backup og meta

သင့်ကလေးမှာ စိတ်ကူးယဉ်သူငယ်ချင်းတယောက်ရှိနေပြီဆိုရင် ဘာလုပ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးမှာ စိတ်ကူးယဉ်သူငယ်ချင်းတယောက်ရှိနေပြီဆိုရင် ဘာလုပ်မလဲ

    မိဘအတော်များများဟာ သူတို့ရဲ့ ကလေးတွေဟာ မမြင်ရတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောနေတာ ဒါမှမဟုတ် ဆော့ကစားနေတာမျိုးကို

    တွေ့ဖူးကြမှာပါ။ ဒါဟာ ပုံမှန်မဟုတ်တဲ့အတွက် မိဘတွေအနေနဲ့ စိုးရိမ်မှုတွေရှိမှာဖြစ်သလို ဒါဟာဘာဖြစ်တာများလဲလို့ သိချင်ကြမှာလည်းအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့လည်း မစိုးရိမ်ပါနဲ့။ သင့်ဘေဘီလေးအနေနဲ့ စိတ်ကူးယဉ်သူငယ်ချင်းတယောက် ရနေတာလည်း ဖြစ်နေနိုင်ပါတယ်။

    ဒါဟာ ကလေးသဘာဝမျှသာ ဖြစ်ပါတယ်

    အသက်နှစ်နှစ်ခွဲအရွယ် ကလေးလေးတွေမှာ စိတ်ကူးယဉ်သူငယ်ချင်းလေးတွေ ရှိတတ်ကြတယ်လို့လေ့လာမှုတခုက ဆိုပါတယ်။ ဒါဟာလက်တွေ့ဘဝကို ကျော်လွန်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတရပ်ဖြစ်တယ်လို့ပြောလေ့ရှိကြပါတယ်။ ကလေးတွေရဲ့ စိတ်ကူးယဉ်သူငယ်ချင်းလေးတွေဟာ သူတို့လေးတွေသိတဲ့ သူတယောက်ယောက် ဒါမှမဟုတ် ပုံပြင်ထဲ၊ တီဗီထဲက ဇာတ်ကောင်တယောက်ယောက် ဖြစ်နိုင်သလို လုံးဝစိတ်ကူးယဉ်ဖန်တီးထားတာလည်းပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုစိတ်ကူးယဉ်သူငယ်ချင်းရှိခြင်းဟာ ကလေးတွေအပေါ်ဘယ်လိုလွှမ်းမိုးမှုရှိစေနိုင်သလဲဆိုတာကိုတော့ ကလေးငယ်များဖွံ့ဖြိုးမှုဆိုင်ရာကျွမ်းကျင်သူတွေက ဆွေးနွေးလေ့လာနေကြဆဲ ဖြစ်ပါတယ်။ တချို့တွေက ဒါဟာဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတခုလို့ယူဆကြသလို တချို့တွေကျပြန်တော့လည်း ဒါဟာကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့သဘာဝမျှသာလို့ပြောကြပြန်ပါတယ်။

    ဘာလို့ ဒီလိုအခြေအနေမျိုး ဖြစ်ပေါ်လာတာလဲ။

    ကလေးတွေက ဘာလို့စိတ်ကူးယဉ်သူငယ်ချင်းတွေကိုဖန်တီးရတာလဲ။ အကြောင်းရင်းတွေ အများကြီးရှိနေပါတယ်။ သင်ညတိုင်း ဖတ်ပြလေ့ရှိတဲ့ အိပ်ယာဝင်ပုံပြင်တွေဟာ သူတို့လေးတွေရဲ့ နူးညံ့အပြစ်ကင်းစင်လှတဲ့ စိတ်အပေါ်အများကြီးလွှမ်းမိုးမှုရှိစေပါတယ်။ ဒါကြောင့် ကလေးတွေဟာသူတို့ပုံပြင်ထဲကတဆင့်သိခဲ့ရတဲ့ နတ်သမီး၊ နတ်သားလေးတွေ၊ ဟယ်ရီပေါ်တာလို စုန်းကဝေလေးတွေ၊ ဖရိုဒိုလို hobbit လေးတွေ၊သူရဲကောင်းတွေ၊ စွမ်းအားရှင်တွေကို အပြင်မှာတကယ်ရှိနေတယ်လို့ ယုံကြည်လာပြီးသူတို့လေးတွေရဲ့သူငယ်ချင်းအဖြစ် ဖန်တီးလာပါတော့တယ်။ တခါတလေကျပြန်တော့လည်း သင့်ရင်သွေးလေးဟာ အထီးကျန်ပြီးခံစားချက်လေးတွေရှိနေတဲ့အခါ သူတို့မှာရင်ဖွင့်ဖို့၊ စကားပြောဖို့အဖော်လိုအပ်လာပါတယ်။ ဒီလိုနဲ့သူတို့လေးတွေ စိတ်အားငယ်ချိန်မှာ အားပေးနှစ်သိမ့်ပေးနိုင်သလို ပြောသမျှကိုလည်း နားထောင်ပေးမယ့်စိတ်ကူးယဉ်သူငယ်ချင်းလေးတယောက်ထွက်ပေါ်လာပါတယ်။

    စိတ်ကူးယဉ်သူငယ်ချင်းဟာ ကလေးတွေရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အလိုကျမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်အားငယ်မှု၊ သူတို့လေးတွေရဲ့အကြိုက်အစရှိတဲ့ကလေးတွေရဲ့ အတွင်းစိတ်ကို ထင်ဟပ်စေပါတယ်။ လေ့လာမှုအများအပြားအရစိတ်ကူးယဉ်သူငယ်ချင်းတွေနဲ့ စကားပြောလေ့ရှိတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် ဘာသာစကားစွမ်းရည် ပိုမိုတိုးတက်လာသလို အသိပညာဗဟုသုတ ရယူနိုင်စွမ်းလည်း ပိုမိုလျင်မြန်မြင့်မားတယ်လို့သိရပါတယ်။

    ဒီတော့ ကောက်ချက်ချနိုင်တာကသင့်ကလေးမှာစိတ်ကူးယဉ်ကမ္ဘာထဲက သူငယ်ချင်းတွေရှိနေပြီဆိုရင် သူတို့လေးတွေအနေနဲ့စိန်ခေါ်မှုတွေ၊အဆင်မပြေမှုတွေ(ဥပမာ- ပတ်ဝန်းကျင်အသစ်နဲ့နေသားကျအောင် နေနေရတာမျိုး)နဲ့ရင်ဆိုင်နေရတာကြောင့် ဖြစ်ဖို့များပါတယ်။

    ဒီလိုအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲ။

    သင့်အနေနဲ့ကလေးမှာစိတ်ကူးယဉ်သူငယ်ချင်းရှိနေတယ်ဆိုတာကို လက်ခံသင့်ပါတယ်။ တကယ်လို့သင့်အနေနဲ့လက်မခံဘဲနေမယ်ဆိုရင် ဒီအခြေအနေဟာ ဖြစ်သင့်တာထက် ပိုပြီးကြာသွားပါလိမ့်မယ်။ ဒီတော့ သင့်အနေနဲ့လုပ်သင့်တာကသူတို့လေးတွေရဲ့ စိတ်ကူးယဉ်မှုကိုလက်ခံပေးပြီး စောင့်ကြည့်နေဖို့ပါ။ မကြာခင်မှာ သူတို့ဒီအကြောင်းကို မေ့သွားပါလိမ့်မယ်။ ဒါ့အပြင် သင့်အနေနဲ့ဒီအခြေအနေကိုအသုံးချပြီး သင့်ကလေးရဲ့စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်ပါသေးတယ်။ စိတ်ကူးယဉ်သူငယ်ချင်းလေးအတွက် လုပ်ပေးတယ်ဆိုပြီး နိစ္စဓူဝလုပ်ရမယ့်တချို့လွယ်ကူတဲ့တာဝန်လေးတွေကို ခိုင်းပေးပါ (အိပ်ရာသိမ်းခိုင်းတာစသဖြင့်ပေါ့)။

    တကယ်လို့သင့်ကလေးအနေနဲ့စိတ်ကူးယဉ်သူငယ်ချင်းနဲ့ပဲ တချိန်လုံးစကားပြောနေတယ်ဆိုရင်တော့ ရင်သွေးလေးဘာတွေတွေးနေလဲဆိုတာ သိအောင်လုပ်ပါ။ သားသားမီးမီးတို့ဘာတွေးနေလဲဆိုတာပဲ သိချင်တာဖြစ်ပြီး သူငယ်ချင်းဘာတွေးနေလဲ သိချင်တာမဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းပြောပြပါ။ တခါတလေ သင့်ကလေးအနေနဲ့သူတို့အခန်းကို ပွရှုပ်ဗြောင်းဆန်နေအောင်လုပ်ထားပြီး မမြင်ရတဲ့သူငယ်ချင်းကိုအပြစ်ပုံချမယ်ဆိုရင် စိတ်မဆိုးပါနဲ့၊ ဒေါသတကြီးမဆူပါနဲ့။ အဲ့ဒီလိုလုပ်မယ့်အစား “သားသား/မီးမီးရဲ့သူငယ်ချင်းဟာ အခန်းကိုရှင်းပေးနိုင်မှာမဟုတ်တဲ့အတွက် ကိုယ့်ဖာသာရှင်းရမယ်” ဆိုတဲ့အကြောင်းကို နားဝင်အောင်ပြောပြပါ။ စိတ်ဆိုးဒေါသထွက်ရတာက လွယ်ပါတယ်။ ပိုအရေးကြီးတဲ့အချက်က ထိခိုက်ဒါဏ်ရာရမှု ဒါမှမဟုတ် စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်အခြေအနေတခုခုကြောင့်လည်း တချို့ကလေးတွေမှာ စိတ်ကူးယဉ်သူငယ်ချင်း ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးလို့သင်ထင်တယ်ဆိုရင်တော့ သင့်အနေနဲ့ကလေးစိတ်ပညာရှင် ဒါမှမဟုတ် အတိုင်ပင်ခံကျွမ်းကျင်သူတွေနဲ့ဆက်သွယ်ပြီး ပြသ အကူအညီတောင်းခံသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement