backup og meta

ကလေးတွေမှာ ကြုံတွေ့ရတတ်တဲ့ လက်သည်း၊ခြေသည်းပြဿနာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ကြုံတွေ့ရတတ်တဲ့ လက်သည်း၊ခြေသည်းပြဿနာတွေ

    ကလေးတွေမှာ လက်သည်း၊ခြေသည်းပြဿနာတွေ ရင်ဆိုင်ရတာဟာ ပုံမှန်ပဲ လို့တောင် ပြောလို့ရတဲ့အတွက် သင့်အနေနဲ့ အထူးအထွေ စိုးရိမ်ပူပန်စရာ၊သောကရောက်စရာ မလိုပါဘူး။ သာမန်အလှအပရေးရာ ပြဿနာတခုအဖြစ်သာ ရှုမြင်ကြလေ့ရှိပါတယ်။ သင့်ကလေးမှာ အများဆုံးတွေ့ကြုံလာရနိုင်တဲ့ လက်သည်း၊ခြေသည်းဆိုင်ရာ ပြဿနာတွေကို အောက်မှာဖော်ပြထားပါတယ်။

    Beau’s lines

    Beau’s lines ဆိုတာဟာ လက်သည်းမှာ ကန့်လန့်ဖြတ်ချိုင့်နေတာကို ဆိုလိုပါတယ်။Beau’s lines တွေဟာ သင့်ကလေးရဲ့ လက်သည်းခွံလေးမှာ ကန့်လန့်ဖြတ်ပြီး အချိုင့်ကြီးအနေနဲ့ ရှိနေပါမယ်။ တကယ်တမ်းပြောရရင် ပုံမှန်မွေးကင်းစကလေးအများစုမှာ Beau’s lines တွေ ရှိနေတတ်ပါတယ်။ နည်းနည်းကြီးတဲ့ ကလေးတွေမှာတော့ အပြင်းဖျားပြီးတဲ့အခါ တွေ့မြင်နိုင်သလို ဇင့်ဓါတ်ချို့တဲ့ နေတဲ့ ကလေးတွေမှာလည်း ရှားရှားပါးပါး တွေ့မြင်နိုင်ပါတယ်။

    Koilonychia

    ကလေးတွေမှာ Koilonychia ဒါမှမဟုတ် ဇွန်းပုံစံ ခြေသည်း၊လက်သည်းတွေဟာ အနည်းငယ် အဖြစ်များပါတယ်။Koilonychia ဝေဒနာခံစားနေရတဲ့ ကလေးတွေရဲ့ လက်သည်းခြေသည်းတွေ(အထူးသဖြင့် ခြေမခြေသည်း)ဟာ ခပ်ပျော့ပျော့ဖြစ်ပြီး ခွက်နေလေ့ရှိပါတယ်။ ကလေးတွေရဲ့ ပါးလွှာ၊နူးညံ့တဲ့ လက်သည်း၊ခြေသည်းခွံတွေကြောင့် Koilonychia ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

    Koilonychia ဟာ ပုံမှန်ဖြစ်နေကျ အခြေအနေတခုမျှသာဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Koilonychia ဟာ သံဓါတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတခုလည်း ဖြစ်နေနိုင်တယ်ဆိုတာကို သတိချပ်ရပါမယ်။

    Onycholysis

    ကလေးတွေရဲ့ လက်သည်း၊ခြေသည်းတွေ မနာမကျင်ဘဲနဲ့ ကွာထွက်တဲ့ အခြေအနေကို Onycholysis လို့ခေါ်ပြီး psoriasis အရေပြားရောဂါ၊ထိခိုက်ဒါဏ်ရာရရှိခြင်း၊ခုခံအားစနစ် ထကြွလွန်းပြီး မိမိခန္ဓါကိုယ်ရဲ့ ဆဲလ်အကောင်းတွေကို တိုက်ခိုက်တဲ့ ရောဂါများ (autoimmune diseases)၊မှိုစွဲရောဂါများ သို့မဟုတ် ပွေးရောဂါများကြောင့် ဖြစ်ပွားနိုင်ပါတယ်။

    Onychoschizia

    Onychoschizia သို့မဟုတ် လက်သည်းတွေ ကွဲထွက်ခြင်းဟာ အရေပြားဆရာဝန်တွေ တွေ့မြင်နေကျ ပြဿနာတမျိုး ဖြစ်ပါတယ်။ လက်သည်း၊ခြေသည်းတွေ (အထူးသဖြင့် လက်မနဲ့ ခြေမ) ကွဲထွက်ခြင်း၊ကြွပ်ဆတ်ခြင်း၊နူးညံ့ပါးလွှာခြင်း စတဲ့အခြေအနေတွေကို ရင်ဆိုင်ရမှာပါ။ မကြာခဏ ထိခိုက်ဒါဏ်ရာ ရရှိခြင်း၊လက်မစုပ်ခြင်း ဒါမှမဟုတ် လက်သည်းကိုက်တတ်ခြင်းတွေကြောင့် ကလေးတွေမှာ Onychoschizia ခံစားရလေ့ရှိပါတယ်။

    Onychomadesis

    နာကျင်ရောင်ရမ်းတာမျိုးမရှိဘဲနဲ့ လက်သည်း၊ခြေသည်းတွေ အရင်းကနေပြီး လုံးဝကွာထွက်သွားတဲ့ အခြေအနေမျိုးကို Onychomadesis လို့ ခေါ်ပါတယ်။ လက်-ခြေ-ပါးစပ် ရောဂါလို့ခေါ်တဲ့ ရောဂါတမျိုး၊Kawasaki disease လို့ခေါ်တဲ့ ရောဂါတမျိုး ဒါမှမဟုတ် အပြင်းဖျားစေတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါတွေကြောင့် ကလေးတွေမှာ Onychomadesis ဖြစ်ပွားနိုင်ပါတယ်။

    Paronychia

    Paronychia ဝေဒနာ ခံစားနေရတဲ့ ကလေးတွေဟာ လက်သည်းထောင့်နားလေးမှာ နီရဲ၊ရောင်ရမ်းနာကျင်ခြင်း ဒါမှမဟုတ် ပြည်တွေနဲ့ ဖောင်းကားနေခြင်း အစရှိတဲ့ ဆိုးရွားပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရမှာ ဖြစ်ပြီး လက်သည်းထောင့်အစွန်နားမှာ ကူးစက်ပိုးဝင်တာကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။

    Leukonychia

    ကလေးရဲ့ လက်သည်းခွံတွေမှာ အဖြူကွက်တွေ ဖြစ်ပေါ်လာတာကို Leukonychia လို့ခေါ်ပြီး ဒါဏ်ရာအသေးအဖွဲလေးတွေကတဆင့် ဖြစ်ပေါ်လာနိုင်ပါတယ်။Leukonychia ကို ဗီတာမင် ဒါမှမဟုတ် သတ္တုဓါတ်တွေ အလွန်အကျွံစားသုံးတာကြောင့် ပေါ်လာတဲ့ လက္ခဏာတခုအဖြစ် အမှတ်မမှားသင့်ပါဘူး။

    Onychomycosis

    Onychomycosis ဟာ မှိုစွဲရောဂါတမျိုးဖြစ်ပြီး ခြေသည်းရောလက်သည်းရောမှာ ဖြစ်ပေါ်နိုင်ပါတယ်။Onychomycosis ဟာ ကလေးတွေနဲ့ စာရင် အရွယ်ရောက်ပြီးလူကြီးတွေမှာ ပိုဖြစ်တတ်တယ်ဆိုပေမယ့် ဖြစ်လာရင်လည်း ကုရခက်တာမို့ သင့်ကလေးရဲ့ လက်သည်းခွံမှာ စတင်ဖြစ်ပေါ်လာတဲ့ လက္ခဏာအသေးအဖွဲလေးက အစ လျစ်လျူမရှုသင့်ပါဘူး။

    လက်သည်းခွံချိုင့်ခြင်း

    ကလေးတွေရဲ့ လက်သည်းခွံလေးတွေမှာ အပ်ခေါင်းပေါက်အရွယ် အချိုင့်သေးသေးလေးတွေပေါ်ပေါက်လာတာကို ဆိုလိုပြီး psoriasis အရေပြားရောဂါ၊နှင်းခူ၊ကူးစက်ပိုးကြောင့် အဆစ်အမြစ်ရောင်ခြင်း ဒါမှမဟုတ် alopecia areata လို့ခေါ်တဲ့ အမွှေးတွေ အကွက်လိုက်ကျွတ်တဲ့ ရောဂါတမျိုးတို့ရဲ့ လက္ခဏာဖြစ်ပါတယ်။

    ကလေးတွေမှာ ကြုံတွေ့ရတတ်တဲ့ လက်သည်း၊ခြေသည်းခွံပြဿနာလေးတွေဟာ နောက်ခံရောဂါဇစ်မြစ်တခုခုကို တခါတရံ ညွှန်ပြနေလေ့ရှိပါတယ်။ တကယ်လို့ သင့်ကလေးရဲ့ လက်သည်း၊ခြေသည်းခွံမှာ ဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်လို့ စိတ်ထဲမရှင်းဖူး၊စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုရင် ကလေးအထူးကု ဒါမှမဟုတ် ကလေးအရေပြားအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement