backup og meta

လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ

    ကျောင်းတက်ရင် ကျောပိုးအိတ် လှလှလေးနဲ့မှ တက်ချင်တယ်ဆိုတဲ့ သားသားမီးမီးတို့ကို ကျောပိုးအိတ် လှလှလေး မဝယ်ပေးခင် ဖေဖေမေမေတို့အနေနဲ့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်စေချင်ပါတယ်။ ကဲ …… လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    အသုံးများလာတဲ့ကျောပိုးအိတ်

    ကျောပိုးအိတ်တွေကို အရောင်အသွေးစုံစုံလင်လင်၊အရွယ်အစားအမျိုးမျိုး။ အသားအမျိုးမျိုး၊ဒီဇိုင်းအမျိုးမျိုးနဲ့ ထွက်ရှိနေတာကြောင့် ကလေးတွေဟာသူတို့ရဲ့ အသက်အရွယ်နဲ့ အလိုက်ရွေးချယ်နိုင်သလို သူတို့နှစ်သက်တဲ့ဒီဇိုင်းတွေကိုလည်းရွေးချယ်နိုင်ပါတယ်။

    ကျောပိုးအိတ်တော်တော်များများမှာကျောင်းသားတွေအနေနဲ့ စာအုပ်တွေနဲ့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူဆောင်လို့အဆင်ပြေစေဖို့ အကန့်တွေအများအပြားထည့်သွင်းပြုလုပ်ထားပါတယ်။ဘေးလွယ်အိတ်တွေ၊စလွယ်သိုင်းလွယ်လို့ရတဲ့ အိတ်တွေ၊ လက်ကနေပိုက်လို့ရတဲ့ အိတ်တွေ နဲ့ကျောပိုးအိတ်တွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ သန်မာတဲ့ကြွက်သားတွေဖြစ်တဲ့နောက်ကျောကြွက်သွား နဲ့ ဝမ်းဗိုက်ကြွက်သားတွေက အိတ်ရဲ့အလေးချိန်ကိုထောက်ပံ့ပေးနိုင်တာကြောင့်ကျောပိုးအိတ်လွယ်တာက အခြားအိတ်တွေထက် ပိုအဆင်ပြေပါတယ်။

    ကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်နဲ့လွယ်မယ်ဆိုရင်ကျောပိုးအိတ်ရဲ့အလေးချိန်က ခန္ဓါကိုယ်တစ်ခုလုံးအပေါ်မှာ သက်ရောက်မှာဖြစ်ပြီး အခြားအိတ်တွေလွယ်သလိုမျိုး ပခုံး၊ဂုတ်ပိုးတွေအပေါ်မှာ ဝန်ပိတာမျိုးဖြစ်ပေါ်နိုင်ခြေကိုလျော့ကျစေပါတယ်။

    တကယ်လို့များကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်မလွယ်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အရမ်းလေးလံအောင်ပစ္စည်းတွေထည့်ပြီးလွယ်ရင်ပဲဖြစ်ဖြစ် ကြွက်သားတွေနဲ့အဆစ်တွေအပေါ်မှာ ဝန်ပိတာမျိုးနဲ့ ခါးနာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    ဆရာဝန်တွေနဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ကလေးတွေကို သူတို့ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထက်ပိုများတဲ့ကျောပိုးအိတ်တွေကို မလွယ်ခိုင်းသင့်ပါဘူး၊ လို့ အကြံပြုထားပါတယ်။လေးလံတဲ့ကျောပိုးအိတ်ကို ပခုံးပေါ်မှာ ပုံသဏ္ဍန်မှန်မှန်မထားဘူးဆိုရင် အိတ်ရဲ့အလေးချိန်က ကလေးကိုနောက်ကိုဆွဲနေသလိုဖြစ်နေမှာဖြစ်ပါတယ်။ အလေးချိန်များလွန်းတဲ့ကျောပိုးအိတ်ကြောင့် ကလေးတွေမှာ လက်ပျဉ်ကိုင်းတာနဲ့ ခါးကိုင်းတာမျိုးတွေဖြစ်ပေါ်ခံစားရလာနိုင်ပါတယ်။ကျောရိုးပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဝန်ပိမှုက ပခုံး၊ဂုတ်ပိုးနဲ့ခါးနာတာတွေကိုဖြစ်ပေါ်စေပါတယ်။

    ပခုံးတစ်ဖက်တည်းမှာပဲကျောပိုးအိတ်ကို လွယ်တာက ပိုမိုလွယ်ကူအဆင်ပြေတယ်ဆိုပေမယ့်လို့ ပခုံးတစ်ဖက်တည်းမှာပဲ အလေးချိန်အများကြီးကိုလွယ်ထားတာက ခန္ဓါကိုယ်ကို တစ်ဖက်တည်းကိုကိုင်းနေစေတာမျိုးဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခါးနာတာ၊နောက်ကျောအောင့်၊ပခုံးနဲ့ဂုတ်ပိုးကြွက်သားတွေတောင့်တင်းနာကျင်တာမျိုးကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ကျောင်းသားတွေရဲ့ကျောပိုးအိတ်က ခန္ဓါကိုယ်အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းထက်မပိုသင့်ပါဘူး၊ လို့American Occupational Therapy Association က အကြံပြုထားပါတယ်။ ကိုယ်အလေးချိန်ပေါင် ၁၀၀ ရှိတဲ့ကျောင်းသားတစ်ဦးအနေနဲ့ ကိုယ်အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းမကျော်တဲ့ကျောပိုးအိတ်ကိုပဲ လွယ်သင့်ပါတယ်။

    လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ

    လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ ဆိုတော့

    • ကျောရိုးကိုင်းစေခြင်း

    ပခုံးပေါ်မှာလေးလံတဲ့အိတ်ကိုလွယ်ထားရတာက ကလေးကို အရှေ့ဘက်ကိုကိုင်းတာမျိုး၊ ဒါမှမဟုတ် တစ်ဖက်ဖက်ကိုကိုင်းတာမျိုးတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ပခုံးတစ်ဖက်တည်မှာ ကျောပိုးအိတ်ကို လွယ်မယ့်အစား ပခုံးနှစ်ဖက်မှာ မျှလွယ်တာက အလေးချိန်ကိုမျှတစွာ ထမ်းပိုးဖြစ်စေတာကြောင့် ကလေးကို ကျောရိုးကိုင်းတာနဲ့ လက်ပျဉ်ကိုင်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်လို့ American Occupational Therapy Association ကဆိုပါတယ်။

    • ကျောရိုးပေါ်မှာဝန်ပိခြင်း

    လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးရဲ့ ခန္ဓာကိုယ်ကို အရှေ့ဘက်ကိုကိုင်းတာ၊ကျောပိုးအိတ်ကို သယ်ဆောင်နိုင်ဖို့ ကိုယ်ကိုရှေ့ငိုက်ပြီး သယ်ဆောင်တာမျိုးတွေဖြစ်ပေါ်စေပါတယ်။ ထိုကဲ့သို့ အနေအထားမမှန်တဲ့ကိုယ်နေဟန်ထားတွေကကျောရိုးပေါ်မှာဝန်ပိတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်လို့ KidsHealth ကဖော်ပြခဲ့ပါတယ်။

    • ပခုံးနဲ့ ဇက်ပိုးမှာ နာကျင်မှုဖြစ်ပေါ်ခြင်း

    ကျောပိုးအိတ်ကြိုးက ကလေးရဲ့ ပခုံးနဲ့ ဇက်ပိုးမှာရှိတဲ့သွေးကြောတွေနဲ့ အာရုံကြောတွေအပေါ်မှာ ဖိအားဖြစ်စေနိုင်ပါတယ်။ အဆိုပါဖိအားကြောင့် လက်မောင်း၊လက်၊ခြေထောက်နဲ့ဇက်ပိုးမှာ နာကျင်တာနဲ့ တစစ်စစ် နာကျင်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ချုပ်ပုံ ချုပ်သားကောင်းမွန်တဲ့ကျေပိုးအိတ် သိုင်းကြိုးတွေက ဖိအားတွေအလွန်အကျွံသက်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်၊ လို့American Occupational Therapy Association ကဖော်ပြခဲ့ပါတယ်။

    • ကြွက်သားတွေနာကျင်ခြင်း

    ကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်မလွယ်ဘူးဆိုရင် နောက်ကျောကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို နာကျင်ဝန်ပိတာနဲ့ ထိခိုက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကျောပိုးအိတ်ကို ကြိုးရှည်ရှည်ထားပြီး လျော့ရဲရဲလွယ်မယ်ဆိုရင် အလေးချိန်က ခန္ဓာကိုယ်ကိုနောက်ဘက်ကိုဆွဲထားသလိုမျိုးဖြစ်နိုင်ပါတယ်။ ကျောပိုးအိတ်က ကလေးနဲ့ သင့်တော်တဲ့အရွယ်အစားမျိုးမဟုတ်ဘူးဆိုရင် အလေးချိန်က ကိုယ်ခန္ဓာတစ်ခုလုံးပေါ်မှာ မျှမျှတတသက်ရောက်တာမျိုးမဟုတ်ဘဲ မလိုအပ်ဘဲ ဝန်ပိတာမျိုးကိုဖြစ်စေနိုင်မှာဖြစ်ပြီး ကလေးကိုကြွက်သားနာကျင်မှုတွေခံစားရစေမှာဖြစ်ပါတယ်။

    • နာတာရှည်နောက်ကျောနဲ့ လည်ပင်းနာကျင်မှု

    လေးလံတဲ့ကျောပိုးအိတ်တွေက နောက်ကျောနာတာနဲ့ ခါးနာတာမျိုးတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ကျောပိုးအိတ်တွေကြောင့် ကိုယ်အနေအထားမမှန်တာမျိုးဖြစ်စေနိုင်သလို ခါးနာတာကိုလည်းပိုဆိုးစေနိုင်ပါတယ်။လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေကိုနောက်ကျောနာတာ၊ခါးနာတာနဲ့ လည်ပင်းနာကျင်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။

  • မတော်တဆထိခိုက်ဒဏ်ရာရစေနိုင်ခြင်း
  • လေးလံတဲ့ကျောပိုးအိတ်လွယ်ထားရတဲ့ ကလေးရဲ့ကျောပိုးအိတ်က မတော်တဆ အခြားကလေးတွေပေါ်ကိုပြုတ်ကျတာ၊ကျောပိုးအိတ်နဲ့ခိုက်မိတာမျိုးတွေဖြစ်မယ်ဆိုရင် ထိခိုက်ဒဏ်ရာရတာမျိုးတွေဖြစ်စေနိုင်ပါတယ်။လေးလံတဲ့ကျောပိုးအိတ်က ကလေးလမ်းလျှောက်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်စေပြီးချော်လဲတာမျိုး၊ ခလုတ်တိုက်လဲတာမျိုးတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

    • သင့်တော်တဲ့ကျောပိုးအိတ်ကိုဘယ်လိုရှာမလဲ

    အထက်မှာဖော်ပြခဲ့သလိုပြဿနာလေးတွေရှိပေမယ့်လည်း နည်းစနစ်မှန်မှန်အသုံးပြုမယ်ဆိုရင်ကျောပိုးအိတ်ကတော်တော်လေးအသုံးဝင်ပါတယ်။ကျောပိုးအိတ် တစ်အိတ်မဝယ်ခင်အရင်စဉ်းစားသင့်တာကကျောပိုးအိတ်ကိုဘယ်လိုချုပ်လုပ်ထားလဲဆိုတဲ့အချက်ပါ။

    မှန်ကန်တဲ့ကျောပိုးအိတ်ရွေးချယ်နည်းအချို့ကိုမျှဝေပေးလိုက်ပါတယ်။

    ပေါ့ပါးတဲ့ကျောပိုးအိတ်ကိုရွေးချယ်ပါ –ကျောပိုးအိတ်ထဲမှာ ကလေးကသူ့ရဲ့လိုအပ်တဲ့ စာအုပ်တွေနဲ့ ပစ္စည်းပစ္စယတွေကို ထည့် ရဦးမှာဖြစ်တာကြောင့်ကျောပိုးအိတ်ဝယ်တဲ့အခါပေါ့ပါးတဲ့အိတ်ကိုရွေးချယ်ဝယ်ယူပါ။ ဥပမာပြောပြရရင် သားရေအိတ်က အမြင်တင့်တင်ပေမယ့် မိုးရေကာဖျင်လိုအစနဲ့ ချုပ်ထားတဲ့ကျောပိုးအိတ်ကပိုပြီးပေါ့ပါးပါတယ်။

    ကျောပိုးအိတ်သိုင်းကြိုးနှစ်ခုအကြား အကွာအဝေးကျယ်တဲ့အိတ်ကိုရွေးချယ်ဝယ်ယူပါ –သိုင်းကြိုး နှစ်ခု တအားကပ်နေရင် ပခုံးပေါ်မှာဝန်ပိစေနိုင်တာကြောင့် သိုင်းကြိုး နှစ်ခုကြားအကွာအဝေးကျယ်တဲ့ အိတ်ကိုရွေးချယ်ဝယ်ယူပါ။

    အကန့်လေးတွေပါတဲ့ အိတ်ကိုဝယ်ပါ – အကန့်တွေပါတဲ့အိတ်ကဝန်ကိုတော့ပိုပေါ့မသွားစေပေမယ့် ကလေးကို ခဲတံ၊ပေတံစွန်းနဲ့ ချွန်ထက်တဲ့အရာတွေ စူးမိတာကနေတော့ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

    ခါးပတ်ကြိုးပါတဲ့ အိတ်ကိုရွေးချယ်ပါ –ခါးပတ်ကြိုးပါတဲ့ကျောပိုးအိတ်က အလေးချိန်ကို ခန္ဓာကိုယ် တစ်ခုလုံးဆီကိုအချိုးကျကျရောက်ရှိစေအောင် အထောက်အကူပြုပေးနိုင်တာကြောင့် ခါးပတ်ကြိုးပါတဲ့ အိတ်ကိုရွေးချယ်ပါ။

    အကန့်သေးသေးလေးတွေအများကြီးပါတဲ့ အိတ်ကိုရွေးချယ်ပါ –အိတ်မှာ အကန့်သေးသေးလေးတွေအများကြီးပါတာက အလေးချိန်ကို အိတ်တစ်ခုလုံးပြန့်နှံ့ရောက်ရှိအောင် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    မိဘတွေအနေနဲ့ကလေးတွေကို ဘာတွေလုပ်ပေးမလဲ

    • စာအုပ်တွေကိုကျောပိုးအိတ်ထဲထည့်ပြီး တစ်ချိန်လုံးသွားလာနေမယ့်အစားလော့ကာတွေနဲ့ အံဆွဲထဲမှာထည့်ထားဖို့ ကလေးတွေကိုပြောပြပေးပါ၊
    • ကလေးအနေနဲ့ လက်တော့ပ်၊ဆဲလ်ဖုန်း၊ဗီဒီယိုဂိမ်းလိုမျိုးကျောင်းသင်ခန်းစာနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေမယူဆောင်သွားအောင် စစ်ဆေးပါ၊
    • ကလေးရဲ့ အိမ်စာတွေကိုစစ်ဆေးပါ၊
    • ကျောပိုးအိတ်ကြောင့်နောက်ကျောနာတာတွေမဖြစ်အောင် မှန်ကန်တဲ့ကျောပိုးအိတ်လွယ်နည်းကလေးကိုသင်ကြားပေးပါ။ အိတ်ကလေးလံနေတယ်ဆိုရင်တောင်မှာ အရင်ဆုံး ဒူးကိုကွေးပြီး လက်နှစ်ဖက်နဲ့ အိတ်ကိုမိမိရရမပြီး ပခုံးပေါ်မှာလွယ်ပေးတာကကျောပိုးအိတ်လေးလံမှုကြောင့်နောက်ကျောနာတာတွေကို သက်သာစေမှာဖြစ်ပါတယ်။
    • ကျောပိုးအိတ်မှာပါတဲ့ အကန့်တွေအားလုံးသုံးပါ။ ဖတ်စာအုပ်တွေလိုမျိုးလေးလံတဲ့အရာတွေကိုကျောနဲ့အနီးဆုံးဗဟိုကျတဲ့နေရာမှာ ထည့်ဖို့ပြောပါ။

    သင်ကြားပေးသူတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲ

    ကလေးကိုကျောပိုးအိတ်လေးလံတာကြောင့် ဝန်ပိတာမျိုးမဖြစ်အောင် မိဘတွေပါဝင်လုပ်ဆောင်နိုင်သလိုကျောင်းတွေအနေနဲ့လည်းပါဝင်လုပ်ဆောင်ပေးနိုင်ပါတယ်။ကျောင်းတွေအနေနဲ့ ကလေးတွေကိုကျောပိုးအိတ်ကြောင့်ဝန်ပိတာမျိုးမဖြစ်အောင်လုပ်ဆောင်ပေးနိုင်မယ့် အချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။

    • ကလေးတွေကိုလော့ခ်ကာအသုံးပြုနိုင်စေဖို့ စာသင်ချိန်တစ်ချိန်နဲ့တစ်ချိန်ကြားမှာ အားလပ်ချိန်ပိုပေးပါ၊
    • စက္ကူဖုံးစာအုပ်တွေပဲအသုံးပြုခိုင်းပေးပါ၊
    • ကျောင်းသင်ခန်းစာတွေထဲမှာကျောပိုးအိတ်ကိုဘေးကင်းအောင်အသုံးပြုနိုင်မယ့်နည်းလမ်းလေးတွေထည့်သွင်းသင်ကြားပေးပါ၊
    • ကျောင်းရဲ့ ဝဘ်ဆိုက်ထဲမှာ စာသင်ချိန်အချိန်ဇယားတွေထည့်ပေးတာမျိုး လုပ်ဆောင်ပေးပါ၊

    တကယ်လို့များ ကလေးဟာ ခါးနာတာနဲ့ ခြေထောက်တွေ၊ လက်တွေထုံကျဉ်တာ၊ အားမရှိတာမျိုးတွေခံစားနေရမယ်ဆိုရင် ဆရာဝန် (သို့)ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ဆွေးနွေးတိုင်ပင်ပါ။

    အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေကိုဖတ်ရှုပြီး သားသား မီးမီးတွေအတွက်ျန်းမာရေးနဲ့ညီညွတ်စေမယ့်ကျောပိုးအိတ်လေးတွေကိုရွေးချယ်ဝယ်ယူနိုင်ပါစေကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement