backup og meta

အကြမ်းပတမ်း ရုပ်ရှင်တွေကြည့်ခြင်းက ကလေးတွေကို ထိခိုက်စေသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကြမ်းပတမ်း ရုပ်ရှင်တွေကြည့်ခြင်းက ကလေးတွေကို ထိခိုက်စေသလား

    ဒါဟာ လူတွေကြားထဲမှာ ပြောစရာ ဖြစ်နေခဲ့တာ ကြာပါပြီ။ သိပ်ပြီး မတွေးတတ်၊မခေါ်တတ်တဲ့ ခပ်ရိုးရိုးလူတယောက်အနေနဲ့ ဆိုရင်တောင် ဒီလိုမျိုး ရုပ်ရှင်တွေ၊ဇာတ်လမ်းတွေထဲမှာ ကြမ်းပြရမ်းပြနေတာတွေဟာ ရေရှည်မှာ ဆိုးကျိုးတွေကို ဖြစ်လာစေမယ်ဆိုတာ နားလည်ပါတယ်။ အလွယ်ဆုံး ပြောရရင် အကြမ်းပတမ်းလုပ်ရပ်တွေကနေ အကြမ်းပတမ်းအကျိုးဆက်တွေပဲ ဖြစ်လာပါလိမ့်မယ်။

    စိတ်ပညာရှုထောင့်အရ အကျိုးသက်ရောက်မှု

    ကလေးငယ်တွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို လေ့လာရင်းနဲ့ အရွယ်ရောက်လာတာ ဖြစ်ပါတယ်။ ကလေးတွေဟာ အဖြူထည်လေးတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရေးခြယ်လိုက်သမျှ အရောင်တွေဟာ သူတို့လေးတွေရဲ့ နုနယ်လှတဲ့ စိတ်ထဲမှာ စွဲသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့သလိုမျိုး ကြမ်းတမ်းရက်စက်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကလေးတွေကို ကြိမ်ဖန်များစွာ ထိတွေ့စေတဲ့အခါ ဆိုးရွားတဲ့၊မလိုလားအပ်တဲ့ အကျိုးဆက်တွေကို မလွှဲမရှောင်သာ ကြုံတွေ့လာရတော့မှာပဲ ဖြစ်ပါတယ်။ တွေ့ရလေ့ရှိတဲ့ စိုးရိမ်စရာ လက္ခဏာတွေကတော့ ရန်လိုလာတာ၊လက်တွေ့ပြင်ပက အကြမ်းဖက်ရက်စက်မှုတွေကို ဘယ်လိုမှ မခံစားရတော့တာ၊တီဗီမှာပါတဲ့ ရက်စက်အကြမ်းဖက်မှုတွေအတိုင်း အပြင်မှာတကယ်လိုက်လုပ်ဖို့ ကြိုးစားတာ စတာတွေပဲ ဖြစ်ပါတယ်။”Jack Ass” လို့ ခေါ်တဲ့ ၂၀၀၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားထဲမှာ ပါတဲ့ စတန့်ပြကွက်တွေ၊ကြမ်းတမ်းမှုတွေအတိုင်း လိုက်လုပ်ဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ လူငယ်တွေ တကယ်ပဲ ရှိခဲ့ပါတယ်။

    နောက်ဆက်တွဲ ဖြစ်လာမယ့်အရာတွေကို သိပ္ပံနည်းကျ ချဉ်းကပ်ခြင်း

    “လေ့လာသုတေသန ပြုမှုပေါင်း တစ်ထောင်ကျော်အရ ပြောနိုင်တာက ရုပ်သံတွေ၊ဇာတ်လမ်းတွေမှာပါဝင်တဲ့ ကြမ်းတမ်းသတ်ဖြတ်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်နှစ်သက်စွာ ခဏခဏ ကြည့်ရှုမယ်ဆိုရင် တချို့ကလေးတွေမှာ အကြမ်းဖက်ရန်လိုတဲ့ အမူအကျင့်တွေပေါ်လာမယ်၊ရက်စက်ကြမ်းကြုတ်တဲ့ အမူအကျင့်တွေကို ရွံရှာစက်ဆုပ်ရမှန်းမသိတော့ဘူး။ ကမ္ဘာကြီးဟာ ရိုင်းစိုင်းပြီး ကြောက်ဖို့ကောင်းတဲ့ နေရာကြီးပါလားလို့ စိတ်ထဲစွဲသွားမယ် အစရှိတဲ့ အကျိုးဆက်ဆိုးဆိုးရွားရွားတွေ ဖြစ်ပေါ်လာစေလိမ့်မယ်” လို့ ကလေးသူငယ်ဆိုင်ရာ သုတေသနပညာရှင်တွေက ဆိုပါတယ်။ ဟုတ်ပြီ၊ ဒါဖြင့် တချို့ကလေးတွေက ဘာလို့ဒီလိုအမူအကျင့်တွေ ပေါ်ပေါက်လာရတာလဲ။ ရှင်းရှင်းလေးပါ၊ အကြမ်းဖက်၊ရက်စက်ကြမ်းကြုတ်တာတွေကို ဖောဖောသီသီကြီး မြင်တွေ့နေရလို့ ဖြစ်ပါတယ်။ ကလေးတယောက်အနေနဲ့ အကြမ်းပတမ်း၊ရက်စက်သတ်ဖြတ်မှုတွေကို ရုပ်သံတွေ၊အင်တာနက်တွေကတဆင့် တချိန်လုံးအလွယ်တကူ ကြည့်နေလေ့ရှိတယ်ဆိုပါစို့။ ကြာလာတဲအခါ ဒီလိုမျိုး ရိုင်းစိုင်းကြမ်းကြုတ်တာတွေဟာ ပုံမှန်အရာပဲလို့ သူ့စိတ်ထဲ စတင်ပြီး ထင်မြင်ယူဆလာပါတော့တယ်။ ဒီလို ယူဆလိုက်တာနဲ့ တပြိုင်နက် ရက်စက်သတ်ဖြတ်မှုတွေဟာ သူ့အတွက် မထူးဆန်းတော့တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် သဘာဝတခု ဖြစ်လာပါတယ်(အရှေ့အရပ်က နေထွက်တာကို မြင်တဲ့အခါ မအံ့ဩသလိုပေါ့)။ ပိုအရေးကြီးတဲ့အချက်က ကြမ်းတမ်းရိုင်းစိုင်းမှုတွေဟာ ပုံမှန်ပဲလို့ ယူဆလိုက်တဲ့ ကလေးဟာ အဲဒီအချိန်ကစပြီး အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ပဲ တုံ့ပြန်ပါတော့မယ်။ ဒီလို ရန်လို၊ကြမ်းတမ်းတဲ့ အမူအကျင့်ဟာ အသက်ကြီးလာတဲ့အခါ ပြင်ဖို့ အင်မတန် ခက်သွားပါပြီ။

    အကြမ်းပတမ်းသတ်ဖြတ်ရိုက်ပုတ်တာတွေပါတဲ့ ဇာတ်ကားတွေ၊ရုပ်သံအစီအစဉ်တွေဟာ ဆိုးကျိုးတွေ မဖြစ်စေပါဘူးလို့ ဘယ်ထုတ်လုပ်သူတွေကများ အာမခံနိုင်မှာလဲ။ ဒီလို အစီအစဉ်တွေ၊ဇာတ်ဝင်ခန်းတွေကို မိဘတွေကလည်း ပေးမကြည့်သင့်ပါဘူး။ ကလေးတွေကြည့်တဲ့ ရုပ်ရှင်တွေ၊အစီအစဉ်တွေကို မိဘတွေက ရွေးချယ်ပေးပါ။ ကလေးတွေကြည့်နေတဲ့ အရာတွေကို စောင့်ကြည့်ကွပ်ကဲဖို့ အစီအစဉ်တွေ၊စည်းမျဉ်းတွေ ရေးဆွဲထားပါ။ ဒါ့အပြင် ကလေးတွေနဲ့ အတူတီဗီကြည့်ပေးခြင်းဟာ သူတို့လေးတွေအတွက် သင့်တော်တဲ့ အစီအစဉ်တွေ၊ရုပ်ရှင်တွေကို ရွေးချယ်ပေးနိုင်တဲ့အပြင် မိသားစုဝင်တွေအကြားမှာ ချစ်ခင်ရင်းနှီးမှုကိုလည်း တိုးလာစေမှာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ဖျော်ဖြေရေးအစီအစဉ်တွေမှာသာမက သတင်းအစီအစဉ်တွေမှာလည်း အကြမ်းဖက်မှုတွေကို မြင်တွေ့ရနိုင်တာမို့ အကြမ်းဖက်၊ရက်စက်ကြမ်းကြုတ်ခြင်းရဲ့သဘောသဘာဝ၊ကမ္ဘာကြီးကို ဘယ်လိုထိခိုက်စေတယ် ဆိုတဲ့အကြောင်းကို ကလေးတွေ သဘောပေါက်နားလည်အောင် ရှင်းပြထားရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒါမှ ကလေးငယ်အနေနဲ့ ရောထွေးခြင်းမရှိဘဲ သေသေချာချာ သဘောပေါက်နားလည်လာမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တီဗီရဲ့ ကောင်းတဲ့အချက်လေးတွေတော့လည်း ရှိပါသေးတယ်။ သဘာ၀ တောတောင်ရေမြေ စူးစမ်းလေ့လာရေး အစီအစဉ် ကဲ့သို့သော ရုပ်သံလိုင်းတွေကနေ များပြားလှတဲ့ ဗဟုသုတ အသစ်အဆန်းတွေကို ကလေးတွေအနေနဲ့ ရရှိမှာ အသေအချာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement