backup og meta

ကလေးတွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာများ

    ကလေးတွေရဲ့ အရေပြားမှာ အနီစက်လေးတွေ၊အဖုလေးတွေဖြစ်နေတာ မြင်ဖူးကြမှာပါ။ ဒါဟာ ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေရဲ့ လက္ခဏာတွေပါ။ အများစုကို ထိထိရောက်ရောက်ကုသလို့ ရပါတယ်။ ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားရောဂါတချို့အကြောင်းကို သင်သိရမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ အရေပြားရောဂါတွေ ဖြစ်လာပြီဆိုရင်တော့ ရောဂါကို အတိအကျသိဖို့နဲ့ ကုသဖို့ပေးနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ရပါမယ်။

    ရေကျောက်

    ရေကျောက်ရောဂါဆိုတာ အလွယ်တကူ ကူးစက်ပျံ့ပွားနိုင်တဲ့ ကူးစက်ရောဂါ တမျိုးဖြစ်ပါတယ်။ ကလေးအများစုဟာ တချိန်ချိန်မှာတော့ ရေကျောက်ပေါက်ဖူးကြမှာပဲ ဖြစ်ပါတယ်။ ရေကျောက်ဟာ မျက်နှာ၊နားနဲ့ ရင်ဘတ်တွေပေါ်မှာ အနီရောင်အစက်လေးတွေ အနေနဲ့ စတင်ပေါ်လာပြီး ဒီအနီစက်လေးတွေဟာ အရည်ကြည်ဖုလေးတွေအဖြစ် ပြောင်းသွားပါလိမ့်မယ်။ အရည်ကြည်ဖုလေးတွေ ပေါက်သွားရင်တော့ အဖတ်လေးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

    ကျန်းမာရေးကောင်းနေတဲ့ ကလေးတွေအနေနဲ့ ရေကျောက်ပေါက်ရင် စိုးရိမ်စရာ မလိုပါဖူး။ သင့်ကလေး ရေကျောက်တခါ ပေါက်ပြီးရင် သူတို့အနေနဲ့ ဒီရောဂါအတွက် ကိုယ်ခံအားရရှိပြီးသားဖြစ်သွားလို့ နောက်တခါ ထပ်မဖြစ်တော့ပါဖူး။ ရေကျောက်ကို အိမ်မှာပဲ ကုသလို့ရပါတယ်။ ဒီလို ကုသပေးမယ်ဆိုရင် အဖျားတက်တာ၊ယားယံတာစတဲ့ လက္ခဏာတွေကို တဖြည်းဖြည်း သက်သာလာစေပါတယ်။ ဒါ့အပြင် ရေကျောက်ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါသေးတယ်။ ဆရာဝန် ညွှန်ကြားချက်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေဖြစ်တဲ့ calamine လိမ်းဆေး၊ပါရာစီတမော နဲ့ ဂျဲလ်အေးအေးလေးတွေစတာတွေကို အသုံးပြုနိုင်ပါတယ်။

    ပွေးပေါက်ခြင်း

    ပွေးဟာ ringworm လို့ခေါ်တဲ့ fungusမှိုတမျိုးကြောင့် ဖြစ်တာပါ။ ဒီfungus မှိုဟာ သင့်အရေပြားဆဲလ်အသေတွေထဲ၊ဆံပင်ထဲနဲ့ လက်သည်းတွေကြားထဲမှာ ရှိနေတတ်ပါတယ်။ သင့်ကလေး ပွေးပေါက်ပြီဆိုရင် အရေပြားပေါ်မှာ အနီရောင်အဝိုင်းပုံစံ အကွက်လေးတွေကို မြင်ရပါလိမ့်မယ်။ ပွေးပေါက်တဲ့ အရေပြားနေရာမှာ ယားတာ၊ရောင်ရမ်းတာ နဲ့ နာကျင်တာတွေ ဖြစ်လာပါလိမ့်မယ်။ လက်မောင်း၊ခြေထောက် ဒါမှမဟုတ် ခန္ဓါကိုယ်ဘယ်နေရာမှာမဆို ပွေးပေါက်နိုင်ပါတယ်။ ခေါင်းမှာ ပွေးပေါက်ရင် ဆံပင်တွေ ကျွတ်ပါလိမ့်မယ်။ ပွေးပေါက်နေတဲ့လူ ဒါမှမဟုတ် တိရစ္ဆာန် နဲ့ အသားချင်းထိတွေ့တာကနေ ပွေးကူးနိုင်သလို မျက်နှာသုတ်ပုဝါတို့သဘက်တို့ မျှသုံးရင်လည်း ကူးနိုင်ပါတယ်။ ပွေးပေါက်ရင် antifungal လို့ခေါ်တဲ့ ဆေးတွေ ပေးရပါတယ်။ တကယ်လို့ သင့်ကလေးဟာ ဆံပင်တွေပါ ကျွတ်နေတယ်ဆိုရင် antifungal ခေါင်းလျှော်ရည်နဲ့ လျှော်ဖို့ပါ လိုပါလိမ့်မယ်။

    Contact dermatitis

    Contact dermatitis ဆိုတာ သင့်အရေပြားနဲ့ မတည့်တဲ့ အရာတခုခု ဒါမှမဟုတ် ဓါတုဗေဒ ပစ္စည်းတခုခု ထိတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရေပြားပြဿနာ တမျိုးပဲဖြစ်ပါတယ်။ အဆိုပါ အရာကြောင့် အရေပြားကိုထိခိုက်စေပြီး ဓါတ်မတည့်ခြင်းတွေကိုလည်း ဖြစ်စေပါတယ်။ ဆပ်ပြာ၊လိုးရှင်း၊ရေမွှေး၊သတ္တုတမျိုးမျိုး၊latex ရာဘာ၊အလှကုန်ပစ္စည်း ဒါမှမဟုတ် ဆေးတွေကြောင့် သင့်ကလေးမှာ Contact dermatitis ဖြစ်လာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ကလေးတယောက်နဲ့ တယောက် တူချင်မှ တူမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ Contact dermatitis ဖြစ်နေပြီဆိုရင် နာကျင်တာ၊နီရဲတာ၊ယားယံတာ၊ရောင်ရမ်းနေတာ၊အရည်လေးတွေထွက်နေတာ ဒါမှမဟုတ် သွေးထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အဓိက ထိတွေ့မိတဲ့ နေရာမှာ ရောဂါလက္ခဏာတွေ အဆိုးဆုံးဖြစ်နေမှာပါ။ ရောဂါအတိအကျသိနိုင်ဖို့နဲ့ ကုသမှုခံယူနိုင်ဖို့အတွက် ကလေးကို ဆေးရုံတင်ရပါမယ်။

    သင့်ကလေးရဲ့ ရောဂါအခြေအနေ၊အသက်နဲ့ တခြားကျန်းမာရေးအနေအထားတွေပေါ် မူတည်ပြီး လိုအပ်သလို ကုသပေးပါလိမ့်မယ်။ အများအားဖြင့် ပြုလုပ်လေ့ရှိတဲ့ ကုသမှုတွေက အရေပြားကို ဆေးကြောသန့်စင်တာ၊ရောင်ရမ်းတာအပါအဝင် ရောဂါလက္ခဏာတွေကို သက်သာစေဖို့ စိုစွတ်တဲ့ အဝတ်စနဲ့ ပတ်ထားတာ၊ယားယံတာ သက်သာစေဖို့ အရေပြားကို ခရင်မ်ဒါမှမဟုတ် ဆေးရည်တွေ လိမ်းပေးတာ နဲ့ သောက်ဆေးတွေ ပေးတာတို့ပဲ ဖြစ်ကြပါတယ်။

    ခြေ-လက်-ပါးစပ်တို့မှာ ဖြစ်တဲ့ အရေပြားရောဂါ

    သူ့ကို ဘာလို့ဒီလိုခေါ်တာလဲဆိုတော့ ဒီရောဂါရပြီဆိုရင် ပါးစပ်မှာ အနာတွေပေါက်လာပြီး လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ အစက်တွေ ထွက်လာလို့ပဲဖြစ်ပါတယ်။ တင်ပါးနဲ့ ခြေထောက်တို့မှာ အရည်ကြည်ဖုတွေကိုလည်း မြင်နိုင်ပါသေးတယ်။ ဒီရောဂါဟာ ကလေးတွေမှာ အများဆုံး ဖြစ်လေ့ရှိပြီး ရောဂါကူးစက်ခံနေရသူ ချောင်းဆိုးတာ၊နှာချေတာ ဒါမှမဟုတ် အရည်ကြည်ဖုတွေကနေ ထွက်တဲ့ အရည်တွေကို ကိုင်တွယ်မိရာကနေ ရောဂါကူးစက်နိုင်ပါတယ်။

    ဒီရောဂါကို ကုသစရာ နည်းလမ်းအထူးအထွေမရှိပါဖူး။ လုံးဝကောင်းသွားတဲ့အချိန်အထိ ကလေးကို ကျောင်းမသွားခိုင်းပါနဲ့။ သင့်ကလေးကိုယ်ခံအားကောင်းတယ်ဆိုရင် ၁၀ရက်အတွင်း ရောဂါပျောက်သွားပါလိမ့်မယ်။ အိမ်တွင်း ကုသမှုအဖြစ် အလွယ်တကူဝယ်လို့ရတဲ့ ဆေးတွေဖြစ်တဲ့ ပါရာစီတမော ဒါမှမဟုတ် ibuprofen တို့ကို တိုက်လို့ရပြီး အရည်များများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။

    နှင်းခူ

    နှင်းခူဟာ နာတာရှည်အရေပြား ရောဂါတမျိုးပါ။ နှင်းခူဖြစ်ရင် ကလေးတွေရဲ့ အရေပြားဟာ နီရဲခြောက်သွေ့လာမယ်၊ယားယံလာမယ် စတဲ့ လက္ခဏာတွေကို တွေ့မြင်ရမှာပါ။ အများဆုံးဖြစ်တတ်တဲ့ နှင်းခူကတော့ ဓါတ်မတည့်တာကြောင့်ဖြစ်တဲ့ atopic eczema ပဲ ဖြစ်ပါတယ်။ ဒီနှင်းခူအမျိုးအစားဟာ သင့်ကလေး အသက်ကြီးလာတဲ့အထိ ဆက်ဖြစ်နေဦးမှာပါ။ ကြာလာတဲ့အခါ တချို့ကလေးတွေရဲ့ နှင်းခူမှာ ပိုးပါဝင်လာတတ်ပါတယ်။ နှင်းခူဘာလို့ဖြစ်ရတယ်ဆိုတာ အတိအကျမသိရပေမယ့် လေ့လာချက်တွေအရ ဓါတ်မတည့်တာကြောင့် အဓိကဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

    အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ ကလေးတွေမှာ အဖြစ်အများဆုံး အရေပြားရောဂါ ၅မျိုးပဲဖြစ်ပါတယ်။ ဒီပြဿနာတွေ အကြောင်းသိထားမယ်ဆိုရင် သင့်ကလေးမှာ ဒါတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement