ဝမ်းမှန်စေပြီး ကလေးကို ကျန်းမာစေတယ်။ အာဟာရစုပ်ယူမှုကိုလည်း အားကောင်းစေလို့ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် နေ့စဉ်အာဟာရမှာ အမျှင်ဓာတ်တွေကို မဖြစ်မနေ ကျွေးပေးသင့်တယ်နော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement