backup og meta

ကလေးသူငယ်များ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်တိုက်ခိုက်မှုခံနေရသည်ကို သိနိုင်မည့်လက္ခဏာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးသူငယ်များ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်တိုက်ခိုက်မှုခံနေရသည်ကို သိနိုင်မည့်လက္ခဏာများ

    ဒီနေ့ခေတ်တွေမှာ ကလေးတွေက နည်းပညာဆိုင်ရာပစ္စည်းတွေ နဲ့ လူမှုကွန်ရက်တွေမှာ အချိန်ကုန်ဆုံးမှုများလာတာနဲ့အမျှ သူတို့တွေကို အွန်လိုင်းကနေ တိုက်ခိုက်အနိုင်ကျင့်နိုင်မှုတွေလည်း မြင့်တက်လာပါတယ်၊ သင့်ရဲ့ကလေးက အနိုင်ကျင့်ခံနေရသူဖြစ်နေပြီလားဆိုတာကို မသိနိုင်သေးခင်မှာတင် အွန်လိုင်းပေါ်မှာအနိုင်ကျင့်တိုက်ခိုက်ခံရခြင်းက တကယ့်လက်တွေ့ဘဝမှာ အနိုင်ကျင့်ခံရခြင်းထက် မလျော့နည်းတဲ့ အရေးကြီးပြဿနာတစ်ခုဖြစ်လို့နေပါပြီ။

    အွန်လိုင်းပေါ်ကနေတိုက်ခိုက်အနိုင်ကျင့်ခံရခြင်းတွေမှာ ခြိမ်းခြောက်စာတွေ၊ ဆိုးရွားပြီး စော်ကားတဲ့ စကားလုံးတွေ ပုံတွေကို ဖေ့စ်ဘုတ်ခ်၊ အင်စတာဂရမ် စသည့်အမျိုးမျိုးသော မီဒီယာတွေကနေတဆင့် ပေးပို့ခံရတာတွေပါဝင်နိုင်ပါတယ်။ ဒါ့အပြင် သင့်ကလေးဟာ သူတို့ရဲ့ရှက်ဖွယ်ပုံတွေကို တခြားသောအွန်လိုင်းအသုံးပြုသူတွေရဲ့ လိုက်ခ်ပေးခံရခြင်း၊ မျှဝေခံရခြင်းတွေအားဖြင့် များစွာသောအွန်လိုင်းအသုံးပြုသူတွေဆီမှာ အနိုင်ကျင့်ခံရသူတစ်ဦးဖြစ်နေနိုင်သလို ၊ ဆိုးရွားတဲ့နာမည်ပြောင်တွေရထားတာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေက ကလေးတွေကို အလွန်အမင်းစိတ်ဓါတ်ကျစေပြီး သူတို့ကို အထီးကျန်ကာ တခြားလူတွေဆီကနေ တသီးတခြားနေတတ်သူတွေ ဖြစ်သွားစေပါလိမ့်မယ်။

    ဒါဆို သင့်ကလေးက ဘာကြောင့် သင့်ကို အဲဒီကိစ္စ ပြောမပြရတာလဲ။

    သင့်ကိုသင် ယခုမေးနေလောက်ပြီပေါ့။ အဲ့ဒါက ပထမဆုံးအနေနဲ့တော့ ကလေးဟာ သူကအွန်လိုင်းတိုက်ခိုက်အနိုင်ကျင့်မှုခံနေရပြီလို့ သေချာမသိတာလည်းဖြစ်နိုင်တယ်။ အမှန်တော့သူ့အတန်းဖော်တွေ ၊ သူငယ်ချင်းတွေက သူအနိုင်ကျင့်ခံနေရတာကိုသိလျက်နဲ့ ကူညီဖို့ ဘာမှမလုပ်ပေးတာလဲ အံ့ဩစရာပါပဲနော်။ ဒါ့အပြင် ဒီလိုအနိုင်ကျင့်ခံရမှုက သာမန်လက်တွေ့ဘဝမှာခံရတာတွေလို ထိခိုက်ဒဏ်ရာရတာတွေ၊ ပစ္စည်းတွေပျောက်ရှတာမျိုးတွေ မရှိတာကြောင့်လည်း မိဘတွေ ဆရာသမားတွေအနေနဲ့ သိနိုင်ဖို့ကခဲယဉ်းပါလိမ့်မယ်။ အဲဒီတော့ တရားခံကို သူတို့ရဲ့ ဒီဆိုးရွားတဲ့လုပ်ရပ်ကြီးကို ကျူးလွန်ဖို့ ပိုပြီးတော့လည်းယုံကြည်မှုတွေရှိလာစေတာပေါ့။

    ဒါမှမဟုတ် တခြားတစ်ဖက်ကကြည့်ရင်လည်း ကလေးတွေက လူကြီးတွေကို ဒီအကြောင်းတွေပြောပြလိုက်ရင် အနိုင်ကျင့်ခံရတာတွေပိုဆိုးလာမှာစိုးတာကြောင့်လည်းဖြစ်နိုင်သလို၊ ပြီးတော့ သူ့ကိုလူကြီးတွေက နောက်ထပ်လူမှုကွန်ရက်တွေ ဆက်အသုံးမပြုခိုင်းတော့မှာစိုးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အွန်လိုင်းပေါ်ကနေတိုက်ခိုက်အနိုင်ကျင့်ခံရတဲ့ ကလေးအများစုက စာတော်တာ ဒါမှမဟုတ် တခုခုမှာ ထူးခြားထူးချွန်နေပြီး တစ်ယောက်ထဲနေတာများတဲ့ကလေးတွေဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း သူတို့တွေက အနိုင်ကျင့်တိုက်ခိုက်ခံရမှုရဲ့ သားကောင်တွေဖြစ်လာတတ်တာပါ။ ဒါပေမယ့်လည်း အဲဒီ ကလေးတွေက ဒီလောက်နာကျင်မှုတွေ ပြဿနာတွေကြုံပြီးတာတောင် လူမှုကွန်ရက်တွေကို သဘောကျနေဆဲဖြစ်မှာပါ၊ ဘာလို့လည်းဆိုအဲဒါက သူတို့ကို တခြားလူတွေနဲ့ ဆက်သွယ်ပေးထားတဲ့ လမ်းလေးတစ်ခုဖြစ်နေလို့ပါ။

    အွန်လိုင်းပေါ်မှာတိုက်ခိုက်အနိုင်ကျင့်ခံရခြင်း၏လက္ခဏာများ

    ကလေးတွေကသူတို့ကြုံနေရတဲ့ ပြဿနာကိုမပြောပြလောက်ပေမယ့် သင်သိနိုင်တဲ့ လက္ခဏာလေးတွေကတော့ –

    • သူတို့တွေဟာ ဖုန်းတွေ ဒါမှမဟုတ် ကွန်ပျုတာတွေ အသုံးပြုပြီးတဲ့အခါ စိတ်ရှုပ်ထွေးဟန်ပေါက်ပြီး လက်တွေ့ဘဝက သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကနေ ရှောင်ဖယ်လာတာမျိုး

    • သူတို့အင်တာနက်အသုံးပြုနေချိန်မှာ သင်ဖြတ်သွားတဲ့အခါ သူတို့ဘာလုပ်နေတယ်ဆိုတာ မသိအောင်ကွယ်ဝှက်တာမျိုး၊ သင့်ကို ဖေ့စ်ဘုတ်ခ်ပေါ်မှာ သူ့ကိုမတွေ့စေချင်တာမျိုး၊ သူ ဘာလုပ်နေတယ် ဆိုတာတွေ မသိစေချင်တာမျိုးတွေ

    • သူတို့ဆီကို စာတိုလေးတွေ ဖေ့စ်ဘုတ်ပေါ်က အချက်ပြတာလေးတွေရောက်လာတဲ့အခါ ထိတ်လန့်သွားတာမျိုး၊ လိပ်ပြာမသန့်သလိုမျိုးတွေထိ ဖြစ်လာမျိုးတွေ

    • သင့်ကိုရှောင်ဖယ်ဟန်တွေပြလာတာမျိုး : သူတို့ကျောင်းမှာ ဘယ်လိုနေလဲ မေးတဲ့အခါ “ကောင်းပါတယ်” “အဆင်ပြေပါတယ်” တို့လို တိုတိုပြတ်ပြတ်ပဲဖြေတာမျိုး ( ဒါပေမယ့် အမှန်တော့ သေချာပေါက်အဆင်မပြေနေဘူးလေ) ၊ ဒါမှမဟုတ် “ကျောင်းကိုစိတ်ကုန်လာပြီ” တို့ “အတန်းထဲမှာပြဿနာတွေချည်းပဲ” တို့လို ဝိုးတိုးဝါးတားလေးတွေ ပြောလာတတ်တာမျိုး

    • ကျောင်းတွေပြေးပြီး အဆင့်တွေကျလာတာမျိုး

    • အိပ်တာ စားတာတွေမှာ ပုံမှန်မဟုတ်တော့ဘဲ အချိန်တိုအတွင်း ပိန်လာတာမျိုး၊ ဝလာတာမျိုးတွေ တွေ့ရတတ်ပါတယ်။

    အွန်လိုင်းပေါ်ကနေအနိုင်ကျင့်ခံရမှုက သင်ထင်ထားတာထက် အများကြီးပိုပြီးအန္တရာယ်များပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေ ဆယ်ကျော်သက်လေးတွေက သူတို့ကို အနိုင်ကျင့်တိုက်ခိုက်နေတဲ့လူတွေရဲ့ စကားတွေကို အတည်ကြီးယူပြီး ဖယ်ဖျောက်ဖို့အတင်းကြိုးစားတာကြောင့်မို့ပါပဲ။ အဲ့ဒါတွေက နောက်ပိုင်းမှာပါ ရေရှည် စိတ်ကျန်းမာရေးထိခိုက်မှုတွေရလာနိုင်စေသလို အဆိုးရွားဆုံးအနေနဲ့ ကလေးတွေကို ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေပြီး သတ်သေတာတွေထိ ဖြစ်သွားစေနိုင်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေ အွန်လိုင်းပေါ်မှာ တိုက်ခိုက်အနိုင်ကျင့်ခံရမှုတွေ ရပ်တန့်သွားဖို့ ကလေးတွေနဲ့ အေးအေးဆေးဆေးဆွေးနွေးတာမျိုးတွေ၊ တခြားမိဘတွေ ကျောင်းကဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးတွေအပြင် ဖြစ်နိုင်ရင် တရားဥပဒေအရပါ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement