backup og meta

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

    အရေပြားဆိုတာက ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်သလို အရေးကြီးတဲ့ အစိတ်အပိုင်းလည်း ဟုတ်ပါတယ်။ ဒါကြောင့် အသားအရေထိန်းသိမ်းဖို့ကလည်း မလုပ်မဖြစ်လုပ်သင့်တဲ့ ကိစ္စရပ်တွေထဲကတစ်ခုလို့ ပြောချင်ပါတယ်။ အသားအရေထိန်းသိမ်းမှုက စောစောလုပ်နိုင်လေ ကောင်းလေပါ။ ဒါကြောင့် ဘေဘီလေးတွေကို ငယ်စဉ်ကတည်း အရေပြားစောင့်ရှောက်ပေးထားတာက အကောင်းဆုံးပါပဲ။ ကလေးရဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာက ပြောသလောက်တော့ မလွယ်ပါဘူး။ ကလေးတွေရဲ့ အသားအရေက နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် အသေးစိတ်ဂရုစိုက်နိုင်မှ တော်ရာကျပါမယ်။ ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။

    ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

    ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ ဆိုတော့ ကလေးငယ်ရဲ့ အရေပြားက မယ်လ်လာနင်ကို နည်းနည်းပဲထုတ်လွှတ်နိုင်သလို နေလောင်ဒဏ်ကိုလည်း ခံနိုင်ရည် နည်းပါတယ်။ ပြောချင်တာကတော့ ကလေးငယ်လေးတွေရဲ့ အရေပြားက ထိခိုက်လွယ်ပြီး ပတ်ဝန်းကျင်က အရာတွေကြောင့် ထိခိုက်နိုင်ခြေကလည်း လူကြီးတွေအသားအရေထက် ပိုများပါတယ်။

    ဓာတ်မတည့်တဲ့ အရာတွေနဲ့ ထိတွေ့မိတဲ့အခါ အရေပြားကျိန်းစပ်တာ၊ ယားယံတာနဲ့ ဓာတ်မတည့်မှုဖြစ်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ကလေးတွေကို ကျန်းမာတဲ့ အသားအရေပိုင်ရှင်လေးတွေဖြစ်စေဖို့ ငယ်စဉ်ကတည်းကအသားအရေထိန်းသိမ်းမှုတွေလုပ်ပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

    ကလေးတွေမှာ အဖြစ်များတဲ့အရေပြားပြဿနာများ

    • နို့ပွေး
    • ကြွက်နို့ (Warts)
    • Slapped cheek syndrome (fifth disease)
    • ရေကျောက် (Chicken pox)
    • မိတ်
    • နှင်းခူ (Eczema)
    • အင်ပျဉ်ထခြင်း (Urticaria)
    • ကလေးဦးရေပြား အဆီထွက်များ၊ အရေခွံကွာသောပြဿနာ (Cradle Cap)
    • အရေပြားခြောက်သွေ့ခြင်း
    • ကလေးဝက်ခြံ (Baby Acne)
    • သေးခံလောင်ခြင်း (Diaper rash)
    • အရေပြားဓာတ်မတည့်ခြင်း

    ဒီအရေပြားပြဿနာတွေက ကလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်သလို အမာရွတ်ထင်ကျန်တာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။ အချို့အရေပြားပြဿနာတွေက ပိုးကူးစက်တာကနေဖြစ်တာဖြစ်ပြီး အချို့အရေပြားပြဿနာတွေကတော့ အရေပြားစောင့်ရှောက်မှုအားနည်းတာကြောင့် ဖြစ်ရတာတွေပါ။

    ကလေးအရေပြားကို ဘယ်လိုမျိုးစောင့်ရှောက်ပေးမလဲ

    ကလေးအရေပြား ကျန်းမာစေဖို့ဆိုရင်

    • ကလေးကို ရေချိုးပေးမယ်

    ကလေးကို ရေနွေးနွေးလေး ဆပ်ပြာအပျော့စားလေးနဲ့ ချိုးပေးရပါမယ်။ ကလေးရဲ့ အသားအရေက အရမ်းခြောက်သွေ့နေမယ်ဆိုရင်တော့ glycerin ကိုအခြေခံပြီးထုတ်ထားတဲ့ ဆပ်ပြာမျိုးသုံးပေးရပါမယ်။ ကလေးကို ရေချိုးတဲ့အခါ ၃ မိနစ် အများဆုံး ၅ မိနစ်လောက်ပဲ ချိုးပေးပါ။

    • ကလေးဦးရေပြားကို သန့်စင်ပေးဖို့လည်း မမေ့ပါနဲ့

    ကလေးကို နေ့တိုင်းခေါင်းလျှော်ပေးရမယ်တော့ မဟုတ်ပါဘူး။ တစ်ပတ်ကို တစ်ခါလောက်ပေါ့။ ကလေးငယ်သေးရင်တော့လည်း တစ်လ တစ်ခါလောက်ဖြစ်ဖြစ်လျှော်ပေးဖို့ပါ။ ကလေးကို ခေါင်းလျှော်ပေးတဲ့အခါ ကလေးလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးနဲ့ လျှော်ပေးရပါမယ်။

    • ကလေးအရေပြားကို ပုံမှန်အစိုဓာတ်ထိန်းပေးဖို့ လိုပါတယ်

    ရေချိုးပြီးတဲ့အခါ ကလေးကို တဘက်နုနုလေးနဲ့ ရေခြောက်အောင်သုတ်ပေးပြီး အစိုဓာတ်ထိန်းခရင်မ်တစ်ခုခု လူးပေးပါ။ အရေပြားမှာ အစိုဓာတ်ပြည့်ဝနေမယ်ဆိုရင် အသားအရေခြောက်သွေ့တာမျိုး မဖြစ်တော့ပါဘူး။

    • သေးခံအစိုကြီးနဲ့ မထားပါနဲ့

    ကလေးသေးခံစိုနေရင်၊ ညစ်ပေနေရင် ချက်ချင်းလဲပေးပါ။ ဒီလိုမျိုးလုပ်ပေးတာက ကလေးကို သေးခံလောင်တာ (Diaper rash) မဖြစ်အောင်ကာကွယ်ပြီးသားဖြစ်မှာပါ။ သေးခံအသစ်မလဲပေးခင်မှာ ကလေးကို သန့်စင်ပေးပြီး ရေသုတ်ပေးရပါမယ်။

    • ကလေးကို နှိပ်နယ်ပေးပါ

    ကလေးလေးတွေကို နေ့တိုင်း နှိပ်နယ်ပေးလေ အရေပြားအတွက် ကောင်းလေပါ။ အလုပ်များတယ်ဆိုရင်တောင် တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့နှိပ်ပေးပါ။ ရေမချိုးခင်မှာ Baby Oil ဒါမှမဟုတ် သံလွင်ဆီလိုမျိုး ကလေးအသားအရေနဲ့ သင့်တော်မယ့် အဆီတစ်ခုခုလိမ်းပေးပြီး မိနစ် ၃၀ – ၄၀လောက် နှိပ်ပေးပါ။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး အရေပြားကို ကျန်းမာစေမှာပါ။

    • နေလောင်ဒဏ်ကနေ ကာကွယ်ပေးပါ

    ကလေးလေးတွေ အရေပြားက ထိခိုက်လွယ်သလို နေလောင်ဒဏ်ကို ခံနိုင်စွမ်းလည်း နည်းပါတယ်။ ကလေးကို နေရောင်နဲ့တိုက်ရိုက်ထိတွေ့ပေးတာမျိုး မလုပ်ပါနဲ့။ နေရောင်ကျတဲ့နေရာမှာ ပေးကစားမယ်ဆိုရင်လည်း ချည်သားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ပွပွလေးတွေဝတ်ဆင်ပေးတာ၊ ဦးထုပ်ဆောင်းပေးတာမျိုးတွေ လုပ်ပေးပါ။ နေရောင်မှာပါတဲ့ UV rays က ကလေးငယ်တွေရဲ့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

    ကလေးအသားအရေကို ငယ်စဉ်ကတည်းက သေချာစောင့်ရှောက်ပေးမှ ကလေးက အရွယ်ရောက်လာတဲ့အခါ ကျန်းမာကောင်းမွန်တဲ့အသားအရေပိုင်ရှင်လေးတွေဖြစ်မှာဆိုတော့ ကိုယ့်ရင်သွေးလေးကို အရေပြားပြဿနာကင်းစင်ပြီး ကျန်းမာတဲ့အသားအရေပိုင်ရှင်လေးဖြစ်စေဖို့ ငယ်ငယ်ကတည်းကစပြီး အသားအရေကို စနစ်တကျထိန်းသိမ်းပေးဖို့ တိုက်တွန်းလိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement