backup og meta

သင်္ချာနဲ့အတွက်အချက် သင်ယူရာမှာ အခက်အခဲဖြစ်ခြင်း (Dyscalculia)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်္ချာနဲ့အတွက်အချက် သင်ယူရာမှာ အခက်အခဲဖြစ်ခြင်း (Dyscalculia)

    ကလေးတွေမှာ အတွေ့များတဲ့ သင်ကြားရေးပိုင်းဆိုင်ရာ အခက်အခဲတွေထဲက သင်္ချာနဲ့အတွက်အချက် သင်ယူရာမှာ အခက်အခဲဖြစ်ခြင်း (Dyscalculia) အကြောင်းကို ဒီဆောင်းပါးမှာ ရှင်းပြပေးချင်ပါတယ်။

    Dyscalculia ဆိုတာကတော့ သင်္ချာနဲ့ ပတ်သက်တဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကို သင်ယူတဲ့နေရာမှာ ဦးနှောက်က ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းပြဿနာတစ်ခုပါ။ ကျက်စာတွေမှာ တော်သလောက် အတွက်အချက်မှာ တခြားသူတွေထက် အားနည်းတဲ့ ကလေးတွေမှာ ဒီပြဿနာကို အများဆုံးတွေ့ရပြီး လူကြီးအရွယ်တွေမှာလည်း တွေ့ရနိုင်ပါတယ်။ အဓိက အတွက်အချက်တွေ၊ ပေါင်းနှုတ်မြှောက်စား၊ ဂဏန်းတွေကို အလွတ်ကျက်မှတ်တဲ့အခါ၊ စိတ်ဖြင့် တွက်ချက်ခြင်း၊ ပုံသေနည်းနဲ့ သင်္ချာရဲ့ အခြေခံသဘောတရားတွေကို သင်ယူရတာလည်း ပိုခက်သလို အချိန်လည်း ပိုပေးရတတ်ပါတယ်။

    သင့်ကလေးမှာ သင်္ချာနဲ့အတွက်အချက် သင်ယူရာမှာ အခက်အခဲဖြစ်ခြင်း (Dyscalculia) ရှိနေတာလား

    ပုံမှန်အားဖြင့်တော့ သင်္ချာနဲ့အတွက်အချက် သင်ယူရာမှာ အခက်အခဲဖြစ်ခြင်း (Dyscalculia) ရှိတဲ့ကလေးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေက

  • အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား၊ အပိုင်းကိန်း စတာတွေကို မကြာခဏလွဲမှားခြင်း၊ အမြင်အာရုံထဲ ရှုပ်နေတတ်ခြင်း၊ နားမလည်ခြင်း
  • အတွက်အချက် လုံးဝမပါတဲ့ စာတွေ ကျက်မှတ်တဲ့အခါ မြန်နေသလောက် သင်္ချာတွက်တဲ့နေရာမှာ အရမ်းကြာနေတာ
  • စာနဲ့ သင်္ချာကို တွဲပြီး မမြင်တာ (ဥပမာ – နှစ် နဲ့ ၂ ကို တွဲပြီးမမြင်တာမျိုး)
  • ပုံသေနည်းတွေ၊ တွက်ဆယူရတဲ့ နေရာတွေမှာ စဉ်းစားရခက်ပြီး ဘာလုပ်ရမှန်းမသိတော့တာ
  • ကိုယ်တွက်ထားတဲ့ ပုစ္ဆာကို တခြားသူနားလည်အောင် မရှင်းပြတတ်တာ
  • သင်္ချာပုစ္ဆာရဲ့ တွက်ချက်ပုံအဆင့်တွေကို နားမလည်တာတွေပဲ ဖြစ်ပါတယ်။
  • ဘာကြောင့် ကလေးတွေမှာ Dysclaculia ပြဿနာဖြစ်လာရတာလဲ။

    ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များရှိခြင်း၊ ADHD စိတ်ဝေဒနာရှိခြင်း၊ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွယ်တဲ့ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တိကျတဲ့အကြောင်းရင်းမှန်ကို လက်ရှိအချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေမဲ့ ပညာရှင်တွေကတော့ တချို့ကလေးတွေဟာ လွတ်လပ်စွာတွေးခေါ်ခြင်းကို ကြိုက်နှစ်သက်တယ်၊ လက်ရှိပညာရေးစနစ်ရဲ့ သင်္ချာတွက်ချက်ပုံတွေဟာ ရှေးယခင်က လူတွေ ချမှတ်ထားတဲ့ စည်းမျဉ်း၊ နိယာမတွေ၊ တွက်ချက်ပုံတွေကို သင်ကြားပေးနေတာဖြစ်ပြီး သင်္ချာရဲ့ အနှစ်သာရကို ကလေးတွေ နားလည်သဘောပေါက်အောင် ရှင်းမပြနိုင်တာကြောင့်လို့ ယူဆထားကြပါတယ်။

    Dyscalculia ရှိ၊ မရှိ စစ်ဆေးခြင်း

    ကလေးတိုင်းက သင်္ချာဆို ကြောက်ကြတာပဲဖြစ်လို့ သင်္ချာမတွက်ချင်တိုင်း၊ သင်္ချာမတော်တိုင်း ဒီရောဂါပါလို့ ပြောလို့မရပါဘူး။

    ဒါပေမဲ့ အပေါ်မှာ ပြောထားခဲ့တဲ့ သင်ကြားရေးဆိုင်ရာ ချို့ယွင်းချက်လက္ခဏာတွေ ကိုယ့်ကလေးမှာ တွေ့ရတယ်ဆိုရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပြသကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ကလေးရဲ့ ကျန်းမာရေးအခြေအနေ၊ မိသားစုရဲ့ နောက်ခံသမိုင်းတွေနဲ့ ပတ်သက်ပြီး မိဘကိုရော သားသမီးကိုရော သီးခြားစီ မေးမြန်းသွားမှာဖြစ်ပါတယ်။

    အဲ့ဒီနောက်မှာ ကလေးကို သင်္ချာနဲ့ပတ်သက်တဲ့ ပုစ္ဆာတွေ၊ ဉာဏ်စမ်းမေးခွန်းတွေကို ပေးထားပြီး ကလေးရဲ့ တုံ့ပြန်ပုံ၊ မျက်နှာအမူအရာ၊ စိတ်အခြေအနေ၊ ရလဒ်ကို ကြည့်ပြီးမှသာ အဆုံးအဖြတ်ပေးနိုင်မှာပါ။

    Dyscalculia ကို ကုသခြင်း

    ပျောက်ကင်းအောင် ကုသခြင်းဆိုတာထက် ကလေးရဲ့ သင်ကြားမှုစွမ်းရည်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အရာတွေကို ကာကွယ်ထိန်းချုပ်ပေးတယ်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကလေးငယ်စဉ်ကတည်းက ဒီပြဿနာကို မထိန်းချုပ်ထားဘူးဆိုရင် အသက်ကြီးလာတဲ့အခါ လုပ်ငန်းခွင်၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲတဲ့နေရာမှာ အခက်အခဲများစွာ ကြုံလာရနိုင်ပါတယ်။

    ကလေးတွေအတွက် ကုသနည်းကို အိမ်နဲ့ ကျောင်းတွေမှာ ပြုလုပ်ပေးနိုင်ပြီး ဆရာဝန်ရဲ့ သတ်မှတ်ပေးထားတဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း မိဘတွေနဲ့ ဆရာမတွေက လုပ်ပေးရုံပါပဲ။ ဒါတွေကတော့

    • သင်္ချာရဲ့ အခြေခံသဘောတရားတွေ ဖြစ်တဲ့ ပေါင်းနှုတ်မြှောက်စား၊ ကိန်းဂဏန်းရေတွက်ခြင်းကို ကြိမ်ဖန်များစွာ လေ့ကျင့်စေခြင်း
    • တွက်ချက်တဲ့နေရာမှာ ဂဏန်းကို မှတ်ရလွယ်စေမယ့် အပိုင်းများ (ဥပမာ – ၃၄ ဆိုရင် ၃၀နဲ့ ၄ အဖြစ် ခွဲလိုက်ခြင်း) ဖြင့် ပိုတွက်ရလွယ်စေတဲ့ နည်းလမ်းတွေနဲ့ သင်ကြားပေးခြင်း
    • ရွယ်တူတခြားကလေးတွေနဲ့အတူ သင်္ချာတွက်စေခြင်း
    • ကိုယ့်ကလေး စာနားမလည်တဲ့အခါ လူကြီးတွေအစား ရွယ်တူအချင်းချင်း ရှင်းပြစေခြင်း
    • ကိန်းဂဏန်းတွေကို စာချည်းပဲ သင်တာထက် ရုပ်ပုံပန်းချီများဖြင့် သင်ကြားပေးခြင်း စတဲ့နည်းလမ်းတွေကို အဓိကလုပ်ပေးရမှာဖြစ်ပါတယ်။

    လူကြီးတွေအတွက် ကုသနည်းဟာ ကလေးတွေကို ကုသရသလိုတော့ လွယ်ကူမှာမဟုတ်ပါဘူး။ အဓိက ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ သင်္ချာတွက်ချက်ခြင်း အခြေခံ နိယာမတွေနဲ့ လေ့ကျင့်ခန်းတွေ၊ တွက်ချက်ရာမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေနဲ့အတူ လေ့ကျင့်ပေးမှာဖြစ်ပြီး သင်္ချာသီးသန့်သင်ပေးတဲ့ ဆရာနဲ့ အိမ်မှာသီးသန့်ခေါ်သင်တာမျိုးလည်း လုပ်ပေးလို့ရပါတယ်။

    အချုပ်အားဖြင့် ဆိုရရင် Dyscalculia သည် ကလေးဘဝမှာ စတင်ဖြစ်လာနိုင်တဲ့ သင်ကြားမှုဆိုင်ရာအခက်အခဲဖြစ်ပြီး ကုသရန်လွယ်ကူပါတယ်။ မကုသဘဲ ပစ်ထားမှသာ လူကြီးဖြစ်တဲ့အရွယ်ထိ ပါသွားပြီး အနာဂတ်မှာ ဒုက္ခဖြစ်ဖို့ ပိုများနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ပညာသင်ကြားတဲ့နေရာမှာ အခက်အခဲတွေ့နေတဲ့ပုံစံမျိုး မြင်ရတာနဲ့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ အမြန်ဆုံးတိုင်ပင်ပြသဖို့ အကြံပေးလိုက်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement