backup og meta

ကလေးရဲ့ သွားနဲ့ ခံတွင်းကို ဂရုစိုက်ဖို့ မေ့လျော့နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ သွားနဲ့ ခံတွင်းကို ဂရုစိုက်ဖို့ မေ့လျော့နေပြီလား

    ကိုယ့်ကလေးရဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်နေပြီး သွားနဲ့ ခံတွင်းကို ပစ်ထားလို့ မဖြစ်ပါဘူးနော်။ ကလေးဆိုတာ သစ်ရွက်ကလေး လှုပ်တာမြင်ရင်တောင် သွားလေးပေါ်အောင် ပြုံးပြီး ခိုးခိုးခစ်ခစ်နဲ့ ရယ်တတ်ကြတဲ့အရွယ်မလား။ ဒီတော့ သွားနဲ့ခံတွင်းကို ငယ်စဉ်ကတည်းက သေချာဂရုစိုက်မှ ကလေးတွေ ပြုံးလိုက်တိုင်း ညီညာလှပတဲ့ အဖြူရောင်ပုလဲသွယ် သွားလေးတွေကို မြင်ရမှာပေါ့။

    မိဘတွေအနေနဲ့ ခံတွင်းနဲ့ သွားကျန်းမာရေးကို ပစ်ပယ်ထားလိုက်ရင် ကလေးတွေ အပေါ်ယံကြွေလွှာပျက်စီးပြီး သွားပိုးစားတာ၊ သွားပိုးပေါက်တွေ ဖြစ်လာနိုင်တာ၊ သွားတွေ ဝါထိန်ပြီး သွားချေးတွေ တက်လာတာတွေအပြင် ခံတွင်းအနံ့အသက်ဆိုးတွေပါ ထွက်လာနိုင်ပါတယ်။ ကြီးလာရင်လည်း သွားတွေ ပျက်စီးပြီး ကျိုးလွယ်နိုင်တယ်။ ခံတွင်းကင်ဆာတွေ ဖြစ်လာနိုင်တဲ့အထိ ကိုယ့်ရဲ့ ကလေးကို ကျန်းမာရေးဒုက္ခတွေ ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲမို့ ကလေးတွေရဲ့ သွားတွေ မပျက်စီးစေဖို့ မိဘတွေအနေနဲ့ ဂရုစိုက်ပေးလို့ ရမယ့် အရာလေးတွေကို ပြောပြပေးမယ်နော်။

    ၁။ သွားကို တစ်နေ့ ၂ကြိမ်ပုံမှန်တိုက်ခိုင်းပေးပါ။

    ကလေးအသက် ၆လပြည့်ပြီဆိုတာနဲ့ သွားလေးတွေဟာ သွားဖုံးကနေ စတင်ထွက်လာပါပြီ။ ဒီလိုအရွယ်မှာကတည်းက မေမေတို့အနေနဲ့ ကလေးရဲ့ သွားလေးတွေကို ဖလိုရွိုက် (Fluoride) ပါဝင်တဲ့ သွားတိုက်ဆေးကို နည်းနည်းပဲ ထည့်ပေးပြီး သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားပွတ်တံကောင်းကောင်းနဲ့ တိုက်ပေးဖို့ အရေးကြီးပါတယ်။ ကလေးတွေ ကြီးလာတဲ့အခါမှာ စနစ်တကျ သွားတိုက်နည်းကို သင်ပေးပြီး ၂မိနစ်ခန့် ကြာအောင် နေ့စဉ်သွားတိုက်ေပးဖို့ ကလေးတွေကို အလေ့အကျင့် လုပ်ထားပေးပါ။ သွားမပေါက်သေးတဲ့ မွေးကင်းစကလေးတွေဆိုရင် ရေနွေးနွေးနဲ့ အဝတ်ကို စွတ်ပြီး သွားဖုံးကို ဖြည်းဖြည်းချင်း ပွတ်ပေးရပါမယ်။

    ၂။ သွားကြားထဲက စားကြွင်းစားကျန်တွေကို မမေ့ပါနဲ့။

    အစာစားပြီးတဲ့အချိန် သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ညှပ်ပြီး ကျန်နေတတ်တာ သဘာဝပါပဲ။ ဒီအတိုင်း မဖယ်ရှားပဲ ပစ်ထားလိုက်ရင် သွားကြားထဲ ဘက်တီးရီးယားပိုးတွေ ပေါက်လာမယ်။ သွားပိုးစားလာမယ်။ ဒါ့အပြင် ခံတွင်းအနံ့အသက်ဆိုးတွေပါ ထွက်လာနိုင်ပါတယ်။ ဒီလိုခံတွင်းပြဿနာကနေ ကာကွယ်ဖို့ တစ်နေ့ကို တစ်ကြိမ် သွားပွတ်ကြိုးကို အသုံးပြုပြီး သွားကြားထဲမှာ ရှိတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ သွားတိုက်သလိုပါပဲ အစပိုင်းမှာ မေမေတွေ ကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးပြီး နောက်ပိုင်းမှာ ကလေးတွေကို အစာစားပြီးတိုင်း သွားပွတ်ကြိုး အသုံးပြုဖို့ အလေ့အကျင့်လုပ်ထားပေးပါ။

    ၃။ မှန်ကန်တဲ့ သွားတိုက်နည်းလမ်းကို သင်ပေးပါ။

    သွားတိုက်တဲ့ နည်းစနစ်မမှန်တာဟာလည်း ကလေးတွေရဲ့ ခံတွင်းကျန်းမာရေးအတွက် ရေရှည်မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါ သွားပေါ်က အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေကို မသန့်စင်ပေးနိုင်တာကြောင့် ကြာလာရင် သွားတွေ ဝါလာမယ်။ သွားချေးတွေ ထင်ပြီး အနံ့ထွက်လာတာတွေအပြင် သွားဖုံးရောင်တာ၊ သွားဖုံးသွေးယိုစီးပြီး ရေစီးကမ်းပြိုလိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါ အပေါ်၊ အောက်၊ အရှေ့၊ အနောက်၊ သွားကြားထဲပါမကျန် စနစ်တကျ တိုက်တတ်အောင် သင်ပေးမှ ကလေးတွေရဲ့ သွားနဲ့ ခံတွင်းကို သန့်ရှင်းစေနိုင်မှာပါ။

    ၄။ လျှာကိုလည်း သန့်ရှင်းပေးရမယ်နော်။

    ဘက်တီးရီးယားပိုးတွေဆိုတာ သွားကြားထဲမှာသာမက လျှာပေါ်မှာပါ တင်ကျန်ပြီး အဖြူရောင် အရိအချွဲတွေ ဖြစ်စေပါတယ်။ ကြာလာတဲ့အခါ ခံတွင်းအနံ့ဆိုးထွက်ရုံသာမက ခံတွင်းနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်တယ်နော်။ ဒါကြောင့် မေမေတို့အနေနဲ့ ပလတ်စတစ် လျှာခြစ်တံလေးတွေ ဝယ်ထားပြီး သွားတိုက်ပြီးတဲ့အခါတိုင်း ကလေးတွေကို လျှာခြစ်ပေးဖို့ သတိပေးရမယ်နော်။

    ၅။ ကလေးတွေ စားတဲ့ အစားအစာကိုလည်း သေချာပြင်ဆင်ပေးပါ။

    ကော်ဖီ၊ ချောကလက်၊ အစရှိတဲ့ သွားကို အရောင်စွန်းထင်းစေတဲ့ အချိုများသော အစားအစာတွေ၊ အပေါ်ယံကြွေသွားလွှာကို ပျက်စီးစေနိုင်တဲ့ ချဉ်လွန်းတဲ့ အသီးတွေကို တတ်နိုင်သလောက် လျှော့ကျွေးပါ။ ကလေးကျန်းမာရေးအတွက် ကျွေးရမယ်ဆိုရင်တောင် အစာစားပြီးတိုင်း ရေအေးနဲ့ ပလုတ်ကျင်းဖို့ သတိပေးပါ။ အမျှင်ဓါတ်များပြီး သေချာကြေညက်အောင် ဝါးရတဲ့ အစားအစာတွေ၊ ဥပမာ – ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို များများကျွေးပေးပါ။

    ၆။ လိုအပ်ရင် သွားထိန်းကိရိယာတွေ တပ်ပေးပါ။

    ကလေးတွေ ငယ်သွားလဲပြီး သွားအသစ်တွေ ပေါက်လာချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် သွားမညီတာ၊ သွားတစ်ချောင်းနဲ့ တစ်ချောင်း ထပ်နေတာ၊ သွားကြဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်လာပြီဆိုရင် သွားထိန်းကိရိယာ (Braces) တွေ တပ်ပေးဖို့ လိုအပ်တယ်နော်။ ကလေးတွေကို သွားထိန်းကိရိယာ တပ်ပေးလိုက်တဲ့အခါ ကြဲနေ၊ ထပ်နေတဲ့ သွားတွေကို ညီညာဖြောင့်တန်းသွားစေတဲ့အတွက် ကြီးလာမှ သွားမလှတဲ့ ပြဿနာတွေ မကြုံရတော့ဘူးပေါ့။ သတိပြုရမှာက သွားထိန်းကိရိယာကြားထဲမှာ အစာတွေ ကပ်ငြိနိုင်တဲ့အတွက် သွားပွတ်ကြိုးနဲ့ သေချာသန့်ရှင်းရေးလုပ်ပေးဖို့နဲ့ သွားဆရာဝန်ဆီ ပုံမှန်ပြသပေးဖို့ပါပဲ။

    ၇။ သွားဆရာဝန်ဆီ ကလေးကို ခေါ်သွားဖို့ ဝန်မလေးပါနဲ့။

    ကလေးအများစုအတွက်တော့ သွားဆေးခန်းဆိုတာ ကြောက်စရာနေရာလို ဖြစ်နေတဲ့အတွက် သွားဖို့ ငြင်းဆန်နေမှာပါ။ မေမေတွေအနေနဲ့ ကလေးရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို အလေးထားတယ်ဆိုရင်တော့ ကလေးကို အလိုမလိုက်ဘဲ တစ်နှစ်ကို အနည်းဆုံး ၂ကြိမ် သွားဆရာဝန်နဲ့ ပြသပေးဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကိုယ့်ကလေးရဲ့ ခံတွင်းအခြေအနေကို ဆရာဝန်က သေချာကြည့်ရှုပေးလို့ရမယ့်အပြင် လိုအပ်ရင်လည်း သွားပေါ်က ဝါနေတဲ့ သွားချေးတွေကိုလည်း ခြစ်ချပေးနိုင်မှာပါ။ ဒါကြောင့် ဘယ်လောက်ပဲ သွားပုံမှန်တိုက်ပါစေ၊ သန့်ရှင်းရေးကို ဂရုစိုက်ပြီး လုပ်ပေးပါစေ၊ သွားဆရာဝန်နဲ့ မဖြစ်မနေ ပြသပေးဖို့ လိုအပ်ပါတယ်နော်။

    ဒီအချက်တွေကို မေမေတွေအနေနဲ့ သေချာဂရုစိုက်ပြီး လိုက်လုပ်ပေးမယ်ဆိုရင် ပြုံးလိုက်တိုင်း လှနေတဲ့ ကိုယ့်ရဲ့ ကလေးတွေရဲ့ သွားဖြူဖြူလေးတွေကို မြင်ရမှာ အသေအချာပါပဲ။ သွားကို ဂရုစိုက်ပေးဖို့၊ သွားနဲ့ ခံတွင်းကို သန့်ရှင်းရေးလုပ်ဖို့ဆိုတာ မဖြစ်မနေ နေ့တိုင်းလုပ်ပေးဖို့ လိုအပ်တဲ့ အရာတွေမို့ မေမေတွေလည်း ကိုယ့်ကလေးကို ဒီလိုအလေ့အကျင့်ကောင်းလေးတွေ ငယ်ငယ်ကတည်းက မွေးထားပေးဖို့ လိုမယ်နော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement