backup og meta

သင့်ကလေးရဲ့ နေ့စဉ်စားသောက်မှုမှာ ပါဝင်သင့်တဲ့ မဂ္ဂနီဆီယမ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးရဲ့ နေ့စဉ်စားသောက်မှုမှာ ပါဝင်သင့်တဲ့ မဂ္ဂနီဆီယမ်

    ကယ်လ်ဆီယမ် ဒါမှမဟုတ် အခြားသော သတ္တုဓါတ်တွေလို အလေးပေးအရေးတယူပြုခြင်းမခံရပေမယ့် မဂ္ဂနီဆီယမ်ဟာ သင့်ကလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးရေးအတွက် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။

    မဂ္ဂနီဆီယမ်က ဘာလုပ်ပေးသလဲ။

    ခန္ဓါကိုယ်မှာရှိတဲ့ အရိုးတွေသန်မာအောင်နဲ့ အပူအအေးမျှတဖို့အတွက် မဂ္ဂနီဆီယမ်က အရေးပါပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကောင်းစွာ အလုပ်လုပ်ဖို့၊ ကြွက်သားတွေ၊အာရုံကြောတွေ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် မဂ္ဂနီဆီယမ်ဓါတ်ကို လိုအပ်ပါတယ်။

    မဂ္ဂနီဆီယမ်မရှိဖူးဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ကနေ စွမ်းအင်ထုတ်ပေးနိုင်တော့မှာ မဟုတ်တဲ့အပြင် ကြွက်သားတွေကလည်း တချိန်လုံးတင်းပြီး ညှစ်နေကြမှာဖြစ်ပါတယ်။ ကိုလက်စထရောထုတ်လုပ်မှုနဲ့ သွေးထဲပို့ဆောင်မှုတွေကိုလည်း ကောင်းကောင်းထိန်းညှိနိုင်တော့မှာ မဟုတ်ပါဘူး။

    မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့နည်းပါးရင် ဘာတွေ ဖြစ်လာနိုင်သလဲ။

    မဂ္ဂနီဆီယမ်ဓါတ်နည်းပါးခြင်းဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်တာမို့ သင့်ကလေးရဲ့ သွေးတွင်းမဂ္ဂနီဆီယမ်ပမာဏကို ဂရုတစိုက်စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။

    အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

    • အိပ်မပျော်ခြင်း။
    • ဝမ်းချုပ်ခြင်း။
    • ADHD or ADD
    • growth pains လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားစဉ် နာကျင်ခြင်း (အထူးသဖြင့် ဆယ်ကျော်သက်တွေမှာ ခြေထောက်များနာကျင်ခြင်း)။
    • ပန်းနာရင်ကျပ်ကဲ့သို့သော ပြင်းထန်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားရခြင်း။
    • ငယ်ငယ်ရွယ်ရွယ်နှင့် ဆီးချိုဖြစ်ခြင်း။

    မဂ္ဂနီဆီယမ်ကို လုံလောက်စွာ စားသုံးရခြင်းရဲ့ ကောင်းကျိုးတွေက ဘာလဲ။

    အရွယ်ရောက်ပြီးသူတွေနဲ့ နှိုင်းယှဉ်ရင် ကလေးတွေမှာ သိသာတဲ့ လက္ခဏာပြတာမျိုး မရှိတဲ့အတွက် မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့တယ်ဆိုပြီး တွေ့ရတာတော့ နည်းပါတယ်။

    မဂ္ဂနီဆီယမ်ဟာ ကယ်လ်ဆီယမ်လောက် မထင်ရှားပေမယ့် ခန္ဓါကိုယ်အတွက် အရေးကြီးဆုံးသော အာဟာရဓါတ်တွေထဲက တခုအပါအဝင်ဖြစ်နေပါတယ်။

    မဂ္ဂနီဆီယမ်ဟာ လုပ်ငန်းမျိုးစုံကို ဆောင်ရွက်ပေးနိုင်တဲ့ သတ္တုဓါတ်ဖြစ်တဲ့အပြင် အခြားသော အာဟာရဓါတ်တွေကို ထုတ်လုပ်သုံးစွဲဖို့အတွက်လည်း ကူညီဆောင်ရွက်ပေးပါတယ်။ ကြွက်သားနဲ့ အာရုံကြောတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့၊နှလုံးစည်းချက်မှန်စေဖို့၊ခုခံအားစနစ်ကောင်းမွန်စေဖို့ နဲ့ အရိုးတွေသန်မာစေဖို့အတွက် မဂ္ဂနီဆီယမ်က ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။

    မဂ္ဂနီဆီယမ်ဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းပေးပြီး သွေးပေါင်ချိန်ကိုလည်းမှန်စေကာ စွမ်းအင်ထုတ်လုပ်မှုနဲ့ ပရိုတင်းထုတ်လုပ်မှုတွေမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။

    မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့ရင် ခံစားရမယ့် လက္ခဏာတွေက လူကြီးရော၊ကလေးမှာပါ အတူတူပဲ ဖြစ်ပါတယ်။

    မဂ္ဂနီဆီယမ်ဓါတ်ကို လုံလောက်စွာစားပေးခြင်းအားဖြင့် ကလေးတွေမှာ အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

    • စွမ်းအင်တွေ ပိုမိုထုတ်ပေးနိုင်တာကြောင့် ပင်ပန်းနွမ်းနယ်မှုကို သိပ်မခံစားရဘူး။
    • နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ်။
    • အရိုးတွေ သန်မာမယ်။
    • တက်တက်ကြွကြွရှိမယ်။
    • ကြီးထွားဖွံ့ဖြိုးနေစဉ်မှာ ခံစားရတတ်တဲ့ growing pains လို့ခေါ်တဲ့ နာကျင်မှုတွေ၊ကြွက်သားတောင့်တင်းတာတွေနဲ့ ခြေသလုံးကြွက်သားနာကျင်တာ၊ကြွက်တက်တာတွေကို သက်သာစေမယ်။
    • ဝမ်းမချုပ်ဘူး။

    ဒါကြောင့် ကလေးတွေအနေနဲ့ မဂ္ဂနီဆီယမ်ပမာဏကို လုံလောက်အောင် စားပေးဖို့ အထူးပဲ အရေးကြီးလှပါတယ်။

    မဂ္ဂနီဆီယမ်ပါဝင်တဲ့ အစားအစာတွေက ဘာတွေလဲ။

    အောက်ဖော်ပြပါ အစားအစာတွေကတော့ သင့်ကလေးရဲ့ နေ့စဉ်စားသောက်မှုပုံစံထဲကို ပေါင်းထည့်ပေးသင့်တဲ့ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝသော အစားအစာတွေပဲ ဖြစ်ပါတယ်။

    • ပဲပိစပ်မှ ထုတ်လုပ်သောပစ္စည်းများ ( နို့၊အမှုန့်၊တို့ဖူး စသည်)။
    • ပဲအမျိုးမျိုး၊အစေ့အမျိုးမျိုး။
    • အခွံမာသီးများ (ဗာဒံစေ့ အစရှိသဖြင့်)။
    • Oatmeal ( ကွေကာအုတ် )။
    • Whole grain နှင့်ပြုလုပ်ထားသော ပေါင်မုန့်၊ဆန်ညို စသည်။
    • အသီးအရွက်များ ( ထောပတ်သီး၊ဟင်းနုနွယ် စသည်)။
    • ပဲအခြောက်များ။
    • ဒိန်ချဉ်။
    • စပျစ်ခြောက်။

    သင့်ကလေးအနေနဲ့ မဂ္ဂနီဆီယမ်ပမာဏ ဘယ်လောက်လိုအပ်သလဲ။

    • အသက်တစ်နှစ် မှ သုံးနှစ်အထိ : တနေ့လျှင် ၈၀မီလီဂရမ်။
    • အသက် လေးနှစ်မှ ရှစ်နှစ်အထိ : တနေ့လျှင် ၁၃၀ မီလီဂရမ်။

    သင့်ကလေးအနေနဲ့ တနေ့တာလိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏကို လုံလောက်အောင် စားသုံးရခြင်း ရှိမရှိကို သိနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် တနေ့တာလိုအပ်တဲ့ပမာဏနဲ့ တွက်ချက်မယ့်အစား ရက်အနည်းငယ် ဒါမှမဟုတ် တပတ်အတွင်းလိုအပ်တဲ့ ပမာဏနဲ့ တွက်ချက်မယ်ဆိုရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်။

    ဒါဆိုရင် သင့်ကလေးစားသုံးတဲ့ မဂ္ဂနီဆီယမ်ပမာဏကို ထိန်းချုပ်ဖို့ပိုမိုလွယ်ကူမှာဖြစ်သလို သင့်ကလေးရဲ့ စားသောက်မှုပုံစံနဲ့ပတ်သက်ပြီးတော့လည်း ကြိုတင်စီမံနိုင်မှာ ဖြစ်ပါတယ်။

    မဂ္ဂနီဆီယမ်ဟာ သင့်ကလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အထူးအရေးကြီးတဲ့အတွက် သင့်ကလေးအနေနဲ့ လုံလောက်တဲ့ မဂ္ဂနီဆီယမ်ပမာဏ ရရှိဖို့ ဂရုတစိုက်စီမံပေးရမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement