backup og meta

ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော်

    ဆီးချိုသွေးချိုဆိုတာ လူကြီးတွေမှာ (အထူးသဖြင့် သက်ကြီးပိုင်းတွေ) မှာပဲ ဖြစ်တတ်တဲ့ရောဂါတစ်ခုလို့ ထင်ကြပါတယ်။ ခုခေတ် ဟိုမှာဒီမှာ ကြားရလွန်းလှတဲ့ ဆီးချိုရောဂါဆိုတာ တကယ်တော့ အရွယ်သုံးပါးမရွေးပါဘူးနော်။ သက်ကြီးပိုင်းတင်မကဘူး၊ လူငယ်၊လူလတ်မကျန် ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော် ။

    ဆီးချိုသွေးချိုရောဂါနှစ်မျိုးထဲမှာ မွေးရာပါဖြစ်တဲ့ အမျိုးအစား ၁ အန္တရာယ်အတွက်တော့ ကြိုတားဆီးလို့မရနိုင်ပေမယ့် အကြောင်းရင်းခံတချို့ကြောင့်နောက်ပိုင်းမှဖြစ်လာနိုင်တဲ့ အမျိုးအစား ၂ အတွက်တော့ ကြိုတင်ကာကွယ်လို့ရပါတယ်။ ပြဿနာက အမျိုးအစား ၂ ရဲ့လက္ခဏာကို မသိလိုက်တာမျိုးရှိတတ်တာပါပဲ။ အများစုကရောဂါတဖြည်းဖြည်းအဆင့်တက်လာတာကို မသိလိုက်ဘဲ လက္ခဏာလည်း သိပ်မတွေ့ရတတ်ပါဘူး။

    ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော်

    ကလေးမှာ အဖြစ်များတာက အမျိုးအစား (၁) ဆီးချိုရောဂါဆိုပေမယ့် တစ်ခါတလေ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ တခြားအမျိုးအစား ဆီးချိုရောဂါတွေ ဖြစ်နိုင်တာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာပေါ့။  ဒါကြောင့် ကိုယ့်ကလေးမှာ ဆီးချိုအန္တရာယ်ရှိမရှိကို သိနိုင်ဖို့ ဒီလက္ခဏာ (၆) ခုကို အဓိကသတိထားကြည့်သင့်ပါတယ်။ ကလေးက –

    (၁) ပုံမှန်ထက်ပိုပြီးမောပန်းအားကုန်လွယ်သလား

    ကလေးတွေ ကစားနေကျအတိုင်း နည်းနည်းပြေးလွှားဆော့လိုက်ရုံနဲ့ ကိုယ့်ကလေးက ပုံမှန်ထက် ပိုမောနေလား၊ နုံးချိပြီးခွေသွားရောပဲလား သတိထားကြည့်ပါနော်။ ကလေးပုံစံက ပုံမှန်ထက် တအားပိုပင်ပန်းနေပြီး အိပ်ချင်နေပုံရတယ်ဆိုရင် သွေးတွင်းသကြားဓာတ်အပြောင်းအလဲကြောင့် အားကုန်နွမ်းနယ်နေတာဖြစ်နိုင်ပါတယ်။

    (၂) ခဏခဏ ဆီးသွားနေလား

    သွေးထဲမှာရှိတဲ့ သကြားဓာတ်ပမာဏက လွန်ကဲနေရင် ခန္ဓာကိုယ်က ပိုလျှံနေတဲ့သကြားဓာတ်တွေကို ဆီးနဲ့အတူ စွန့်ထုတ်လေ့ရှိပါတယ်။ ဒါဆို ကလေးက ခဏခဏ ရှူးပေါက်တာ၊ ဆီးအများကြီးသွားတာ (ပုံမှန်ထက်ပိုပြီး) တွေဖြစ်လာပါလိမ့်မယ်။

    (၃)ရေတအားတောင်းနေလား

    ခဏနေ သောက်ချင်ပြန်ပြီ၊ ခဏနေ ရေတောင်းသောက်ပြန်ပြီ၊ ပုံမှန်ထက်ပိုပြီး ရေဆာနေတတ်တဲ့ကလေးတွေမှာ သွေးတွင်းသကြားဓာတ်မြင့်နေလို့ ဖြစ်နိုင်ပါတယ်။

    (၄) အချိန်တိုင်းလိုလို ဆာနေသလား

    ဆီးချိုရောဂါရှိတဲ့ကလေးတွေမှာ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေ လုပ်ဆောင်ချက်ကောင်းမွန်စေဖို့ အားဖြည့်ပေးမယ့် အင်ဆူလင်တုံ့ပြန်နိုင်စွမ်း မကောင်းတာ တွေ့ရပါတယ်။ ဒါကြောင့် လေးတွေက ဆာလောင်မှုကို အရင်ကထက်ပိုပြီးမကြာခဏခံစားမိကြပါတယ်။ ဆာလောင်မှုနဲ့ စားချင်သောက်ချင်စိတ်လွန်ကဲတဲ့ ဒီအခြေအနေကို polyphagia သို့မဟုတ် hyperphagia ဖြစ်တယ်လို့ ခေါ်ပါတယ်။

    (၅) ထိခိုက်ဒဏ်ရာတွေ အနာကျက်နှေးသလား

    ကလေးမှာဖြစ်လာတဲ့ အနာလေးတွေ ဒါမှမဟုတ် ထိခိုက်ပွန်းပဲ့တာလေးတွေမှာ အနာတော်တော်နဲ့မကျက်တာ၊ သေချာဂရုစိုက်လည်း အနာကျက်နှေးနေတာတွေက အမျိုးအစား၂ ဆီးချိုရောဂါရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။

    (၆) အသားအရေ ညစ်လာသလား

    အင်ဆူလင်ရဲ့ တုံ့ပြန်လုပ်ဆောင်နိုင်စွမ်းမကောင်းတာက အသားအရောင်ကို ညစ်စေပါတယ်။ အထူးသဖြင့် ချိုင်းနဲ့ လည်ပင်းအသားအရေကိုပေါ့။ ကလေးမှာ အမျိုးအစား ၂ ဆီးချိုရောဂါရှိနေရင် အသားအရေက အရင်လိုမဟုတ်ဘဲ ညိုညစ်ညစ်ဖြစ်လာတဲ့နေရာတွေ ရှိလာတတ်ပါတယ်။

    ဘာကြောင့်ဖြစ်ရသလဲ

    ဆီးချိုရောဂါဖြစ်လာစေတဲ့အကြောင်းရင်းထဲမှာ မိသားစုမျိုးရိုးနဲ့ မျိုးဗီဇတို့ ပါဝင်နေပေမယ့် လှုပ်ရှားမှုနည်းခြင်း၊ အဆီပိုများနေခြင်း(အထူးသဖြင့် ဝမ်းဗိုက်အဆီ)၊ အစားအသောက်နဲ့နေထိုင်မှုပုံစံတို့ကလည်း အရေးပါတဲ့အချက်တွေဖြစ်ပါတယ်။ မွေးရာပါမဟုတ်တဲ့ အမျိုးအစား ၂ ဆီးချိုရောဂါအန္တရာယ်ဖြစ်နိုင်ခြေများစေနိုင်တဲ့အချက်တွေက –

  • ကိုယ်အလေးချိန် ကိုယ်အလေးချိန်များနေတာက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်စေနိုင်တဲ့အဓိကအန္တရာယ်အချက်ဖြစ်ပါတယ်။ ကလေးမှာ အဆီတစ်ရှူးတွေ ပိုများလေ ကိုယ်တွင်းဆဲလ်တွေအတွက် အင်ဆူလင်လုပ်ဆောင်နိုင်စွမ်း ပိုအဆင်မပြေလေဖြစ်ပါတယ်။
  • လှုပ်ရှားမှုနည်းခြင်း– ကလေးကပြေးလွှားကစား လှုပ်ရှားမှုနည်းလေ ဆီးချိုအန္တရာယ်ကြီးမားလေဖြစ်ပါတယ်။ ဥပမာ အထိုင်များပြီး တီဗီကြည့်၊ ဂိမ်းဆော့နေတတ်တဲ့ ကလေးတွေမှာ ပိုအန္တရာယ်များပါတယ်။ ကလေးပီပီပြေးလွှားဆော့ကစားနေမှ ကိုယ်အလေးချိန်ကိုထိန်းနိုင်မယ်၊ ဂလူးကို့စ်တွေကို အားအဖြစ်ပြောင်းလဲနိုင်မယ်၊ ဆီးချိုရန်က ကာကွယ်နိုင်မယ်လေ။
  • မိသားစုမျိုးရိုးမိသားစုထဲက အဖေအမေ၊မောင်နှမတွေမှာ ဆီးချိုရှိနေရင် ကလေးမှာ ဆီးချိုအန္တရာယ် သတိထားရပါမယ်။
  • မွေးစ ကိုယ်အလေးချိန်နဲ့ ကိုယ်ဝန်ဆောင်ဆီးချို မွေးစကပေါင်မပြည့်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်က မိခင်မှာကိုယ်ဝန်ဆောင်ဆီးချိုရှိခဲ့ခြင်း တို့က ကလေးမှာ အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။
  • ကလေးကို ဆီးချိုအန္တရာယ် ကာကွယ်ရအောင်

    ကလေးကို ဆီးချိုမဖြစ်စေဖို့ အဓိကအားဖြင့် ဒီသုံးချက်နဲ့ကာကွယ်ပေးနိုင်ပါတယ်။

    • ကလေးရဲ့ အစာအာဟာရကို ကျန်းမာရေးနဲ့ညီညွတ်အောင် လုပ်ပါ။ ကလေးဆိုတာ အရသာရှိတာကြိုက်ပြီး သူတို့နှစ်သက်တာဆို မရပ်မနားစားလေ့ရှိတာကြောင့် ကိုယ်ကဘေးကထိန်းပေးပါ။ ဖွံ့ဖြိုးကြီးထွားမှုအတွက်အထောက်အကူဖြစ်မယ့် ဖြည့်စွက်အာဟာရတွေ၊ သစ်သီးတွေ၊ အသီးအရွက်တွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ ပရိုတင်းရမယ့်အစားအစာတွေလို အဆီနည်းပြီး အာဟာရပြည့်တဲ့အစားအစာတွေ စားဖြစ်အောင် အားပေးပါ။ စားချင်အောင် ဖန်တီးပေးပါ။ ဒါမှ ကလေးမှာ အဆီပိုတွေမများအောင်၊ အဝမလွန်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
    • အချိုစားသုံးမှု ထိန်းပေးပါ။ သကြားလုံး၊ ဂျယ်လီ၊ အချိုရည်တွေဆို ကလေးစာ လို့တောင်ပြောကြတဲ့အထိ ကလေးတွေက အချိုကြိုက်ကြပါတယ်။ ကလေးတွေက အချိုဓာတ်များတဲ့ အားဖြည့်အချိုရည်၊ ရေခဲချောင်း၊ ရေခဲမုန့် စသည်ဖြင့် အချိုများတာတွေပဲ တောင့်တကြတော့ အလိုလိုက်ပြီး အလွန်အကျွံ သို့မဟုတ် အမြဲမကျွေးမိဖို့ ဂရုစိုက်ပါ။ ဒီနေ့ဒါကျွေးရင် အချိုများတာထပ်မကျွေးမိဖို့ သတိထားတာ၊ သူစားချင်တဲ့မုန့်ကိုအိမ်မှာပဲ ဘေးကင်းအောင်ကိုယ်တိုင်လုပ်ကျွေးတာလိုမျိုး မိဘက ဉာဏ်ရှိသလို ထိန်းပေးလို့ရပါတယ်။
    • ကလေးကို လှုပ်လှုပ်ရှားရှားနေဖြစ်အောင် ဖန်တီးပေးပါ။ ကိုယ့်ကလေးက အငြိမ်မနေတဲ့ အမွှေစိန်လေးဖြစ်နေရင် ဝမ်းသာလိုက်ပါ။ ဖုန်း သို့မဟုတ် တက်ဘလက်ပေးပြီး ဂိမ်းပေးဆော့တာ၊ တီဗီဖွင့်ပြထားလိုက်တာလိုမျိုး ငြိမ်နေအောင်ထားတာထက်စာရင် တက်တက်ကြွကြွ လှုပ်ရှားကစားနေအောင် ဖန်တီးပေးသင့်ပါတယ်။ ကိုယ်ကပါ အတူကစားပေးနိုင်ရင် ပိုကောင်းပါတယ်။ ဖွံ့ဖြိုးကြီးထွားမှုအတွက် အထောက်အကူဖြစ်စေတဲ့အပြင် ကိုယ်လက်လှုပ်ရှားမှုကြောင့် ဆီးချိုအန္တရာယ် ကာကွယ်ပြီးသားဖြစ်စေနိုင်ပါတယ်။

    ကလေးမှာ ကိုယ်အလေးချိန်များနေပြီး ဆီးချိုဖြစ်စေနိုင်တဲ့ အန္တရာယ်အချက်တွေရှိနေပြီဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးမှုခံယူပါ။ အကြံပြုချက်တွေအတိုင်း လိုက်နာပြီး ကလေးရဲ့နေထိုင်စားသောက်မှုပုံစံကို ကူညီပြောင်းလဲပေးလိုက်ပါ။ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေကို ရောဂါကင်းဝေးပြီး ကျန်းမာစွာကြီးထွားဖွံ့ဖြိုးနိုင်အောင် ဖန်တီးပေးနိုင်ရင် ဘာနဲ့မှလဲမရတဲ့ မိဘတွေရဲ့ပီတိပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement