backup og meta

ကလေးတွေမှာ လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများ


Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများ

    နေပူမိုးရွာတစ်လှည့်စီဖြစ်နေတဲ့ ရာသီဥတုဒဏ်ကြောင့် လည်ချောင်းကခြောက်ကပ်ကပ်နဲ့နာနေတာကို ဘယ်လိုသက်သာအောင်လုပ်ရမလဲလို့များတွေးနေလား။ ကိုယ်တိုင်အတွက်ဖြစ်ဖြစ် မိသားစုဝင်တွေ သားသားမီးမီးလေးတွေအတွက်ပဲဖြစ်ဖြစ်ပေါ့။

    လည်ချောင်းနာတယ်ဆိုတာ

    ရာသီဥတုအပြောင်းအလဲမှာ လည်ချောင်းနာလေ့ရှိပါတယ်။ လည်ချောင်းနာတဲ့အခါ အစားအစာတွေမျိုချရခက်တာ၊ လည်ချောင်းထဲမှာခြောက်ကပ်ကပ်ဖြစ်တာတွေကြုံဖူးကြမှာပါ။ ဒီဝေဒနာက လူကြီးတွေမှာတောင် အတော်လေးခံရခက်တဲ့ဝေဒနာပါ။ လည်ချောင်းထဲမှာ တံထွေးမျိုချဖို့တောင်တော်တော်လေးခက်ပါတယ်။ လည်ချောင်းနာတာက များသောအားဖြင့် ကူးစက်ရောဂါပိုးတွေ၊ ပတ်ဝန်းကျင်ကခြောက်သွေ့တဲ့လေထုတွေကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာကိုဆေးခန်းပြစရာမလိုဘဲ အိမ်တွင်းကုထုံးတွေနဲ့လည်း သက်သာအောင် ကုသပေးလို့ရပါတယ်။

    လည်ချောင်းနာတာကို ဒီလိုအမျိုးအစားခွဲတယ်

    လည်ချောင်းနာတာကဖြစ်တဲ့အစိတ်အပိုင်းပေါ်မှာမူတည်ပြီး လည်ချောင်းနာတဲ့ အမျိုးအစားကိုခွဲခြားနိုင်ပါတယ်။ ဒါတွေကတော့ –

    • Pharyngitis(ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ဆိုတာက ခံတွင်းအနောက်ဘက် ညာဘက်ပိုင်းကရောင်ရမ်းခြင်းပါ၊
    • Tonsillitis (အာသီးရောင်ခြင်း) ဆိုတာက ခံတွင်းအနောက်ဘက်ပိုင်းက တစ်ရှုးပျော့လေးတွေ နဲ့ အာသီးနီရဲရောင်ရမ်းနေတာပါ၊
    • Laryngitis (အသံအိုးရောင်ခြင်း) ဆိုတာက အသံအိုးနီမြန်းရောင်ရမ်းတာပါ၊

    လည်ချောင်းနာတာရောဂါပိုးကူးစက်ခံထားရတဲ့လက္ခဏာတစ်ရပ်ပါ။ ကလေးတွေမှာ လည်ချောင်းနာတာဖြစ်တဲ့အခါ အရမ်းနာကျင်ပြီး ကလေးက အစားအသောက်တွေကို မျိုချဖို့ခက်ခဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ လည်ချောင်းနာတာက အသက်အရွယ်အားလုံးမှာဖြစ်နိုင်ပေမယ့် အသက်၂ နှစ်အောက်ကလေးငယ်လေးတွေမှာဖြစ်ရင်တော့ စိုးရိမ်ရပါတယ်။ ဒီအရွယ်မှာ လည်ချောင်းနာတာက အာခေါင်နဲ့အာသီးတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် မဟုတ်ဘဲesophagitis(အစာရေမျိုပြွန်ရောင်ခြင်း) နဲ့ အစာရေမျိုတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့အခြေအနေတွေဖြစ်နေတာကြောင့်ဖြစ်တတ်လို့ပါ။

    လည်ချောင်းနာတာ အဖြစ်များဆုံးအရွယ်က အသက် ၅ နှစ်ကနေ ၁၈ နှစ်ကြားအရွယ်တွေပါ။ အများစုက အသက်ရှူလမ်းကြောင်းပိုးဝင်တာကနေတဆင့် ဗိုင်းရပ်စ်တွေကူးစက်ပြီးဖြစ်ရတာပါ။ သားသားမီးမီးလေးတွေနေထိုင်မကောင်းဖြစ်တာ၊ မအီမသာနဲ့ဂျီကျနေပြီဆိုရင် စိတ်ပူတတ်တာမိဘတိုင်းလိုလိုပါ။ ကလေးက စကားပြောတတ်တဲ့အရွယ်ရောက်ပြီး သူခံစားနေရတာကိုပြောပြတတ်ရင်တော်သေးရဲ့။ ဒီလိုမှမဟုတ်ဘဲ ကလေးက အရမ်းငယ်နေသေးမယ်ဆိုရင်တော့ ကလေးကဖျားပြီဆိုရင်ဖေဖေမေမေတွေခေါင်းနပန်းကြီးပြီလေ။ ဒါကြောင့် သားသားမီးမီးလေးတွေမှာ လည်ချောင်းနာရင် ဘယ်လိုလက္ခဏာပြတတ်လဲဆိုတာကိုပြောပြပေးမယ်နော်။

    ကလေးကလည်ချောင်းနာနေပြီဆိုရင် ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ

    လည်ချောင်းနာတာအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာဖြစ်ပြီး အထူးတလည်ကုသမှုခံယူစရာမလိုပါဘူး။ ဒါပေမယ့် ကလေးမှာ လည်ချောင်းနာဖြစ်တဲ့အခါ ကူးစက်ပြန့်နှံ့တာမျိုးမဖြစ်ဖို့ ကာကွယ်ဖို့လိုအပ်သလိုပြင်းထန်တဲ့နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့လေးဖက်နာပိုးဝင်သွားတာမျိုးတွေမဖြစ်အောင် ကာကွယ်ဖို့လိုအပ်ပါတယ်။

    မိဘတွေအနေနဲ့ကတော့ ကလေးကလည်ချောင်းနာတဲ့အခါ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်တာမျိုးမလုပ်ဘဲ တတ်ကျွမ်းနားလည်သူတွေနဲ့ သွားရောက်ပြသဖို့ လိုပါလိမ့်မယ်။ ကလေးမှာလည်ချောင်းနာဖြစ်နေတဲ့အခါ အခုပြောပြမယ့် လက္ခဏာတွေထဲက တစ်ခုထက်မကဖြစ်နေတတ်ပါတယ်။

  • ကလေးက အဖျား ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက်များနေမယ်
  • ကလေးက အသက်ရှုရခက်နေမယ်
  • အစားအစာတွေမျိုချရခက်နေမယ်
  • ကလေးအသံက အက်ကွဲကွဲဖြစ်နေမယ်
  • ကလေးကပါးစပ်ဖွင့်ရခက်နေမယ်
  • ဘာကျွေးကျွေးမစားချင်ဘူးလို့ပြောမယ်
  • ငိုနေမယ်
  • ကလေးလေးတွေမှာ လည်ချောင်းနာခြင်းဖြစ်ရတဲ့ အကြောင်းအရင်းက

    ဘေဘီပိစိလေးတွေကစလို့ အရွယ်ရောက်တဲ့ဘေဘီလေးတွေအထိ လည်ချောင်းနာဖြစ်နိုင်ပါတယ်။ ဘေဘီလေးတွေကို လည်ချောင်းနာဖြစ်စေရတဲ့ အကြောင်းအရင်းတွေက –

    (၁) ဗိုင်းရပ်စ်တွေ

    ကလေးတွေမှာ လည်ချောင်းနာဖြစ်စေတာက ဗိုင်းရပ်စ်တွေကြောင့်ပါ။ လည်ချောင်းနာဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ပဋိဇီဝဆေးတွေအသုံးပြုပြီး ကုသလို့မရပါဘူး။ ဒီဗိုင်းရပ်စ်တွေက အဖျားတက်စေတာနဲ့ လည်ချောင်းနာကျင်မှုဝေဒနာတွေကိုဖြစ်စေနိုင်ပါတယ်။

    (၂) လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်း

    အအေးမိဖျားနာခြင်းကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်က ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာကိုဖြစ်စေနိုင်ပါတယ်။ ချောင်းဆိုးနေတာကနေလည်း လည်ချောင်းအတွင်းပိုင်းကြွက်သားတွေကို ယားယံနာကျင်စေနိုင်တာကြောင့် လည်ချောင်းနာစေနိုင်ပါတယ်။

    (၃)Strep Throat(စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း)

    ဒီလည်ချောင်းနာမှုကတော့ strep (စထရပ်ရောဂါပိုး)ကြောင့်ဖြစ်ရတာပါ။ ဒီလိုမျိုးလည်ချောင်းနာဝေဒနာကတော့ ပဋိဇီဝဆေးဝါးတွေသောက်သုံးမှပျောက်ကင်းမှာဖြစ်ပါတယ်။

    (၄)Coxsackie Virus (coxsackie ရောဂါပိုးကူးစက်ခံရခြင်း)

    ဒီဗိုင်းရပ်စ်က အဖျားကြီးစေနိုင်ပြီး လည်ချောင်း၊သွားဖုံးနဲ့နှုတ်ခမ်းတို့မှာ အနာတွေဖြစ်စေနိုင်ပါတယ်။ ဒါလည်း ကလေးတွေမှာဖြစ်နိုင်ပါတယ်။

    (၅) ဓာတ်မတည့်ခြင်း

    ဓာတ်မတည့်တာက ရုတ်တရက်ဆိုသလို ကလေးငယ်တွေမှာ လည်ချောင်းနာတာကိုဖြစ်စေနိုင်ပါတယ်။ ဒီဝေဒနာက အရမ်းမပြင်းထန်ပေမယ့်ဖြည်ဖြည်းချင်းနဲ့ အချိန်အကြာကြီးဖြစ်နေတတ်ပါတယ်။

    (၆) ခြောက်သွေ့တဲ့လေထု

    ခြောက်သွေ့တဲ့လေထုက ခံတွင်းနဲ့လည်ချောင်းထဲက အစိုဓာတ်တွေကို စုပ်ယူနိုင်တာကြောင့် လည်ချောင်းထဲမှာ ခြောက်သွေ့ယားယံပြီး နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဆောင်းတွင်းလိုအချိန်မျိုးမှာ ကလေးတွေ လည်ချောင်းနာတာ ပိုဆိုးတတ်ပါတယ်။

    (၇) ဆေးလိပ်ငွေ့တွေ၊ ဓာတုဗေဒပစ္စည်းတွေနဲ့ အခြားဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေ

    နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဆေးလိပ်ငွေ့တွေ၊ လေထုညစ်ညမ်းစေတဲ့ အခိုးအငွေ့တွေ၊ ကားအိတ်ဇောပိတ်က အငွေ့တွေ၊ အိမ်သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုတဲ့ ဆပ်ပြာရည်တွေရဲ့ အငွေ့တွေကြောင့်လည်း ကလေးတွေမှာ လည်ချောင်းနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့်ကလေးကို လေဝင်လေထွက်ကောင်းတဲ့ရှိနေဖို့ ဂရုစိုက်သင့်ပြီး ကလေးအနားမှာဆေးလိပ်သောက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

    ကလေးငယ်တွေမှာ ဒီဗိုင်းရပ်စ်တွေကြောင့် လည်ချောင်းနာနိုင်ပါတယ်

    လည်ချောင်းနာတာကို ဖြစ်စေတဲ့အရာတွေရဲ့ ၉၀ ရာခိုင်နှုန်းက ဗိုင်းရပ်စ်တွေပါ။ ဘယ်ဗိုင်းရပ်စ်တွေကများ ဘေဘီလေးတွေမှာ လည်ချောင်းနာတာကိုဖြစ်စေနိုင်တာလဲ။

    • အအေးမိဖျားနာဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်
    • တုပ်ကွေးဗိုင်းရပ်စ်
    • mononucleosis အဖျား တက်ခြင်း၊ လည်ချောင်းနာခြင်း နှင့် များသောအားဖြင့် လည်ပင်းရှိ ပြန်ရည်ကြော ဂလင်း များရောင်ခြင်းတို့ကို ဖြစ်စေသော ဗိုင်းရပ်စ်
    • ဝက်သက်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်
    • ရေကျောက်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်
    • ပါးချိတ်ရောင်နာဖြစ်စေတဲ့ ဗိုင်းရပ်စ်၊ လည်ချောင်းထဲမှာရှိတဲ့ တံထွေးဂလင်းတွေကိုရောင်ရမ်းမှုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်

    အခုပြောခဲ့တဲ့ ဗိုင်းရပ်စ်တွေကဘေဘီလေးတွေမှာ လည်ချောင်းနာတာကိုဖြစ်စေနိုင်ပါတယ်။

    လည်ချောင်းနာသက်သာစေဖို့

    အနာသိရင်ဆေးရှိတယ်ဆိုတဲ့ စကားအတိုင်း လည်ချောင်းနာတာကို သက်သာအောင်လုပ်လို့ရတဲ့နည်းတွေရှိပါတယ်။ လည်ချောင်းနာတာကို သက်သာစေဖို့ဆိုရင် –

    • ရေနွေးနွေးလေးသောက်ပေးခိုင်းပါ
    • စွပ်ပြုတ်ခပ်နွေးနွေးလေးတိုက်ပေးလို့လည်းရပါတယ်
    • ရေနွေးငွေ့ခံခိုင်းပါ
    • ကလေးရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ
    • နွေးနွေးထွေးထွေးထားပါ
    • ရေဓာတ်ပြည့်ဝအောင်လုပ်ဆောင်ပေးပါ
    • ကလေးက ၈ နှစ်အထက်ဖြစ်မယ်ဆိုရင် ဆားရည် ဒါမှမဟုတ် ခံတွင်းသန့်ဆေးနဲ့ ပလုပ်ကျင်းပေးခိုင်းလို့ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement